“အောင်ဆန်း” ရုပ်ရှင် စတင် ရိုက်ကူးတော့မယ့်အကြောင်း စာနယ်ဇင်းများထံ အသိပေးတဲ့ အခမ်းအနားကို ဒီနေ့ စက်တင်ဘာ ၂၄ ရက်နေ့၊ ရန်ကုန်မြို့၊ နိုဗိုတယ် ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီအခမ်းအနားကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။
ဗိုလ်ချုပ်ရုပ်ရှင်ကို ဒါရိုက်တာ လူမင်းက ရိုက်ကူး ပုံဖော်သွားမှာဖြစ်ပြီး ဒီဇာတ်ကားမှာ ပါဝင်ကြမယ့် သရုပ်ဆောင်တွေထဲမှာ ဗိုလ်ချုပ်အဖြစ် သရုပ်ဆောင်မယ့် ကျော်ကျော်မျိုးကို အားအရဆုံးပဲလို့ ဆိုပါတယ်။
“ကျနော်တို့ ကျော်ကျော်မျိုးတော့ အားအရဆုံးပဲ။ အရေးကြီးဆုံး ဇာတ်ကောင်ဖြစ်တဲ့အတွက် သူ့စိတ်ဓာတ်ကိုလည်း လေးစားပါတယ်။ သူလည်း ၇ နှစ်၊ ၈ နှစ်လောက်ကို ဒီဗိုလ်ချုပ်စိတ်နဲ့ နေနေတာ။ ပတ်ဝန်းကျင်နဲ့တောင် ပြောဆို ဆက်ဆံတာ အဆင်မပြေတော့ဘူး။ ပြောရင် မကြိုက်သလို တုံးတိတိ ပျက်ပျက်ကြီး ဖြစ်နေတယ်။ သူက ဗိုလ်ချုပ်စာအုပ်တွေပဲ ဖတ်ပြီး သူ့စိတ်ကို မြှုပ်နှံထားတာ သူ့ကို အားရပါတယ်”
“ဗိုလ်ချုပ် ကာရိုက်တာအတွက် ငြင်းဆန်ခဲ့တဲ့ အနုပညာရှင်တွေလည်း ရှိတယ်။ တချို့ကျတော့လည်း သူတို့ သရုပ်ဆောင်ရမယ့် ကာရိုက်တာကို ယုံကြည်မှု မရှိလို့ပါလို့ ကျနော့်ကို ပြောတယ်။ ဘယ်သူလဲ ဆိုတာတော့ ကျနော် မပြောပါရစေနဲ့”

“ကျနော်တို့ အားလုံးကိုတော့ ထိုက်သင့်တဲ့ အနုပညာကြေးတွေ၊ အတတ်ပညာကြေးတွေ ပေးပြီး ရိုက်ကူးမှာ ဖြစ်ပါတယ်။ သို့သော်လည်း ညှိနှိုင်းမှုတွေလည်း ရှိတာပေါ့။ ရိုက်ရက်ကလည်း ရှည်တယ်။ ကျနော်တို့က အများပြည်သူ အလှူငွေတွေနဲ့ ဆောင်ရွက်ရတာဖြစ်တာကြောင့် ညှိနှိုင်းရတာလေးတွေ ရှိတာပေါ့။ ကျေနော်ကတော့ ငွေရေးကြေးရေး မပါဘဲနဲ့ လုပ်ပေးဖို့ အရင်ကပြောပေမယ့် အခုတော့ ဝန်ကြီးဌာနနဲ့ စာချုပ်ချုပ်ဆိုခဲ့ပါတယ်”လို့ ဒါရိုက်တာ လူမင်းက ပြောပါတယ်။
အောင်ဆန်းရုပ်ရှင်မှာတော့ ဗိုလ်ချုပ်ကို လုပ်ကြံခဲ့တဲ့ ဂဠုန်ဦးစောရဲ့နေရာမှာ ဂဠုန်ဦးစောရဲ့ မြစ်ဖြစ်တဲ့ သရုပ်ဆောင် ဇော်ဇော်ပိုင် ကိုယ်တိုင် ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပြီး အခုလို သရုပ်ဆောင်ခွင့်ကိုလည်း ဂဠုန်ဦးစောရဲ့မြစ် ကိုယ်တိုင်က ကမ်းလှမ်းခဲ့တာ ဖြစ်တယ်လို့ ဒါရိုက်တာ လူမင်းက ဆိုပါတယ်။
“ဗိုလ်ချုပ်ရုပ်ရှင်ရဲ့ အင်မတန်မှ အရေးကြီးတဲ့ ဇာတ်ကောင်နေရာဖြစ်တဲ့ ဂဠုန်ဦးစောရဲ့ နေရာမှာ သူ့ရဲ့မြစ်ကိုယ်တိုင် သရုပ်ဆောင်မှာ။ သူကိုယ်တိုင်က လာရောက် ကမ်းလှမ်းပြီးတော့ အဆိုပြုသွားတာ ဖြစ်တယ်။ အစ်ကိုတို့ အနေနဲ့ကလည်း အကြိမ်ကြိမ် အဖန်ဖန် စဉ်းစားခဲ့တယ်။ ကာယကံရှင် မိသားစုအနေနဲ့ ဒီဘက်မျိုးဆက်မှာ သူတို့အတွက် ထိခိုက်မှုရှိနိုင်မလားဆိုပြီး သူ့ကိုလည်း အကြိမ်ကြိမ် စဉ်းစားဖို့ ပြောတယ်။ သို့သော် သူကိုယ်တိုင်က သူ့အဖိုးကိုယ်စား ဒီနိုင်ငံကို ပြန်ပြီးတော့ပေးဆပ်ချင်တယ်”
“ဒီနိုင်ငံကိုပြန်ပြီးတော့ ကျေးဇူးပြုချင်တယ်ဆိုလို့ ကျနော်တို့ လက်ခံခဲ့တာပါ။ မြစ်အရင်းဖြစ်သူ ဇော်ဇော်ပိုင်ကဦးစောနဲ့ အရမ်းတူတယ်။ ဒါသူ့ကို ရွေးချယ်ရခြင်းပေါ့။ နောက်တချက်က အနုပညာနဲ့ စိမ်းတဲ့ သူမဟုတ်တော့ အဲ့ဒါကြောင့် လိုအပ်တာတွေကို လေ့ကျင့်သင်ကြားပေးပြီးတော့ ရိုက်သွားပါတယ်။ သရုပ်ဆောင်မင်းခနဲ့ ညီအစ်ကိုပါ။ ကျနော်တို့ ဗိုလ်ချုပ်လုပ်ကြံခံရတဲ့ အခန်းကိုလည်း ဝန်ကြီးများရုံးမှာပဲ ရိုက်မှာပါ”ဒါရိုက်တာလူမင်းက ပြောပါတယ်။
ဗိုလ်ချုပ်ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်မယ့် သရုပ်ဆောင်တွေကိုလည်း ရုပ်ရှင်လောကသားတွေထဲက ကပါဝင်သလို အပြင်ကနေ ဇာတ်ကောင်နဲ့ ပ်ဆင်တဲ့ သရုပ်ဆောင်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
“အောင်ဆန်း” ရုပ်ရှင်ရဲ့ ပထမဆုံး စတင်ရိုက်ကူးမယ့် ဇာတ်ဝင်ခန်းကို စက်တင်ဘာလ ၃၀ ရက်နေ့မှာတော့ ရန်ကုန်မြို့၊ အမျိုးသားပြတိုက်မှာ စတင်ရိုက်ကူးမှာလည်း ဖြစ်ပါတယ်။ အောင်ဆန်းရုပ်ရှင်ကားကြီးကိုတော့ ၂၀၂၀ ခုနှစ်မှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။
You may also like these stories:
၈ နှစ်နီးပါး စောင့်ခဲ့ရတဲ့ ဗိုလ်ချူပ်ရုပ်ရှင် မကြာခင် ရိုက်ကူးတော့မယ်လို့ လူမင်း ပြော
“ဗိုလ်ချုပ်ရုပ်ရုင်ကို ဟာကွက် မရှိအောင် စီစဉ်ရတဲ့အတွက် ကြာနေတာပါ”
“ဗိုလ်ချုပ်ရုပ်ရှင်”ကို စက်တင်ဘာလကုန်မှာ စတင်ရိုက်ကူးတော့မယ် လို့ လူမင်းပြော