သဘင်လောကမှ နိုင်ငံကျော် ဇာတ်မင်းသားဖိုးချစ်အနေဖြင့် စတိတ်ရှိုး မဆိုချင်၍ မဆိုခြင်းသာဖြစ်ပြီး သဘင်အစည်းအရုံး ဥက္ကဋ္ဌတယောက်အနေဖြင့် လုပ်ပိုင်ခွင့် အာဏာမရှိဟု ဇာတ်မင်းသား ဖိုးချစ်က ပြောသည်။
“စတိတ်ရှိုး ဆိုချင်တဲ့ပွဲ ဆိုတယ်၊ မဆိုချင်တဲ့ပွဲ မဆိုဘူး။ ဒါက ကျနော့်ရဲ့အခွင့်အရေးလေ။ အဲဒီတော့ ကျနော် မဆိုလို့ အခြားသူတွေ မဆိုရဘူးလို့ ပြောဖူးတာရှိခဲ့လား။ ကျန်တာ မပြောပါနဲ့၊ ဖိုးချစ် စီစဉ်သောဆိုပြီး ခေါင်းစဉ်တပ်ထားတဲ့ ကလေးတွေကိုတောင် တယောက်မှ မပြောခဲ့ဘူး။ ပြောချင်တာက ကျနော် မဆိုတာနဲ့ဘဲ အစည်းအရုံးက စည်းကမ်းထုတ်သလိုလို စည်းကမ်းထုတ်တော့မှာလိုလိုနဲ့ ထင်နေကြတယ်။ မကွဲပြားကြဘဲနဲ့ ထင်ရာကို တွေးနေကြတယ်။ ကျနော့်မှာ အဲဒီလို အာဏာ မရှိဘူး။ ကျွန်မှ အောက်ဆုံးရောက်နေတဲ့ သဘင့် ကျွန်အဆင့်ပါ”ဟု ဖိုးချစ်က ပြောသည်။
ထို့အပြင် သဘင်လောကသားများအနေဖြင့် ဇာတ်မင်းသား ဖိုးချစ်နှင့် သဘင်အစည်းအရုံး ဥက္ကဋ္ဌ ဖိုးချစ်အား ခွဲခြားမြင်တတ်ရန် လိုအပ်ပြီး ဘဝတူ သဘင်လောကသားများ၏ အခက်အခဲများကိုလည်း နားလည်သိမြင်နေကြောင်း ပြောပြသည်။
“မင်းသားဖိုးချစ်နဲ့ အစည်းအရုံးဥက္ကဋ္ဌ ဖိုးချစ်ကို ခွဲခြားပြီးတော့မှ တချို့ကိစ္စတွေမှာ ကွဲကွဲပြားပြား မြင်နိုင်ဖို့ လိုပါတယ်။ ဖိုးချစ်တယောက်အနေနဲ့ Personal အရ ဆိုချင်တဲ့အခါ ဆိုမယ်၊ မဆိုချင်တဲ့အခါ မဆိုပါဘူး၊ ဒါ အစည်းအရုံးရဲ့ စည်းကမ်း မဟုတ်ပါဘူး။ ဒါလေးလည်း နားလည်စေချင်ပါတယ်။ ကျနော့်အနေနဲ့ ဖမ်းချင်တိုင်းလည်း ဖမ်းမရဘူး။ တရားစွဲချင်တိုင်လည်း စွဲမရဘူး၊ ပိတ်ချင်တိုင်း ပိတ်လို့မရဘူး”
“အဲဒီလိုမျိုး လုပ်နိုင်လောက်တဲ့ အခွင့်အာဏာ ကျနော့်မှာ မရှိပါဘူး။ သိပ်မစိုးရိမ်ပါနဲ့ ပြီးတော့ လောကရဲ့ လက်ရှိဖြစ်နေတဲ့ အနေအထားရယ်၊ ရပ်တည်မှုရယ်ကို ဘဝတူတွေဖြစ်နေတဲ့အတွက် ကျနော် အများကြီး နားလည်ပါတယ်။ ဒါကြောင့် ကျနော့်အနေနဲ့ အကုန်လုံးကို စည်းကမ်းထုတ်နိုင်လောက်တဲ့ အနေအထားမျိုး မရှိပါဘူးလို့ ပြောချင်တယ်”ဟု ဖိုးချစ်က ဆက်လက်ပြောသည်။
မြို့ရွှေမန်းသား ဇာတ်အဖွဲ့အနေဖြင့် ကပြဖျော်ဖြေရာတွင် လွန်ခဲ့သည့် ၃ နှစ်ခန့်မှ စ၍ “ငါသည်အောင်ဆန်း” ပြဇာတ် ကပြသည့်ညများတွင် စတိတ်ရှိုး မဆိုခဲ့ခြင်းကို သတိမထားမိကြသော်လည်းပြီးခဲ့သည့် တောင်ပြုန်းပွဲတော်တွင် စတိတ်ရှိုး အစီအစဉ် မပါဝင်ဟု တရားဝင်ကြေညာပြီး ဝင်ရောက် ကပြခဲ့သည်။
“ကျနော်ဘာသာ မဆိုချင်လို့ စတိတ်ရှိုး မဆိုတာ ဘယ်သူ့ ဘာပြောလို့လဲ။ နောက်ပြီး ပြီးခဲ့တဲ့ ၃ နှစ်လောက်ကတည်းက ‘ငါသည်အောင်ဆန်း’ ပြဇာတ် ကတဲ့ညတွေဆိုရင် စတိတ်ရှိုး မဆိုဘူးလေ။ ဒါကို ဘယ်သူမှ သတိမထားမိခဲ့ကြပါဘူး။ တောင်ပြုံးပွဲမှာတော့ ပွဲကလည်း ပျော်ပြီး သောက်ကြစားကြလေ့ရှိတဲ့ ပွဲဆိုတော့ မူးပြီးလာကြမယ့် ၄၊ ၅ ယောက်လောက်သော သူတွေက စတိတ်ရှိုး မဆိုရကောင်းလားဆိုပြီး ရစ်မှာဆိုးလို့ စတိတ်ရှိုးမပါဘူး မလာနဲ့လို့ ကြေညာပေးလိုက်တာ၊ ဒီသဘောပါပဲ”ဟု ဖိုးချစ်က ဆိုသည်။
ယခုနှစ် တောင်ပြုန်းပွဲတော်တွင် စတိတ်ရှိုးကဏ္ဍ မပါဝင်ခဲ့သော်လည်း ဖျော်ဖြေမှုပုံစံ သီးခြားအစားထိုးခြင်းများ မပြုလုပ်ခဲ့ဟု သိရသည်။
“ဖျော်ဖြေမှုပုံစံကတော့ ကျနော် တရားရှင်တို့ ကျိုက်ထီးရိုးသိုက်သမိုင်းတို့ နောက်ပိုင်းဇာတ်လမ်းတွေ ကတယ်။ အော်ပရာတွေလည်း ကပါတယ်။ ကျနော်က အရင်ကတည်းက အချိန်မလောက်ဘူးဗျ။ သီချင်း သီးခြားသီဆိုတဲ့ စတိတ်ရိူး မပါသည့်တိုင်အောင် သီးခြားကြီး အစားထိုးစရာရယ်လို့လည်း မရှိပါဘူး။ သီးခြားကြီးရယ်လို့ ပြောင်းလဲတာမျိုး မရှိပါဘူး။ ကနေကျ ပုံစံလေးကိုမှ နည်းနည်း ဆန်းသစ်အောင်၊ ပရိတ်သတ် စိတ်ဝင်စားအောင် ကြိုးစားသွားဖို့ပဲ ရှိပါတယ်”ဟု ဖိုးချစ်က ပြောသည်။
ဖိုးချစ်အနေဖြင့် ဆက်လက် ဖျော်ဖြေ ကပြမည့်ပွဲတော်များတွင်လည်း စတိတ်ရှိုးကဏ္ဍအား အပြီးဖြုတ်ခြင်းမျိုး မဟုတ်ဘဲ ဆိုချင်သည့်ပွဲ ဆိုသွားမည်ဟု ပြောသည်။
“ကျနော်က လွန်ခဲ့တဲ့ ၆ နှစ်လောက်ကတည်းက ကျနော့် Plan နဲ့ ကျနော်သွားတာပါ။ ဘယ်အချိန်မှာ ဘာတွေလုပ်မယ်ဆိုတဲ့ ရည်မှန်းချက် ရှိတယ်။ Plan လေးတွေ ရှိတယ်။ တခြားကဏ္ဍ ရည်ရွယ်တာ တခြားကြောင့် ချက်ချင်း စီစဉ်တာမျိုးတွေ လုံးဝ မဟုတ်ပါဘူး။ မဖြစ်မနေ ဒါကို လုပ်တော့မယ်လည်း မဟုတ်ဘူး။ ကျနော် ဆိုချင်တဲ့ပွဲ ဆိုမယ်။ ဆိုလို့ မလွယ်တဲ့ပွဲဆိုလည်း မဆိုဘူးပေါ့။ ဆိုလိုချင်တာကတော့ အဲဒီလိုမျိုးလေးပါ။ ဒါပေမယ့် ကျနော်တို့တွေရဲ့ ရည်မှန်းချက်ပန်းတိုင်ကတော့ ဘယ်အထိသွားမလဲဆိုတဲ့ ရည်မှန်းချက်ကတော့ ကျနော်တို့ ရင်ထဲမှာ ရှိပြီးသားပါ”ဟု ဖိုးချစ်က ဧရာဝတီကို ပြောသည်။
ဇာတ်မင်းသား ဖိုးချစ်၏ မြို့ရွှေမန်းသားဇာတ်အဖွဲ့အနေဖြင့် လက်ရှိ သဘင်ရာသီတွင် မြို့တော်သိန်းအောင် အောင်မြင်ခဲ့သော မြို့တော်မောင်ယဉ်အောင်၏ “တခါတုန်းက ပုဂံဟာ နန်းတော်ကြီးတခု” စင်တင်ပြဇာတ်နှင့်အတူ “သမုဒယပန်းခင်း ဖြတ်သန်းခြင်း” ပြဇာတ်များကိုလည်း ကပြဖျော်ဖြေပေးလျက်ရှိကြောင်း သိရသည်။
You may also like these stories:
သိန်း ၅ ထောင်နဲ့ ၇ ထောင်ကြား အကုန်အကျခံပြီး “အနော်ရထာ”အကြောင်း ရုပ်ရှင်ရိုက်မယ့် ဖိုးချစ်
ရိုးရာယဉ်ကျေးမှုနဲ့ ပတ်သက်ရင် ဇာတ်ခုံတွေပေါ်မှာ နည်းနေသေးတယ်
ရွှေမန်းတင်မောင်ရဲ့ ဇာတ်ထုပ်တွေကို အော်ပရာအဖြစ် ပြန်ဖျော်ဖြေမယ့် တင်မောင်ဆန်းမင်းဝင်း
မြန်မာ့ဇာတ်သဘင်ကို ခေတ်နဲ့အညီ ကပြ ဖျော်ဖြေသွားမယ့် ဇာတ်မင်းသား သူရဗိုလ်