မင်းသား ဒိုနီယန်းဟာ လာမယ့် ဒီဇင်ဘာလမှာ ရုံတင်ပြသတော့မယ့် နာမည်ကျော် သိုင်းပညာအသားပေး Ip Man 4 ရုပ်ရှင်မှာ Ip Man အနေနဲ့ နောက်ဆုံးအကြိမ်သရုပ်ဆောင်တာ ဖြစ်တဲ့အကြောင်း ပြောဆိုလိုက်ပါတယ်။ အဲ့ဒီသတင်းကြောင့် ပရိသတ်တွေက စိတ်မကောင်းဖြစ်ခဲ့ကြရပေမယ့် ၂၀၀၈ ခုနှစ်မှာ မင်းသား ယန်းပါဝင်ခဲ့တဲ့ မူရင်း Ip Man ရုပ်ရှင်က နာမည်ကြီးလာခဲ့ပြီးတဲ့နောက် အခုနောက်ဆုံး ထွက်လာမယ့် ရုပ်ရှင်ကို စောင့်မျှော်နေကြပြီဖြစ်ပါတယ်။
ဟောင်ကောင်သိုင်းရုပ်ရှင်စတား ယန်းက သူဟာ ဒီဇင်ဘာလ ၂၀ ရက်နေ့ကျရင် ဟောင်ကောင်၊ ထိုင်ဝမ်နဲ့ တရုတ်ရုပ်ရှင်ရုံတွေမှာ ဖြန့်ချိဖို့ စီစဉ်ထားတဲ့ Ip Man 4 မှာ နောက်ဆုံးအကြိမ်အနေနဲ့ သရုပ်ဆောင်ထားတယ်လို့ ဆိုရှယ်မီဒီယာကနေ အတည်ပြုလိုက်ပါတယ်။
အသက် ၅၆ နှစ်အရွယ် မင်းသား ယန်းဟာ ပြီးခဲ့တဲ့သီတင်းပတ်မှာ သူ့ရဲ့ Facebook နဲ့ Instagram အကောင့်တို့ကနေ ရုပ်ရှင်ရဲ့ ပိုစတာ အသစ်ကို တင်ခဲ့တာဖြစ်ပါတယ်။ သူက “ဒီလိုမျိုး မယုံကြည်နိုင်လောက်စရာ ခရီးလမ်းအတွက် နှစ်ပေါင်းများစွာ ချစ်ခင်အားပေးခဲ့ကြလို့ ခင်ဗျားတို့အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီ ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ကျနော့်ရဲ့ စတုတ္ထမြောက်နဲ့ နောက်ဆုံးရုပ်ရှင်ထွက်လာမှာပါ” လို့ ရေးသားခဲ့ပါတယ်။
အဲ့ဒီသတင်းကြောင့် ကမ္ဘာတဝန်းမှာ ရှိတဲ့ ပရိသတ်တော်တော်များများက အံ့သြတုန်လှုပ်ခဲ့ကြပေမယ့် အများစုကတော့ မင်းသား ယန်းရဲ့ ထူးခြားပြောင်မြောက်တဲ့ လုပ်ရပ်နဲ့ နှစ်ပေါင်း ၁၁ နှစ်ကြား Wing Chun သိုင်းပညာရှင်တဦးအဖြစ် အံ့ဝင်ခွင်ကျသရုပ်ဆောင်ခဲ့တဲ့အတွက် ကျေးဇူးတင်စကားဆိုခဲ့ကြပါတယ်။
မင်းသား ယန်းရဲ့ Facebook အကောင့်မှာ Bart Biddy ဆိုသူက “ကြည့်ဖို့ မစောင့်နိုင်တော့ပါဘူး။ တကယ့်ကိုပဲ ဒီလို ထုးချွန်တဲ့ လုပ်ဆောင်မှုအတွက် Ip Man နဲ့ သူ့ရဲ့ မိသားစုအတွက် ဂုဏ်ပြုထိုက်ပါတယ်။ ကျေးဇူး အရမ်းတင်ပါတယ်။ ခင်ဗျားရဲ့ ပိုမိုကောင်းမွန်တဲ့ ရုပ်ရှင်တွေကိုလည်းမျှော်နေပါတယ်” လို့ ရေးသားခဲ့ပါတယ်။
Ip Man 4 ရုပ်ရှင်မှာတော့ Ip Man ဟာ ၁၉၆၄ ခုနှစ်က ဗီယက်နမ်စစ်ပွဲအတွင်းမှာ အမေရိကန်နိုင်ငံကို ရောက်လာခဲ့တဲ့အကြောင်း ဇာတ်အိမ်တည်ထားတာဖြစ်ပါတယ်။ သူဟာ အမေရိကန်နိုင်ငံမှာ လူမျိုးရေး ခွဲခြားမှုကို တိုက်ဖျက်နေရတဲ့ တရုတ်နွယ်ဖွား အမေရိကန်နိုင်ငံသားတွေရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ပေးရမှာ ဖြစ်ပါတယ်။
အရင် Ip Man ရုပ်ရှင် သုံးကားလုံးကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Ip Man ရိုက်ကူးထားတဲ့ အခု နောက်ဆုံး ရုပ်ရှင်မှာတော့ ဗြိတိသျှသိုင်းစတား Scott Adkins ကို ဗီလန်အသစ်တယောက်အနေနဲ့ မြင်တွေ့ရမှာ ဖြစ်ပြီး အမေရိကန်စစ်အခြေစိုက်စခန်းတခုထဲမှာ သူတို့နှစ်ယောက် တိုက်ခိုက်ကြပုံကို အားပါးတရ မြင်တွေ့ကြရမှာလည်း ဖြစ်ပါတယ်။
ဟဲဗီးဝိတ်ချန်ပီယံဟောင်း မိုက်တိုင်ဆန်ဟာလည်း ၂၀၁၅ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Ip Man ရုပ်ရှင်မှာ ဗီလိန်အဖြစ် ပါဝင်ခဲ့ပါသေးတယ်။ အခု ရုပ်ရှင်မှာတော့ Ip Man နဲ့ သူ့ရဲ့ နာမည်အကျော်ကြားဆုံး ကျောင်းသား ဖြစ်တဲ့ Bruce Lee တို့ကြားက ဆက်ဆံရေးကို မြင်တွေ့ရမှာဖြစ်လို့ သိုင်းရုပ်ရှင်ပရိသတ်တွေက အထူးပဲ ဝမ်းမြောက်နေကြပါတယ်။ Bruce Lee အဖြစ် ဟောင်ကောင်မင်းသား Danny Chan Kwok-kwan က ပါဝင်ထားတာဖြစ်ပါတယ်။
Ref:asiaone
You may also like these stories:
အနုပညာလောကထဲ ဝင်စမှာ ၁၈ ဒေါ်လာနဲ့ ချွတ်ခြုံကျခဲ့ပေမယ့် လက်မလျှော့ခဲ့တဲ့ Donnie Yen