သရုပ်ဆောင် လင်းလက်ဟိန်းကို ယနေ့၊ စက်တင်ဘာလ ၁၉ ရက်နေ့၊ မနက် ၅ နာရီခွဲအချိန်ခန့်က ဆူပူရမ်းကားပြီး တာဝန်ရှိသူကို အန္တရာယ်ဖြစ်အောင် တုန့်ပြန် တိုက်ခိုက်ခဲ့တာကြောင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၇ ဖြင့် အရေးယူထားတယ်လို့ သင်္ဃန်းကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးကောင်းနိုင်က ဧရာဝတီကို ပြောပါတယ်။
“ဆူပူ ရမ်းကားတယ်။ တာဝန်ရှိတဲ့သူကို အန္တရာယ် ဖြစ်လောက်အောင် တုန့်ပြန် တိုက်ခိုက်မှုနဲ့ အရေးယူထားတယ်။ ပုဒ်မ ၃၀၇ ပါ။ အခြေအနေပေါ်မှာ မူတည်ပြီး ပြုလုပ်သွားပါမယ်။ သူ တိုက်ခိုက်လိုက်တာ အုပ်ချုပ်ရေးမှူး တယောက်တည်း ဖြစ်တာ မဟုတ်ဘူး။ ရဲတပ်ဖွဲ့ဝင်တွေ ပါပါတယ်”လို့ ရဲတပ်ဖွဲ့မှူး ဦးကောင်းနိုင်က ပြောပါတယ်။
လင်းလက်ဟိန်းကိုတော့ စက်တင်ဘာ ၁၉ ရက် နံနက် ၅ နာရီခွဲခန့်မှာ သင်္ဃန်းကျွန်းမြို့နယ်၊ ဆယ်သိန်းရပ်ကွက် ရတနာပုံလမ်းတွင် အမျိုးသားတဦး ဓားကိုင်ကာ မူးယစ်သောင်းကျန်းနေကြောင်း ရပ်ကွက်နေပြည်သူများရဲ့ ဖုန်းဆက် အကြောင်းကြားမှုကြောင့် သွားရောက် ဖမ်းဆီးခဲ့ရာ လင်းလက်ဟိန်းမှ လက်နက် မချဘဲ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရိုက်နှက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တဦးကို ကတ်ကြေးဖြင့်ပြေးထိုးခဲ့တယ်လို့ သိရပါတယ်။
အခုလိုမျိုး လင်းလက်ဟိန်းရဲ့တုန့်ပြန်မှုကြောင့် ရဲတပ်ဖွဲ့ဝင်က အသင့်ဆောင်ထားတဲ့ ၁၂ ဗို့ ပန့်အက်ရှင်သေနတ်နဲ့ သူ့ရဲ့အောက်ပိုင်းကို တချက် ပစ်ခတ် ဖမ်းဆီးခဲ့ရတယ်လို့သိရပါတယ်။
လင်းလက်ဟိန်းရဲ့ အပြုအမူများဟာ မူးယစ်ဆေးဝါးကြောင့်ဖြစ်တယ်ဆိုတဲ့ စကားများ ထွက်ပေါ်လာတဲ့အပေါ်မှာတော့ သင်္ဃန်းကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးကောင်းနိုင်က အခုလို ပြန်လည် ပြောကြားခဲ့ပါတယ်။
“ဥပဒေအသစ်အရ သူဆေးသုံးစွဲနေတယ်ဆိုတာ မှန်သည့်တိုင်အောင် ဥပဒေအရ အရေးယူလို့ မရပါဘူး။ ဒီဘက် အစိုးရ လက်ထက်မှာ လူငယ်တွေဟာ ဆေးသုံးစွဲထားတာသိလို့ ဆေးစစ်လို့ တွေ့ခဲ့ရင်တောင် ဆေးဖြတ် ဆေးရုံပဲ ပို့ရပါမယ်”လို့ ရဲတပ်ဖွဲ့မှူး ဦးကောင်းနိုင်က ပြောပါတယ်။
သေနတ်ပစ်ဖမ်းဆီးခဲ့မှုကြောင့် လင်းလက်ဟိန်းရဲ့ ညာဘက်ပေါင်ရင်းမှာ ပေါက်ပြဲဒဏ်ရာရရှိခဲ့ပြီး ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။