မျက်စိမမြင်ဘဲ အော်တစ်ဇင်ရောဂါ ခံစားနေရသူ အသက် ၂၂ နှစ်အရွယ် Kodi Lee ဟာ “Bridge Over Troubled Water” ဆိုတဲ့သီချင်းကို America’s Got Talent အစီအစဉ် ကွာတားဖိုင်နယ်အဆင့်မှာ သီဆိုဖျော်ဖြေပြီးခဲ့တဲ့နောက် အခု Season မှာ ချန်ပီယံဖြစ်မယ်လို့ ပရိသတ်က ထင်ကြေးပေးခဲ့ကြတာပါ။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၈ ရက်နေ့မှာတော့ ပြိုင်ပွဲဝင် Kodi ဟာ AGT အစီအစဉ်ရဲ့ ၁၄ ခုမြောက် Season မှာ ချန်ပီယံဖြစ်ခဲ့ပြီး ဒေါ်လာ ၁ သန်းကို ရရှိပိုင်ဆိုင်သွားခဲ့ပြီဖြစ်ပါတယ်။ ဒါအပြင် လာမယ့် နိုဝင်ဘာလ ၇ ရက်ကနေ ၁၀ ရက်နေ့အထိ လတ်ဗေးဂတ်စ်မြို့က Paris Las Vegas Hotel & Casino မှာ ပြုလုပ်မယ့် ဖျော်ဖြေပွဲတွေမှာလည်း ပါဝင်လာဖို့ အခွင့်အရေး ရသွားခဲ့ပြီဖြစ်ပါတယ်။
မျက်စိမမြင်ဘဲ အော်တစ်ဇင်ရောဂါ ခံစားနေရသူ Kodi ဟာ အခုလိုမျိုး အောင်မြင်မှုသရဖူဆောင်းဖို့ အစောပိုင်းကတည်းက ထင်ကြေးပေးခံထားရတာလည်း ဖြစ်ပါတယ်။
သူဟာ ဒိုင်တွေဖြစ်တဲ့ Simon Cowell နဲ့ မင်းသမီး Gabrielle Union တို့က အထူးအကြိုက်တွေ့ခဲ့ကြပြီး ပထမဆုံး လူရွေးပွဲမှာကတည်းက ပရိသတ်တွေ အထူးအားပေးမှုကို ခံခဲ့ရသူလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၈ ရက်နေ့မှာတော့ နောက်ဆုံး ပြိုင်ပွဲဝင် ၈ ဦးက Kodi နဲ့ မယှဉ်နိုင်လောက်အောင် ဖြစ်ခဲ့ပါတယ်။
သူ့ရဲ့ အနိုင်ရမှုဟာလည်း သူ့ရဲ့ ပါရမီ အရည်အချင်းကို စောစောစီးစီးတွေ့ရှိခဲ့ပြီး အခုလိုမျိုး ပြိုင်ပွဲဝင်ပြိုင်နိုင်တဲ့အထိ လမ်းကြောင်းပေါ်ရောက်ဖို့ တွန်းအားပေးခဲ့တဲ့ မိခင်ဖြစ်သူအတွက် အောင်နိုင်မှုလည်း ဖြစ်ပါတယ်။
မိခင်ဖြစ်သူ မစ္စစ် Tina Lee က “သူက ဖျော်ဖြေသူတယောက်ဆိုတာ ကျမ ယုံကြည်ခဲ့ပါတယ်။ ဂီတနဲ့ ဖျော်ဖြေမှုကနေ သူဟာ အော်တစ်ဇင် ဖြစ်နေတာတောင် ဒီကမ္ဘာကြီးမှာ ရှင်သန်နေထိုင်နိုင်ခဲ့ပါတယ်။ လူတိုင်းအတွက် တကယ့်ကို လုပ်ဖို့ခက်တဲ့ အရာတခုလည်း ဖြစ်ပါတယ်။ ဂီတကို ဖန်တီးသီဆိုရင်းနဲ့ သူ့ရဲ့ဘဝကို ကယ်တင်ခဲ့တာလည်း ဖြစ်ပါတယ်”လို့ ဆိုပါတယ်။
အခုတော့ ဒေါ်လာ ၁ သန်းကို ဘယ်လို စီမံခန့်ခွဲပြီး သုံးစွဲမယ်ဆိုတာ ဆုံးဖြတ်ရပါတော့မယ်။ သူ့မိခင်က “Kodi ဟာ ဖြစ်နိုင်ရင် အရောင်စုံရှိတဲ့ အထူး စန္ဒရား တခုကို ပိုင်ဆိုင်ချင်တာပါ” လို့ Good Housekeeping မဂ္ဂဇင်းနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာ ဖြေဆိုခဲ့ပါတယ်။
Ref:asiaone
You may also like these stories:
America’s Got Talent ဆီမီးဖိုင်နယ်ကို ရောက်လာတဲ့ မွမ်ဘိုင်းမြို့မှ V Unbeatable အကအဖွဲ့
‘America’s Got Talent’ ပြိုင်ပွဲမှာ Winner ဆုကို မျက်လှည့်ပညာရှင် Shin Lim ရရှိ