ဂိမ်းဆော့ရတာ ဝါသနာပါတဲ့ အဆိုတော် လွှမ်းပိုင်ကတော့ ဂိမ်းတော်တော်များများကို ဆော့ရတာ သဘောကျပြီး Limit မရှိတဲ့ ဂိမ်းတွေကို ကြိုက်တယ်လို့ ပြောပါတယ်။
“ဂိမ်းတိုင်းကိုတော့ ကြိုက်တာ မဟုတ်ဘူး။ ငါကတော့ ဂိမ်းရူးတဲ့ ကောင်ဆိုပြီးတော့ တွေ့သမျှဂိမ်းတိုင်း အကုန်ကြိုက်တယ်။ အဲ့လိုမျိုးတော့ မဟုတ်ဘူး။ ကြိုက်တဲ့ဟာလည်း ကြိုက်တယ်။ မကြိုက်တာလည်း မကြိုက်ဘူး။ များသောအားဖြင့် လျှောက်လုပ်ရတဲ့ ဂိမ်းတွေ ကြိုက်တယ်”
“ဥပမာ ကျနော်တို့ စစ်တိုက်တဲ့ဂိမ်း PUBG ကို ဘာလို့ကြိုက်လဲဆိုရင် စည်းမျဉ်းစည်းကမ်း မရှိဘူး။ ကျနော်တို့ ဆော့ချင်တိုင်း ဆော့လို့ရတယ်။ Limit မလုပ်ရတဲ့ ဂိမ်းတွေကို ကြိုက်တယ်”လို့ အဆိုတော် လွှမ်းပိုင်က ပြောပါတယ်။
လွှမ်းပိုင်ကတော့ ဂိမ်းကို အချိန်အားလည်းဆော့သလို၊ မအားလည်း ဆော့ဖြစ်ပြီး ဂိမ်းဆော့တာ ကောင်းပေမယ့် တန်ဆေးလွန်ဘေး သဘောရှိတာကြောင့် အရမ်းလွန်ရင်တော့ မကောင်းဘူးလို့ ပြောပါတယ်။
“ကျနော်က ဂိမ်းကို အားလည်း ဆော့တယ်၊ မအားလည်း ဆော့တယ်။ တော်တော်များများ ဆော့ဖြစ်ပါတယ်။ ဂိမ်းဆော့တာ ကောင်းပါတယ်။ ဒါပေမယ့် တန်ဆေးလွန်ဘေးပေါ့။ ကောင်းတာတွေလည်း ရှိတယ်။ ဘယ်ဟာမှတော့ အရမ်းလွန်ရင် မကောင်းပါဘူး”လို့ လွှမ်းပိုင်က ပြောပါတယ်။
လွှမ်းပိုင်ရဲ့သီချင်းအသစ်များကို စောင့်မျှော်နေတဲ့ ပရိသတ်တွေအတွက်လည်း ဒီလအတွင်းမှာ သီချင်းအသစ်တင် ပေးဖို့ရှိပြီး ၁ ပုဒ် သို့မဟုတ် ၂ ပုဒ် တင်သွားမယ်လို့ သိရပါတယ်။
“ဒီလထဲမှာ ကျနော် သီချင်းထွက်ဖို့ ရှိပါတယ်။ ၁ ပုဒ်၊ ဒါမှမဟုတ် ၂ ပုဒ်ပေါ့။ ကျနော် စဉ်းစားနေတာ ဘယ်နှပုဒ်ထုတ်ရင် ကောင်းမလဲ ဆိုပြီးတော့။ ဘယ်လိုပုံစံမျိုးလဲဆိုရင် ၂ ပုဒ်ထွက်ဖြစ်မယ်ဆိုရင် ၁ ပုဒ်ကအမြူးသီချင်းဖြစ်မယ်။ နောက်တပုဒ်လည်း အမြူးသီချင်းပဲဖြစ်မယ် ထင်ပါတယ်”လို့ လွှမ်းပိုင်က ပြောပါတယ်။
သီချင်းဖန်တီးရေးသားတဲ့အခါမှာ ဒီခေတ်ကြီးရဲ့ဗန်းစကားများကိုတော့ ထည့်ဖြစ်ပြီး ကိုယ်တိုင် ဖန်တီးတဲ့စကားလုံးရယ်လို့ မကြိုးစားဖူးဘူးလို့ သိရပါတယ်။
“ကိုယ်ဖန်တီးတဲ့ စကားလုံးကို ကိုယ်တယောက်တည်း နားလည်ပြီး သူများတွေ နားမလည်ရင် ဘယ်လို လုပ်မလဲ။ ဒီခေတ်ကြီးကတော့ ဗန်းစကားပေါ့။ ဗန်းစကား တော်တော်များများတော့ ထည့်ဖြစ်ပါတယ်။ ကိုယ်ဖန်တီးတဲ့ စကားလုံးရယ်လို့ မကြိုးစားဖူးပါဘူး”လို့ လွှမ်းပိုင်က ပြောပါတယ်။
မကြာခင်မှာလည်း လွှမ်းပိုင် ပါဝင်သရုပ်ဆောင်ထားတဲ့ “အခွင့်မရှိ မဝင်ရ” ဆိုတဲ့ဇာတ်ကားကို Skynet Pay Par View မှာ ပြသသွားဖို့ရှိပြီး အကယ်ဒမီ လူမင်း ၊ အကယ်ဒမီ အေးမြတ်သူတို့နဲ့ အတူ တွဲဖက်သရုပ်ဆောင်ထားပါတယ်။
“ဒီကားထဲမှာ ကျနော့် ဝိညာဉ်က အန်ကယ်လေး ခန္ဓာကိုယ်ထဲ ရောက်သွားတာ။ အန်ကယ်လေးက ဘုံပျောက်နေတဲ့ပုံစံ၊ တခြားသူတွေရဲ့အမြင်မှာတော့ အန်ကယ်လေးပဲ။ ဒါပေမယ့် ကျနော်က အန်ကယ်လေး နေရာမှာဖြစ်နေတာ။ ဒါရိုက်တာလည်း တော်ပါတယ်။ တဖွဲ့လုံးလည်း ကြိုးကြိုးစားစား လုပ်ထားပါတယ်” လို့ လွှမ်းပိုင်က ပြောပါတယ်။
လူမင်းနဲ့ တွဲဖက် သရုပ်ဆောင်ရတဲ့အပေါ်မှာလည်း လွှမ်းပိုင်က “ကျနော် ငယ်ငယ်ကတည်းက ကြိုက်ရတဲ့မင်းသားတွေထဲမှာ အန်ကယ်လေး (လူမင်း)၊ ကိုသားကြီး (ဒွေး)၊ ဦးလွင်မိုး ကြိုက်တယ်။ အန်ကယ်လေးဆိုရင် သူ့ကားတွေကြည့်ရင် Relax ဖြစ်တယ်။ Entertain ဖြစ်စေတဲ့ မင်းသားထဲမှာ ပါတယ်”
“အပြင်မှာ သရုပ်ဆောင်တော့ တွေ့တဲ့အခါမှာ ရုပ်ရှင်ထဲက လူကြီးအတိုင်းပဲလို့ ပြောလိုက်သေးတယ်။ သရုပ်ဆောင်ထားတာနဲ့ မတူဘူးလို့။ ကျနော်တို့ထင်တာက အပြင်မှာကတမျိုး၊ အထဲမှာကကျတော့ အိုက်တင်လုပ်ပြီး တမျိုးလို့ ထင်တာ။ သူကျတော့ မဟုတ်ဘူး ဒီတိုင်းပဲ။ ရုပ်ရှင်ကြည့်ရတဲ့ အတိုင်းပဲ”လို့ ပြောပါတယ်။
သရုပ်ဆောင်အဖြစ် လုပ်ကိုင်နေပြီဖြစ်တဲ့ လူငယ် အဆိုတော် လွှမ်းပိုင်ကတော့ ထပ်မံပြီးတော့လည်း ၁၁ ပို င်းမှာ ရုပ်ရှင်ကားကြီးတကား ရိုက်ကူးဖို့ရှိပြီး နောက်နှစ်ထဲမှာတော့ နေတိုး၊ နီနီခင်ဇော်တို့နဲ့အတူ Musical ရုပ်ရှင်ဇာတ်ကားတကား ရိုက်ဖို့ရှိတယ်လို့ သိရပါတယ်။