၂၀၁၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ ထိုင်ဝမ်ရုပ်ရှင် “You are the Apple of My Eye” ဇာတ်ကားကို ဂျပန်နိုင်ငံက Remake ပြန်လည် ရိုက်ကူးထားပြီး “You are the Apple of My Eye” နာမည်ပဲ ထပ်တူပေးထားတဲ့ ဇာတ်ကား ၂၀၁၈ ခုနှစ်မှာ ထွက်ရှိလာခဲ့ပါတယ်။
မင်းသား ယူကီ ယာမာဒါ နဲ့ မင်းသမီး အာဆူကာ ဆာအီတိုတို့ အဓိက ပါဝင်ထားပြီး ငယ်ဘဝ ကြုံတွေ့ခဲ့ရတဲ့ ကျောင်းသားဘဝ အဖြစ်အပျက်တွေနဲ့ ငယ်ချစ်ဦးအကြောင်းကို ပုံဖော် ရိုက်ကူးထားတဲ့ ဒရာမာ ဇာတ်ကားကောင်းတကားလည်း ဖြစ်ပါတယ်။
ထိုင်ဝမ် ဇာတ်ကားတုန်းကလည်း ပရိသတ် အကြိုက်တွေ့ခဲ့ကြသလို၊ ဂျပန် Remake အဖြစ် ပြန်လည် ရိုက်ကူးတဲ့အခါမှာလည်း တမူ ထူးခြားတဲ့ အရသာကို ခံစားရမှာပါ။ မင်းသမီး ဆာအီတိုနဲ့ အသက် ၈ နှစ် လောက် ကွာခြားပေမယ့် ဇာတ်ကားထဲမှာ အထက်တန်း ကျောင်းသားအရွယ်အတိုင်း ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့တဲ့ မင်းသား ယာမာဒါရဲ့ ငယ်ရွယ်နုပျိုမှုကလည်း အံ့သြလောက်စရာပါ။
ဇာတ်လမ်းအကျဉ်းကတော့ နယ်မြို့လေး တမြို့က အထက်တန်းကျောင်းမှာ ပညာသင်ကြားနေတဲ့ ဆယ်ကျော်သက်အရွယ် သူငယ်ချင်းတစု အကြောင်းနဲ့ အစချီထားပါတယ်။ ကိုဇူကီ (ယူကီ ယာမာဒါ) ရဲ့ မိဘ တွေဟာ တို့ဟူးဆိုင် ဖွင့်ထားပြီး အေးချမ်းပျော်ရွှင်စွာနဲ့ ဘဝကို ဖြတ်သန်းနေကြသူတွေပါ။ ကိုဇူကီမှာ စရိုက်အမျိုးမျိုးရှိတဲ့ သူငယ်ချင်း ၄ ယောက် ရှိပါတယ်။
မိုင် (အာဆူကာ ဆာအီ) ကတော့ သူ့တို့အတန်းထဲက စာတော်တဲ့ စံပြကျောင်းသူ တယောက်ပါ။ မိဘတွေကလည်း ပညာတတ်တွေဖြစ်လို့ သမီးကို ထူးချွန်ကျောင်းသူ ဖြစ်စေချင်တာကြောင့် အမြဲပဲ စာကျက်ရင်းအချိန်ကုန် နေရသူပါ။
ကိုယ်ခံပညာသိုင်းသင်ရင်း အချိန်ကုန်နေတဲ့ ကိုဇူကီဟာ စာကျက်ပျင်းတာကြောင့် အတန်းထဲမှာ အမြဲတမ်းလိုလို ဘိတ်ဆုံးနေရာမှာ ရှိနေခဲ့တာပါ။ ဒါကြောင့်လည်း ဆရာက သူ စာလိုက်နိုင်အောင်ဆို ပြီး အတန်းထဲက စံပြ ကျောင်းသူလေးရဲ့ ခုံရှေ့မှာ သွားထားလိုက်ရာက “You are the Apple of My Eye” ဇာတ်လမ်းလေး ဖြစ်လာခဲ့ပါတယ်။
ကိုဇူကီ မလိုက်နိုင်တဲ့ စာတွေကို မိုင်က အချိန်ပိုသင်ပေးရင်း နှစ်ယောက်ကြားမှာ သံယောဇဉ်လေးတွေ ငြိလာပါတော့တယ်။ ဖြစ်ချင်တော့ စာတော်ရုံတင် မဟုတ်ဘဲ ချောမောလှပတဲ့ မိုင့်ကို ကိုဇူကီ သူငယ်ချင်းတွေကပါ စိတ်ဝင်စားနေတဲ့အခါ သူတို့သူငယ်ချင်းတွေကြားက ပြိုင်ဆိုင်မှုတွေ၊ ချစ်ခြင်းမေတ္တာ တရားတွေနဲ့ ငယ်ဘဝ ပုံရိပ်တွေကို ဘယ်လိုပုံစံနဲ့ ပုံဖော်သွားကြမလဲ။
အချိန်တန်အရွယ်ရောက်လာတော့ ငယ်ချစ်ဦးပုံရိပ်တွေက လွမ်းမောစရာဖြစ်လာမလား။ တလျှောက်လုံး ဖွင့် မပြောခဲ့တဲ့ ကိုဇူကီတယောက် နောက်ဆုံး မိုင်ကို ဖွင့်ပြောပြီး Happy Ending ပဲ ဖြစ်သွားမလား ဆိုတာကတော့ ဇာတ်လမ်းလေးထဲမှာပဲ အဖြေရှာကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
ဒီဇာတ်ကားက လူတော်တော်များများရဲ့ ဖြတ်သန်းလာကြတဲ့ ငယ်ဘဝပုံရိပ်တွေနဲ့ ထပ်တူကျလွန်းလို့ အစကနေအဆုံးအထိ ဂျပန်ဗာရှင်းနဲ့ ပြန်လည် ဆွဲခေါ်သွားဦးမယ့် “You are the Apple of My Eye” ဇာတ်ကားကို ကြည့်ရှုဖို့ ညွှန်းဆိုလိုက်ပါတယ်။
You may also like these stories:
“ဘုရားသခင်ဟာ နေရာတိုင်းမှာ ရှိမနေဘူး။ ဒါကြောင့် အမေတွေကို ဖန်ဆင်းခဲ့တယ်”ဆိုတဲ့ Mom (2017)
ပြသပြီး လေးရက်အတွင်း ကြည့်ရှုသူ ၂ သန်းကျော်နဲ့ ထိပ်ဆုံးမှာ ရပ်တည်လိုက်တဲ့ The Bad Guys