အများစောင့်မျှော်နေကြတဲ့ “အောင်ဆန်း” ရုပ်ရှင်ကို မကြာခင် ရိုက်ကူးတော့မှာပါ။ အချိန် ၈ နှစ်ကြာ ရိုက်ကူးဖို့ ကြန့်ကြာနေတဲ့ ဒီရုပ်ရှင်ကို အခုအခါမှာ ဒါရိုက်တာ လူမင်းက ပုံဖော် ရိုက်ကူးတော့မှာ ဖြစ်ပါတယ်။ “အောင်ဆန်း” ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်သွားကြမယ့် ကျော်ကျော်မျိုး၊ ရန်အောင်၊ မင်းဦး၊ ညိုမင်းလွင်၊ နန့်ဇာခြည်လင်းတို့က ပါဝင်ဖြစ်ပုံများကို အခုလို အသီးသီး ပြောပြထားပါတယ်။
ကျော်ကျော်မျိုး (ဗိုလ်ချုပ်အောင်ဆန်းနေရာမှ သရုပ်ဆောင်မည့်သူ)
ကျနော်တို့ အခု တကယ်ရိုက်ရတော့မှာဆိုတော့ ခံစားချက်ကတော့ ဝမ်းသာတာပေါ့။ ဒီချိန်ပဲ စောင့်နေတာ။ ကျနော် ဝါသနာပါတဲ့ ဘောလုံးသမားဘဝကို စွန့်လွှတ်ခဲ့ရတာပေါ့။ အဲ့ကတည်းက အခုချိန်ထိ ဗိုလ်ချုပ်ရုပ်ရှင်ကိုပဲ တစိုက်မတ်မတ် လုပ်နေတာပေါ့။ ဆုံရှုံးတယ်လို့တော့ မသတ်မှတ်ပါဘူး။ လူဆိုတာ အတ္တနဲ့ မကင်းပါဘူး။
ကိုယ်ဝါသနာပါပြီး လစာကောင်းတာကိုတောင် စွန့်လွှတ်ခဲ့တာ။ ကျနော် ဗိုလ်ချုပ်ရုပ်ရှင် ရိုက်ဖို့အတွက် ရွေးချယ်တာကိုတော့ ဘယ်တော့မှလည်း နောင်တ မရပါဘူး။ တကယ်ကို မြင့်မြတ်တဲ့အလုပ်၊ ကျနော့် ဘဝ တစိတ်တပိုင်းကို လှူလိုက်တာပါပဲ။ ဘယ်လို အခက်အခဲ အနှောင့်အယှက်တွေ ရှိနေပါစေ။ ကျနော်ဒီကားပြီးမှပဲ စိတ်လျှော့တော့မယ်။ အဓိက သရုပ်ဆောင်ဖြစ်တာကြောင့် ကျနော် အရမ်း တာဝန်ကြီးပါတယ်။
ရန်အောင် (ဒေါက်တာ ဘမော်နေရာမှ သရုပ်ဆောင်မည့်သူ)
ဒီဇာတ်ကားလေး ရိုက်ဖို့ လုပ်နေတာ ကြာပြီပေါ့။ ကိုလူမင်း တာဝန်ယူပြီး ရိုက်မယ်ဆိုတော့ ကိုလူမင်းက ဒေါက်တာ ဘမော်နေရာက ပါဝင်ဖို့ ကမ်းလှမ်းတယ်။ ကျနော် မထင်ထားခဲ့ဘူး။ အရမ်းလည်း ဝမ်းသာတယ်။ သမိုင်းမှာ ကျန်ခဲ့မယ့် ဇာတ်ကားမျိုးမှာ ပါဝင်ခွင့်ရတော့ ဝမ်းသာတယ်။ ဇာတ်ကားထဲ မပါဝင်ခဲ့ရင်တောင် သွားကြည့်ဖို့ လုပ်ထားပြီးသားပါ။
ကျနော် ကာရိုက်တာအတွက် ကိုလူမင်းတို့နဲ့ တိုင်ပင်ပြီး ပြင်ဆင်နေပါတယ်။ ကျနော့်ကို အရင်တုန်းက ဒေါ်အောင်ဆန်းစုကြည်က ဒေါက်တာ ဘမော်ကြီးလို့ အရင်က အမှတ်တရ ပြောဖူးတယ်။ အခုတော့ ဒေါက်တာဘမော် နေရာက ပါဝင်တာ သူသိပြီးသားဖြစ်မှာပါ။
မင်းဦး (မန်းဘခိုင် နေရာမှ သရုပ်ဆောင်မည့်သူ)
ကျနော် အောင်ဆန်း ဇာတ်ကားထဲမှာ မန်းဘခိုင်နေရာက ပါဝင်သွားမှာပါ။ သူတို့နဲ့တော့ တိုင်ပင်ပြီး ပြင်ဆင် နေပါတယ်။ ကျနော့်ကို ကာရိုက်တာနဲ့ ကိုက်လို့ ကိုလူမင်းကပြောထားတာပါ။ ပါဝင်ရတဲ့ ခံစားချက်က ဝမ်းလည်းသာတယ်။ စိတ်လည်းပူတယ်။ အားလုံးကို အကောင်းဆုံးဖြစ်စေချင်တယ်။
အခုလို ဇာတ်ကားမှာ ဘယ်နေရာက ပါဝင်ရပါဝင်ရ ပါဝင်တဲ့ သူတွေအားလုံးက တာဝန်ကြေတဲ့သူတွေလို့ ကျနော် မြင်ပါတယ်။ ကျနော်လည်း သရုပ်ဆောင်အပြင် ဘာနေရာကပဲ ကူညီပေးရ ကူညီပေးမှာပါ။ ကျနော်တို့ ပါဝင်တဲ့သူတွေအားလုံး အကောင်းဆုံး ကြိုးစားကြမှာပါ။
ညိုမင်းလွင် (ကျောင်းသားခေါင်းဆောင် ကိုဗဟိန်းနေရာမှ သရုပ်ဆောင်မည့်သူ)
ကျနော်က အောင်ဆန်းဇာတ်ကားထဲမှာ ကျောင်းသားခေါင်းဆောင် ကိုဗဟိန်းနေရာက ပါဝင်သရုပ်ဆောင်သွားဖို့ ကိုလူမင်းက ကျနော့်ကို ပြောထားပါတယ်။ ကိုဗဟိန်းရဲ့ နေရာမှာ သရုပ်ဆောင်ခွင့်ရတာ အရမ်းဝမ်းသာပါတယ်။ ကိုဗဟိန်းဖြစ်အောင် ကြိုးစားပါမယ်။ ဒီဇာတ်ကားမှာ ပါဝင်ခွင့်ရတာ ရင်ခုန်စရာဆိုတာထက် စိတ်တက်ကြွစရာ တခုပေါ့။ ကိုဗဟန်းပြောတဲ့ မိန့်ခွန်းကို သရုပ်ဆောင်ရမှာ ရင်ခုန်ပါတယ်။
နန့်ဇာခြည်လင်း (ဒေါ်ခင်ကြည်နေရာမှ သရုပ်ဆောင်မည့်သူ)
အခုလို စရိုက်ရပြီဆိုတော့ အရမ်းဝမ်းသာပါတယ်။ နှစ်တွေလည်း ကြာပြီ။ အရမ်းတွေလည်းပြောင်းလဲခဲ့တော့ အခုတော့ အရမ်းဝမ်းသာပါတယ်။ ဒေါ်ခင်ကြည်နဲ့ ပတ်သက်တာတွေတော့ လေ့လာထားပါတယ်။ ဒေါ်ခင်ကြည်နဲ့ မျက်လုံး၊ မျက်ခုံးတွေ တူတယ်တော့ ထင်တယ်။ ဒေါ်ခင်ကြည်က အရမ်းတည်ကြည်ပြီး ထက်မြတ်တဲ့ အမျိုးသမီးတယောက် သူနဲ့တူအောင်တော့ ကြိုးစားသရုပ်ဆောင်ရမှာပေါ့။
အခုတော့ ညီမက ဝနေတော့ ဝိတ်ချနေရတယ်။ အန်ကယ်လေးကလည်း အကောင်းဆုံးသင်ပေးမယ်လို့ပြောပါတယ်။ ကာရိုက်တာအတွက် အမှားအယွင်းဖြစ်မှာလည်း အရမ်းစိုးရိမ်နေပါတယ်။ လိုအပ်ချက်ရှိရင်လည်း သရုပ်ဆောင် မဟုတ်တဲ့အတွက် နားလည်ပေးပါလို့ ပြောချင်ပါတယ်။
“အောင်ဆန်း” ရုပ်ရှင်ကိုတော့ စက်တင်ဘာ ၃၀ ရက်နေ့၊ ရန်ကုန်မြို့ အမျိုးသားပြတိုက်မှာ စတင် ရိုက်ကူးသွားမယ်လို့ သိရပါတယ်။
You may also like these stories:
“ဗိုလ်ချုပ်နေရာက သရုပ်ဆောင်မယ့် ကျော်ကျော်မျိုးကို အားအရဆုံးပဲ”လို့ လူမင်း ပြော
၈ နှစ်နီးပါး စောင့်ခဲ့ရတဲ့ ဗိုလ်ချူပ်ရုပ်ရှင် မကြာခင် ရိုက်ကူးတော့မယ်လို့ လူမင်း ပြော
“ဗိုလ်ချုပ်ရုပ်ရုင်ကို ဟာကွက် မရှိအောင် စီစဉ်ရတဲ့အတွက် ကြာနေတာပါ”
“ဗိုလ်ချုပ်ရုပ်ရှင်”ကို စက်တင်ဘာလကုန်မှာ စတင်ရိုက်ကူးတော့မယ် လို့ လူမင်းပြော