ပေါ့ပ်စူပါစတား Taylor Swift ဟာ ပြိုင်မြင်းတွေအပေါ် ရက်စက်မှုတွေကို အထူးအလေးပေးဖော်ပြတဲ့ တိရိစ္ဆာန်အရေး လှုပ်ရှားသူတွေရဲ့ ကမ်ပိန်းကြောင့် Melbourne Cup မှာပြုလုပ်မယ့် ဖျော်ဖြေပွဲကို ဖျက်သိမ်း လိုက်တယ်လို့ သိရပါတယ်။
ဂရမ်မီဆုရှင် Swift ဟာ သြစတြေးလျနိုင်ငံတဝန်းလုံးက အားပေးစောင့်ကြည့်ကြ တဲ့ပြိုင်ပွဲမှာ ဖျော်ဖြေမယ့် အနုပညာရှင် စာရင်းမှာ ပါဝင်သူအဖြစ် အခုလ အစောပိုင်းတုန်းက ကြေညာခံထားရတာ ဖြစ်ပြီး သူနောက်ဆုံးထွက်ရှိထားတဲ့ “Lover” အယ်လ်ဘမ်ထဲက သီချင်းနှစ်ပုဒ်ကို သီဆိုဖို့ ပြင်ဆင်ထားတာဖြစ်ပါတယ်။
ဒါပေမယ့် ပြိုင်မြင်းတွေကို ကာကွယ်ပေးရေး ကမ်ပိန်းရဲ့ တိုက်တွန်းချက်နဲ့ ဆိုရှယ်မီဒီယာပေါ်မှာ ဝေဖန်မှုတွေကို ကြုံတွေ့ခဲ့ရပါတယ်။ ဝေဖန်သူတွေက Swift ဟာ အကြင်နာမေတ္တာထက် ပိုက်ဆံကို အဓိကထားပြီး တိရိစ္ဆာန်တွေကို အနိုင်ကျင့်နှိပ်စက်ဖို့ ကြေညာပေးနေတယ်လို့ ဆိုကြပါတယ်။ အဲ့ဒီ ဖျော်ဖြေပွဲ ကို ဖျက်သိမ်းပေးဖို့ အွန်လိုင်းမှာ လူပေါင်း ၆၅၀၀ ကျော်က အသနားခံစာအဖြစ် လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြပါတယ်။
စက်တင်ဘာလ ၁၁ ရက်နှောင်းပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်တခုထဲမှာတော့ Swift ရဲ့ ဖျော်ဖြေမှုကို ဖျက်သိမ်းလိုက်ရတာဟာ အချိန်အခက်အခဲကြောင့် ဖြစ်တယ်လို့ ပွဲစီစဉ်သူ Mushroom Events က အကြောင်းပြထားပါတယ်။
အာရှဆိုင်ရာ ပရိုမိုးရှင်းအချိန်ဇယားကြောင့် ပွဲကို လာရောက်ဖျော်ဖြေနိုင်ခြင်း မရှိရတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ပြိုင်မြင်းများ ကာကွယ်ရေး ကမ်ပိန်းအဖွဲ့ကတော့ အဲ့ဒီ ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ပါတယ်။
ကမ်ပိန်းအဖွဲ့က “ဖျော်ဖြေမှုကို ဖျက်သိမ်းပေးဖို့ Swift အပေါ်မှာရှိခဲ့တဲ့ ဖိအားက တကယ့်ကိုပဲ ထူးခြားပါတယ်” လို့ Facebook မှာ ပြောဆိုခဲ့ပါတယ်။ သူ့ရဲ့ ပရိသတ်တွေက တိရိစ္ဆာန်တွေနှိပ်စက်ခံရတာကို ထောက်ခံတာ မမြင်ချင်ကြပါဘူးလို့လည်းဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်ကနေစလို့ Melbourne Cup မှာ ပြိုင်ပွဲဝင်ခဲ့တဲ့ ပြိုင်မြင်း ၆ ကောင်သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။ အဲ့ဒီပြိုင်ပွဲတွေကို ၁၈၇၆ ခုနှစ်ကလို့ နှစ်စဉ် နိုဝင်ဘာလရဲ့ ပထမဆုံး အင်္ဂါနေ့မှာ ကျင်းပပြုလုပ်ခဲ့တာ လည်း ဖြစ်ပါတယ်။
အခုလိုမျိုး Swift က ဖျော်ဖြေပွဲကနေ နုတ်ထွက်လိုက်ရတဲ့ လုပ်ရပ်အပေါ် စိတ်မကောင်းဖြစ်နေတဲ့သူတွေလည်း ရှိပါတယ်။ Victoria Racing Club အကြီးအကဲ Neil Wilson က “ပြောရမယ်ဆိုရင် Swift ရဲ့ အခုလိုမျိုး နုတ်ထွက်မှုဟာ လူတိုင်းကို စိတ်ပျက်စေခဲ့ပါတယ်။
ပွဲ မစခင် ဖျော်ဖြေမှုက ဘယ်လောက်တောင် အရေးကြီးသလဲ ဆိုတာကို ကျနော်တို့ နားလည်ပါတယ်။ ပြီးတော့ မကြာခင်မှာလည်း တခြားဖျော်ဖြေမယ့်သူတွေအကြောင်း သတင်းထုတ်ပြန်ပေးဦးမှာပါ” လို့ဆိုပါတယ်။
Ref:asiaone
You may also like these stories:
ပါပါရာဇီတွေကိုရှောင်ဖို့ လက်ဆွဲသေတ္တာထဲကနေလိုက်ပြီး ခရီးသွားခဲ့ရတဲ့ Taylor Swift
သီချင်းမူပိုင်ခွင့်တွေ ဆုံးရှုံးလိုက်ရတဲ့အကြောင်း ရင်ဖွင့်ခဲ့တဲ့ အဆိုတော် Taylor Swift
သီချင်းအသစ်နဲ့အတူ LGBTQ တန်းတူညီမျှမှုအတွက် တောင်းဆိုလိုက်တဲ့ Taylor Swift