ဒါရိုက်တာ ပြည်ဟိန်းသီဟ မကြာခင် ရိုက်ကူးမယ့် “PLAYERS” ဇာတ်ကားမှာ Biker တယောက်အနေနဲ့ ပါဝင် သရုပ်ဆောင်မယ့် အေးချမ်းမောင်က ဆိုင်ကယ် တကယ် မောင်းပြရမှာဖြစ်တာကြောင့် ကြိုတင်ပြင်ဆင် လေ့ကျင့်နေတယ်လို့ ဆိုပါတယ်။
“PLYERS ဇာတ်ကားမှာ ကျနော်ရယ်၊ တိုင်ရွန်ရယ်၊ ဆောင်းဝတ်ရည်မေရယ် ၃ ယောက်က သူငယ်ချင်း အချစ်ဇာတ်လမ်းလေးနဲ့ အခန်းကဏ္ဍ တခုအနေနဲ့ ပါတာပေါ့။ ဒီကားမှာ ဆိုင်ကယ်စီးရတဲ့ အခန်းတွေ ပါတော့ ကျနော် Racing ဘီးတွေ ဆိုတော့ ဆိုင်ကယ်စီးဖို့အတွက် ကြိုကျင့်ရပါတယ်”
“တကယ်မောင်းပြရမှာဖြစ်လို့ ကြိုတင်ပြင်ဆင် လေ့ကျင့်နေတယ်။ အရင်က မစီးဖူးတော့ စလေ့ကျင့်တုန်းက စိုးရိမ်နေတာ။ အခုတော့ လေ့ကျင့်နေတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိလာတယ်။ ဇာတ်ကားတွေ ရိုက်ထားတာတွေ ရှိပါတယ်။ ရုံမတင်ဖြစ်သေးတာတွေလည်း ရှိတယ်။ ရှေ့မှာတော့ ‘ပုရိသ’ ကားလေး တင်ထားတယ်။ ဇာတ်လမ်းတွဲလည်း ရိုက်ဖို့ ရှိပါတယ်။ ကျနော်အတွက် PLAYERS ဇာတ်ကားက ဒုတိယမြောက် ရုံကြီးကားပါ”လို့ အေးချမ်းမောင်က ပြောပါတယ်။
သူ ပါဝင် သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေကို ပရိသတ်အားပေးပြီး ကောင်းတယ်လို့ ချီးကျူးတဲ့အတွက် ဝမ်းသာတယ်လို့ အေးချမ်းမောင်က ဆိုပါတယ်။
“ကျနော့် ကားလေးတွေ ပရိသတ်တွေကြည့်ပြီး ကောင်းတယ်လို့တော့ ပြောကြတယ်။ အဲ့အတွက် ဝမ်းလည်း ဝမ်းသာတယ်။ ကျေးဇူးလည်း တင်ပါတယ်။ ကျနော်က သရုပ်ဆောင်တယောက် ဖြစ်တာကြောင့် ကာရိုက်တာစုံအောင် မျိုးစုံ လုပ်ဖူးချင်တယ်။ ကာရိုက်တာ ရွေးချယ်ပိုင်ခွင့် မရှိပါဘူး။ ရလာတဲ့ ကာရိုက်တာအပေါ် ကောင်းအောင် ဘယ်လိုလုပ်ရမလဲပဲ စဉ်းစားရမှာပေါ့”လို့ အေးချမ်းမောင်က ပြောပါတယ်။
ဆက်လက်ပြီး အေးချမ်းမောင်က သူ့အနေနဲ့ ကာရိုက်တာ မျိုးစုံ သရုပ်ဆောင်ချင်ပြီး သွေးအေးအေးနဲ့ ရက်စက်တတ်တဲ့ ကာရိုက်မျိုးကို သရုပ်ဆောင်ကြည့်ချင်တယ်လို့ ပြောပါတယ်။
“ကျနော်လည်း ကာရိုက်တာ မျိုးစုံအောင် လုပ်ကြည့်ချင်ပါတယ်။ ကျနော် လုပ်ချင်ကြည့်တဲ့ ကာရိုက်တာတော့ ရှိတယ်။ သွေးအေးအေးနဲ့ ရက်စက်တတ်တဲ့ သူတယောက်ပေါ့။ အဲ့လို ကာရိုက်တာကို ရိုက်ချင်သေးတယ်။ ကျနော် သရုပ်ဆောင်ထားတဲ့ ကားတွေလည်း ပြန်ကြည့်ဖြစ်ပါတယ်။ ပြန်ကြည့်မှလည်း ကိုယ့်အမှားကိုယ် သိတာလေ။ လိုအပ်ချက်တွေကိုလည်း အများကြီး တွေ့ရပါတယ်။ လိုအပ်ချက်တွေလည်း ကြိုးစားပြင်ဆင်သွားမှာပါ”လို့ အေးချမ်းမောင်က ပြောပါတယ်။
အေးချမ်းမောင်ဟာ မော်ဒယ်လောကကနေ သရုပ်ဆောင် လုပ်ကိုင်လာသူ တယောက်ဖြစ်ပြီး ဇာတ်ကားများစွာမှာ ပါဝင် သရုပ်ဆောင်ထားပါတယ်။ သူပါဝင်မယ့် “PLAYERS” ရုပ်ရှင်ဇာတ်ကားကြီးကို Bo Bo ရုပ်ရှင် ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာ ပြည်ဟိန်းသီဟ ရိုက်ကူးသွားမှာပါ။
ဒီဇာတ်ကားမှာတော့ သရုပ်ဆောင်များအနေနဲ့ မြင့်မြတ်၊ ထွန်းထွန်း၊ တိုင်ရွန်၊အေးချမ်းမောင်၊ စိုးမြတ်သူဇာ၊ အိချောပို၊ မေမီကိုကိုနဲ့ ဆောင်းဝတ်ရည်မေ တို့က အဓိက ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
You may also like these stories:
“PLAYERS” ရုပ်ရှင်မှာ Biker Girl အဖြစ် သရုပ်ဆောင်မယ့် ဆောင်းဝတ်ရည်မေ
ပရိသတ်တွေ ကြိုက်မယ့် ဇာတ်ကားမျိုးကို ရွေးချယ် ရိုက်ဖြစ်တဲ့ အိချောပို