ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၂ ရက်ညပိုင်းမှာ ပြုလုပ်ခဲ့တဲ့ အမ်မီဆုပေးပွဲမှာ ကမ္ဘာ့အလယ်ခေတ် အခြေပြု ဒရာမာဖြစ်တဲ့ “Game of Thrones” ဟာ အကောင်းဆုံး ဒရာမာစီးရီးဆုကို စတုတ္ထမြောက်အဖြစ် ရရှိခဲ့ပြီး ဗြိတိသျှဟာသဇာတ်မြူး “Fleabag” စီးရီးကတော့ အကောင်းဆုံး ဟာသဇာတ်မြူး စီးရီးဆုကို ရရှိခဲ့ပါတယ်။ ဆုပေးပွဲမှာတော့ လူဟောင်းတွေထက် လူသစ်တွေ ဆုပိုရခဲ့တာကိုတွေ့ရပါတယ်။
LGBTQ စီးရီးဖြစ်တဲ့ “Pose” မှာ ပါဝင်ထားတဲ့ မင်းသား Billy Porter ကတော့ အကောင်းဆုံး အမ်မီဒရာမာ မင်းသားဆုကို ရရှိခဲ့တဲ့ ပထမဆုံး လူမည်းဂေးအမျိုးသား ဖြစ်လာခဲ့ပါတယ်။ ဗြိတိသျှတက်သစ်စ မင်းသမီး Jodie Comer ကတော့ BBC America ကနေ ထုတ်လွှင့်ခဲ့တဲ့ “Killing Eve” စီးရီးမှာ ပါဝင်ခဲ့တဲ့ စိတ္တဇ လုပ်ကြံ သတ်ဖြတ်သူဇာတ်ရုပ်နဲ့ အကောင်းဆုံး ဇာတ်ဆောင် မင်းသမီးဆုကို ရရှိခဲ့ပါတယ်။
အသက် ၅၀ အရွယ် မင်းသား Porter ကတော့ “ဒီနေ့ကို မြင်တွေ့ရလို့ အသက်ရှည်ခဲ့တာကို ဝမ်းမြောက် မိပါတယ်”လို့ ဆိုပါတယ်။ မင်းသားကတော့ အခုနှစ်အစောပိုင်းမှာ ပြုလုပ်ခဲ့တဲ့ အော်စကာဆုပေးပွဲနဲ့ Met Gala ပွဲတွေမှာ သူဝတ်ခဲ့တဲ့ ဝတ်စုံတွေကြောင့် လူပြောများခဲ့သူလည်း ဖြစ်ပါတယ်။
စီးရီးရဲ့ အဆုံးသတ်နဲ့ ပတ်သက်လို့ ပရိသတ်တွေကြား ဝေဖန်မှုတွေမြင့်တက်ခဲ့တဲ့ HBO ရုပ်သံလိုင်းရဲ့ “Game of Thrones” စီးရီးဟာ အမ်မီဆုပေးပွဲသမိုင်းမှာ ဆုပေါင်း ၃၈ ခုရရှိခဲ့ပြီး ဆုအများဆုံး ရရှိထားတဲ့ စီးရီးဖြစ်လာခဲ့ပါတယ်။ HBO ရုပ်သံလိုင်းကတော့ အခုအထိဆိုရင် အမ်မီဆုပေါင်း ၃၄ ခု ရရှိထားပြီး အဲ့ဒီနောက်မှာ Netflix က ၂၇ ခုနဲ့ ဒုတိယ လိုက်ပါတယ်။
“Game of Thrones” စီးရီးပူးတွဲဖန်တီးရှင် David Benioff က “လွန်ခဲ့တဲ့ ၁၀ နှစ်တာဟာ ကျနော်တို့ ဘဝတွေရဲ့ အကောင်းဆုံးနှစ်တွေ ဖြစ်ခဲ့ပါတယ်။ ပြီးဆုံးသွားပြီဆိုတာတောင် မယုံကြည်နိုင်ပါဘူး။ ကျနော်တို့ အတူတူ လုပ်ခဲ့ကြတယ်။ အခုတော့ ပြီးသွားခဲ့ပြီ။ ပရိသတ်တွေရဲ့ ကြိုက်နှစ်သက်မှုကို နောက်တကြိမ် ဘယ်တော့မှ မြင်တွေ့နိုင်တော့မှာ မဟုတ်ပါဘူး”လို့ ဆိုပါတယ်။
စီးရီးထဲမှာ Tyrion Lannister အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသား Peter Dinklage ကတော့ အကောင်းဆုံး ဇာတ်ပို့ မင်းသားဆုကို ရရှိခဲ့ပါတယ်။ အခုနှစ် ဆုပေးပွဲအတွက် ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့တဲ့ “Game of Thrones” စီးရီးထဲက သရုပ်ဆောင် ၉ ဦးထဲက သူတယောက်ပဲ ဆုရရှိခဲ့တာလည်း ဖြစ်ပါတယ်။
အခု ဆုပေးပွဲ မှာ ဆုရရှိခဲ့သူတွေထဲ တက်သစ်စ သရုပ်ဆောင်တော်တော်များများ ရှိခဲ့ပါတယ်။ မူးယစ်မှောင်ခို သည်းထိတ်ရင်ဖိုစီးရီး “Ozark” ထဲက အမေရိကန် မင်းသမီး Julia Garner ၊ “A Very English Scandal” စီးရီးထဲက မင်းသား Ben Whishaw နဲ့ မိသားစု ဒရာမာ “Succession” နဲ့ စာရေးသူ Jesse Armstrong တို့ကလည်း ဆုတွေ အသီးသီး ရရှိခဲ့တာကိုလည်း တွေ့ရပါတယ်။
Ref. Reuters