တီဗီကြော်ငြာတွေ၊ မဂ္ဂဇင်းကာဗာတွေအပြင် Facebook ကနေတဆင့် မိန်းကလေး ပရိသတ်တွေရဲ့ အားပေးမှု ရရှိနေတဲ့ သရုပ်ဆောင် ပိုင်အုပ်စိုးအောင်က သရုပ်ဆောင် အောင်လေးနဲ့ ချစ်သူပုံစံမျိုး သရုပ်ဆောင်ခဲ့တဲ့ “ရှ” ဆိုတဲ့ Music Video ကို ပရိသတ်တွေ အားပေးလို့ ဝမ်းသာတယ်လို့ ဆိုပါတယ်။
“ဇာတ်ကားကတော့ လက်တလောမှာ တကားတော့ ပြောထားတာ ရှိတယ်။ မသေချာသေးဘူး။ အခုကတော့ ပွဲတွေ တက်တယ်။ ဇာတ်ကားတွေကလည်း သိပ်မရိုက်ကြဘူးလေ။ ဘတ်ဂျက်ကြောင့်လား၊ ဘာကြောင့်လဲတော့ မသိဘူး။ ဇာတ်လမ်းတွဲပြီးကတည်းက နားနေတာ။ ကြားထဲမှာ Music Video လေးတွေ ရိုက်ထားတာပဲရှိတယ်”
“ကိုအောင်လေးနဲ့ ယောကျာ်းချင်း ကြိုက်တာကို ရိုက်ထားတဲ့ Music Video ကလည်း အခု အရမ်းပေါက်သွားတယ်။ ကျနော် အဲ့ဒီ MV ထွက်လာတာကိုကြည့်တော့ 1 Million ကျော်သွားတယ်။ အကြည့်များတော့လည်း အရမ်းဝမ်းသာရတယ်။ ကျနော်ကို Comment တွေမှာ ဆဲတာတော့ နည်းပါတယ်။ ဒီနိုင်ငံမှာက ရှားတယ်လေ ဒီလိုမျိုးတွေ သိပ်မရိုက်ကြဘူး”
“ဟိုတခါတုန်းကလည်း Boy Love Series တခု ထွက်လာသေးတယ်။ ပေါက်သွားတယ်လေ။ ဒီဥစ္စာကလည်း မြန်မာနိုင်ငံမှာ သိပ်မရှိဘူး။ ထိုင်းမှာပဲ ရှိတာများတယ်လေ။ ဒီနိုင်ငံက မိန်းကလေးတွေကလည်း အားပေးကြပါတယ်။ နောက်ထပ်အဲ့လို မျိုးထပ်ရိုက်ဖို့ပြောရင်လည်း ရိုက်မှာပါ”လို့ ပိုင်အုပ်စိုးအောင်က ပြောပါတယ်။
သရုပ်ဆောင်ဆိုတဲ့ ဂုဏ်ပုဒ်ကို ခံယူပြီးကတည်းက ဘယ်လိုကာရိုက်တာပဲ ဖြစ်ဖြစ် သရုပ်ဆောင်ချင်တယ်လို့ ပိုင်အုပ်စိုးအောင်က ဆိုပါတယ်။
“ကျနော်ကတော့ ဘယ်ကာရိုက်တာ လာလာ အကုန်ရိုက်ချင်တယ်။ ကျနော် ဒီအလုပ်စလုပ်ကတည်းက သရုပ်ဆောင်ဆိုတဲ့ ဂုဏ်ပုဒ်ကြီးကို ခံယူထားပြီးသားဆိုတော့ ဘာလာလာ အကုန်လုပ်ချင်တယ်။ သူတောင်းစား ကာရိုက်တာပဲ လုပ်ရ လုပ်ရ၊ နတ်ကတော်ပဲ လုပ်ရ လုပ်ရ အကုန်လုပ်ချင်တယ်။ ကာရိုက်တာအစုံ လုပ်ချင်တဲ့ စိတ်နဲ့ သရုပ်ဆောင် လုပ်တာပါ။ ကျနော်ကို ပရိသတ်တွေက ဘာကာရိုက်တာ လုပ်လုပ် ပီပြင်တယ်ဆိုတာကိုပဲ လိုချင်တယ်။ အဲ့ ပီတိကိုပဲ လိုချင်တာပါ”လို့ ပိုင်အုပ်စိုးအောင်က ပြောပါတယ်။
ပိုင်အုပ်စိုးအောင်ကိုတော့ MRTV-4 ရုပ်သံလိုင်းမှာ ပြသခဲ့တဲ့ “နှလုံးသားနှင့် အနီးဆုံး” ဇာတ်လမ်းတွဲမှာ ပရိတ်သတ်တွေစတင် သတိထားမိခဲ့ကြတာပါ။ လက်ရှိမှာတော့ ပိုင်အုပ်စိုးအောင်က ကြော်ငြာတွေ၊ Music Video တွေနဲ့ အလှဓာတ်ပုံတွေ ရိုက်ကူးနေတယ်လို့ သိရပါတယ်။
You may also like these stories:
မျက်နှာက Cute ဖြစ်နေတာကို သဘောမကျတဲ့ ပိုင်အုပ်စိုးအောင်
ထိုင်းနိုင်ငံမှာ အနုပညာ အလုပ်တွေလုပ်ဖို့ ကမ်းလှမ်းခံရတဲ့ အဆိုတော် အုပ်စိုးခန့်
“နေခြည်ဦးနဲ့ အတူတွဲပြီး သရုပ်ဆောင်ရမှာကို စိတ်ခုန်နေတယ်” လို့ ဆိုလိုက်တဲ့ မိုရီဆာကီဝင်း