နာမည်ကျော် ကိုရီးယားရုပ်သံစီးရီးတခုဖြစ်တဲ့ “Arthdal Chronicles” ဟာ လူကြည့်နှုန်း ထင်ထားတာထက် နည်းပါးခဲ့ပေမယ့် ဒုတိယမြောက် Season အနေနဲ့ ပြန်လာနိုင်ချေရှိတယ်လို့ tvN ရုပ်သံလိုင်းကနေ စက်တင်ဘာလ ၂၃ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
tvN မှာ တာဝန်ရှိသူတဦးက “ကျနော်တို့ဟာ ဒုတိယမြောက် Season ကို ဖန်တီးဖို့ အပြုသဘောနဲ့ စဉ်းစားနေကြပါတယ်။ နောက်ဆုံးဆုံးဖြတ်ချက်ကို တော့ မချရသေးပါဘူး။ ဒါပေမယ့် ဖြစ်နိုင်ချေက မြင့်ပါတယ်” လို့ပြောဆိုခဲ့ပါတယ်။ ဒုတိယမြောက် Season ရိုက်ကူးရေး၊ ထုတ်လွှင့်မယ်ရက်၊ ဝန်ထမ်းနဲ့ ပါဝင်တဲ့ သရုပ်ဆောင်တွေ လိုမျိုး အသေးစိတ် အချက်အလက်တွေကို အဆုံးဖြတ်ရသေးဘူးလို့ အဲ့ဒီတာဝန်ရှိသူကဆိုပါတယ်။
“Arthdal Chronicles” စီးရီးဟာ Arth လို့ခေါ်တဲ့ ဒဏ္ဍာရီလာနိုင်ငံမှာရှိတဲ့ ရှေးဟောင်း Arthdal မြို့မှာ နေထိုင်တဲ့သူတွေ အကြောင်းနဲ့ ပထမဆုံးတည်ထောင်ခဲ့တဲ့နိုင်ငံရဲ့ ထီးနန်းကို ရယူဖို့ ကြိုးစားရုန်းကန် ခဲ့ရပုံတွေကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Netflix မှာလည်း ကြည့်ရှုနိုင်ပြီး အပိုင်း ၁၈ ပိုင်း ပါဝင်တဲ့ အဲ့ဒီစီးရီးရဲ့ ပထမဆုံး Season ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၂ ရက်နေ့မှာပဲ ပြီးဆုံးခဲ့တာဖြစ်ပါတယ်။
ပါဝင်ထားတဲ့ သရုပ်ဆောင်တွေမှာ ဆိုရင် မင်းသား ဂျန်ဒေါင်ဂန်းနဲ့ မင်းသား ဆောင်းဂျွန်ကီတို့လို ကိုရီးယားမှာ လက်ရှိနာမည်အကျော်ကြားဆုံး မင်းသားတွေ ဖြစ်ပါတယ်။ရိုက်ကူးကုန်ကျစရိတ်က ကိုရီးယား ဝမ်ဘီလီယံ ၄၀ တောင်ရှိခဲ့ပါတယ်။ ဒါကြောင့် ကိုရီးယားနိုင်ငံတွင်းနဲ့ နိုင်ငံတကာက ဒရာမာချစ်ပရိသတ်တွေက အထူးမျှော်လင့် စောင့်စားခဲ့ကြပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့မှာ ပထမဆုံးအပိုင်းကို စတင်ပြသခဲ့ချိန်မှာတော့ လူကြည့်နှုန်းဟာ ၅ ရာခိုင်နှုန်းကနေ ၆ ရာခိုင်နှုန်းသာ ရှိခဲ့ပြီး နောက်ဆုံးအပိုင်းကိုတော့ ၇ ဒဿမ ၄ ရာခိုင်နှုန်းသာ ရှိခဲ့တာကိုတွေ့ရပါတယ်။
Ref:Yonhap
You May Also Like These Stories:
“Game of Thrones” နဲ့ ဆင်တူနေလို့ ဝေဖန်ခံနေရတဲ့ “Arthdal Chronicles” စီးရီး
ပြသတဲ့ ပထမဆုံးရက်မှာတင် ကြည့်ရှုနှုန်း အမြင့်ဆုံး စံချိန်တင်ခဲ့တဲ့ “Arthdal Chronicles”