အမေရိကန်နိုင်ငံ၊ ကော်လိုရာဒိုပြည်နယ်မှာ ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ရုပ်ရှင်ရုံအတွင်းမှ လူအစုံလိုက် အပြုံလိုက် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရမှုမှာ ပါဝင်ခဲ့ရတဲ့ မိသားစုတွေက Joker ရုပ်ရှင်ထဲမှာပါဝင်တဲ့ စိတ်ကျန်းမာရေး ချို့တဲ့မှုကနေ အကြမ်းဖက်မှုဆီဦးတည်နိုင်သည့် ပုံဖော်ရိုက်ကူးမှုနဲ့ ပတ်သက်လို့ အထူး စိုးရိမ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါကြောင့် သူတို့ဟာ လက်နက်ကိုင်ဆောင်မှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှာ ပူးပေါင်း ပါဝင်ကြဖို့ ရုပ်ရှင်ရဲ့ စတူဒီယိုကို တောင်းဆိုလိုက်ပါတယ်။
Warner Bros ကို ရေးသားခဲ့တဲ့ စာတစောင်ထဲမှာ ပစ်ခတ်မှုအတွင်းမှာ သေဆုံးခဲ့ရသူတွေရဲ့ မိသားစုဝင်တွေက စတူဒီယိုအနေနဲ့ အမျိုးသား ရိုင်ဖယ်အသင်းကနေ ငွေယူနေရတဲ့ ကိုယ်စားလှယ်လောင်းတွေကို နိုင်ငံရေးအရ ထောက်ခံနေတာတွေကို ရပ်တန့်ပြီး လက်နက်ကိုင် အကြမ်းဖက်မှု ထိန်းချုပ်ရေး အစီအစဉ်တွေမှာ ငွေကြေးထောက်ပံ့ ပေးဖို့ တိုက်တွန်းခဲ့ကြပါတယ်။
ဒါပေမယ့် ရုပ်ရှင်ကို ပြသမှုကနေ ဖယ်ရှားပေးဖို့ကိုတော့ စာထဲမှာတောင်းဆိုထားတာ မရှိပါဘူး။ စာထဲမှာ “အင်အားစုကြီးကနေ ကြီးမားတဲ့ တာဝန်ယူမှု လာရမှာဖြစ်ပါတယ်။ ဒါကြောင့် ခင်ဗျားတို့ရဲ့ ကြီးမားတဲ့ အနုပညာ ပလက်ဖောင်းကို အသုံးပြုဖို့နဲ့ လက်နက်နည်းပါးပြီး ဘေးကင်းလုံခြုံတဲ့ လူမှုအသိုက်အဝန်းတွေကို တည်ဆောက် တဲ့နေရာမှာ ပါဝင်ကြဖို့ တောင်းဆိုလိုပါတယ်” လို့ ဖော်ပြထားပါတယ်။
လင်းနို့လူသားကာတွန်း စာအုပ်ထဲက ဗီလိန်အဖြစ် မင်းသား Joaquin Phoenix ပါဝင်သရုပ်ဆောင်ထားတဲ့ “Joker” ရုပ်ရှင်ကို လာမယ့်အောက်တိုဘာလ ၄ ရက်နေ့ကျရင် အမေရိကန်နိုင်ငံမှာ ရှိတဲ့ ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသတော့မှာပဲ ဖြစ်ပါတယ်။
အဲ့ဒီရုပ်ရှင်ဟာ အခုလအစောပိုင်းမှာကျင်းပခဲ့တဲ့ ဗင်းနစ်နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ ထိပ်တန်းဆုကြီးကို ရရှိခဲ့ပါတယ်။ ရုံဝင်ငွေ လေ့လာသူတွေကတော့ မြောက်အမေရိက တဝန်းကရုံတွေမှာ အဖွင့်သီတင်းပတ်ကုန်ပိုင်းတခုတည်းမှာပဲ ဒေါ်လာ သန်း ၇၀ ကနေ သန်း ၈၀ အထိ ရရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ ရက်နေ့တုန်းကတော့ Warner Bros က သူတို့စတူဒီယိုအနေနဲ့ ကော်လိုရာဒို တိုက်ခိုက်မှုမှာ ပါဝင်ခဲ့ရသူတွေအပါအဝင် အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရသူတွေကို လှူဒါန်းမှုတွေကို သမိုင်း တလျှောက်မှာ ပြုလုပ်ခဲ့ပြီးဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် သူတို့ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ AT&T ဆက်သွယ်ရေးကုမ္ပဏီကလည်း အမေရိကန်နိုင်ငံမှာ လူအစုလိုက်အပြုံလိုက် ပစ်ခတ်တိုက်ခိုက်ခံရမှုတွေ ကိစ္စကို ဖြေရှင်းဖို့ ဥပဒေပြုရေးအတွက် တောင်းဆိုတဲ့နေရာမှာ တခြားစီးပွားရေး ခေါင်းဆောင်တွေနဲ့ အတူ မကြာသေးခင်က ပူးပေါင်းလိုက်ပြီလို့ ပြောဆိုထားပါတယ်။
စတူဒီယိုကနေ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ထဲမှာဆိုရင်တော့ “စိတ်ကူးယဉ် ဇာတ်ကောင် ဂျိုကာပဲ ဖြစ်ဖြစ်၊ ရုပ်ရှင်ပဲဖြစ်ဖြစ် တကယ့်ကမ္ဘာထဲက အကြမ်းဖက်မှုကို ကြော်ငြာပေးနေတာမဟုတ်ပါဘူး။ အဲ့ဒီဇာတ်ကောင်ကို ဟီးရိုးတယောက်အနေနဲ့ သတ်မှတ်ဖို့ဆိုတာ ရုပ်ရှင်၊ ထုတ်လုပ်သူတွေနဲ့ စတူဒီယိုရဲ့ ရည်ရွယ်ချက်မဟုတ်ပါဘူး” လို့ဆိုပါတယ်။
၂၀၁၂ ခုနှစ်တုန်းက ဂျိုကာဇာတ်ကောင်အကြောင်း ရိုက်ကူးထားတဲ့ The Dark Knight ရုပ်ရှင်ပြသနေတဲ့ ရုပ်ရှင်ရုံအတွင်းမှာ ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူ ၁၂ ဦးသေဆုံးခဲ့ရပြီး ၇၀ ကျော်ဒဏ်ရာရရှိခဲ့ရပါတယ်။
Ref:asiaone