“Big” ရုပ်ရှင်ကနေ “Forrest Gump” အထိ ပရိသတ်တွေ အထူးအားပေးနှစ်ခြိုက်ခဲ့ရတဲ့ ဇာတ်ရုပ်တွေကို သရုပ်ဆောင်ခဲ့သူ ဟောလိဝုဒ်မင်းသားကြီး Tom Hanks ဟာ သူရရှိထဲ့ဖူးတဲ့ဆုတွေထဲမှာ အမြင့်ဆုံး ဂုဏ်ထူးဆောင်ဆု တခုကို လာမယ့်နှစ်မှာ ကျင်းပမယ့် ရွှေကမ္ဘာလုံးဆုပေးပွဲမှာ ရရှိမယ်လို့ သိရပါတယ်။
မင်းသားကြီး Hanks ဟာ လာမယ့် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့မှာ ကျင်းပမယ့် ရွှေကမ္ဘာလုံး ဆုပေးပွဲမှာ Cecil B DeMille ဆုကို လက်ခံရရှိမှာဖြစ်တယ်လို့ ဟောလိဝုဒ် နိုင်ငံခြား မီဒီယာအသင်း(HFPA) က စက်တင်ဘာလ ၂၄ ရက်နေ့မှာ ကြေညာလိုက်တာ ဖြစ်ပါတယ်။
မင်းသားကြီးဟာ “Saving Private Ryan” ၊ “Toy Story” တို့လို ရုပ်ရှင်တွေမှာ သူမတူတဲ့ဇာတ်ရုပ်တွေကနေ ပါဝင်ထားသလို ပင်လယ်ကမ်းဝေး ကျွန်းတခုပေါ်မှာ သောင်တင်ခဲ့ရတဲ့အမျိုးသားတဦးအဖြစ် သရုပ်ဆောင်ဖို့ ၅၅ ပေါင်လောက် ဝိတ်ချပြီး သရုပ်ဆောင်ခဲ့ရတဲ့ “Cast Away” ရုပ်ရှင်နဲ့ ရွှေကမ္ဘာလုံးဆုကို ရရှိထားသူလည်း ဖြစ်ပါတယ်။
HFPA ဥက္ကဋ္ဌ Lorenzo Soria က Hanks ဟာ အရောင်စုံပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ကောင်တွေနဲ့ ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။ နောက်ပြီး မင်းသားကြီးဟာ ကင်မရာနောက်ကွယ်မှာလည်း ဇာတ်ညွှန်းရေးသူ၊ ထုတ်လုပ်သူနဲ့ ဒါရိုက်တာတဦးအဖြစ် အင်အားတွေ ထုတ်ပြခဲ့သူလည်း ဖြစ်တယ်လို့ဆိုပါတယ်။
DeMille ဆုကတော့ ဖျော်ဖြေရေးလောကမှာ ထူးခြားထင်ရှားတဲ့ အကျိုးသက်ရောက်မှုတွေကို ဖန်တီးခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေကို နှစ်စဉ်ချီးမြှင့်တဲ့ ဆုလည်း ဖြစ်ပါတယ်။ အဲ့ဒီဆုကို အရင်တုန်းက ရရှိခဲ့ဖူးတဲ့ သူတွေထဲမှာ Jeff Bridges, Oprah Winfrey, Morgan Freeman, Meryl Streep, Jodie Foster, Barbra Streisand, Sidney Poitier နဲ့ Lucille Ball တို့လည်း ပါဝင်ပါတယ်။
အသက် ၆၃ နှစ်အရွယ် မင်းသားကြီး Hanks ဟာ ၁၉၈၄ ခုနှစ်မှာ ရေသူမလေး တယောက်ကို ချစ်မိတဲ့ အမျိုးသား တဦးအဖြစ်သရုပ်ဆောင်ခဲ့တဲ့ “Splash” ရုပ်ရှင်နဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်လာသူ ဖြစ်ပြီး ရွှေကမ္ဘာလုံး ဆု လေးကြိမ်ရရှိထားပါတယ်။
ဆုတောင်းတခုကြောင့် အသက် ၁၃ နှစ်အရွယ် ကောင်လေး ကနေ အသက် ၃၅ နှစ်အရွယ် အမျိုးသားတဦးအဖြစ် ညတွင်းချင်းပြောင်းလဲခဲ့ရသူအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Big ရုပ်ရှင်နဲ့ အော်စကာဆုကို ဗွေဆော်ဦးအနေနဲ့ ရရှိခဲ့ပါတယ်။
ဒါ့အပြင် အော်စကာဆုတွေပါ ရရှိခဲ့တဲ့ “Philadelphia” ၊ “Forrest Gump” ရုပ်ရှင်တွေနဲ့ ရွှေကမ္ဘာလုံးဆု ၂ ခုကိုလည်း ရရှိခဲ့ပါတယ်။ သူဟာ HBO ရဲ့ “Band of Brothers” မီနီစီးရီးကို ရိုက်ကူးခဲ့ပြီး အမ်မီဆု ရရှိခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ Hanks ဟာ Kennedy Center ဂုဏ်ပြုဆုကို ရရှိခဲ့ပါတယ်။
၂၀၀၉ ခုနှစ်မှာ အမေရိကန်ရုပ်ရှင်ကျောင်းရဲ့ တသက်သာ အောင်မြင်မှုဆုကို ရရှိခဲ့ပါတယ်။
Ref: hindustantimes