အစာအိမ်ရောဂါကြောင့် ဆေးကုမှုခံယူခဲ့ရတဲ့ ဝေဠုကျော်က အရင်က အစားသောက်မမှန်တာတွေ ပင်ပန်းတာတွေကြောင့် အခုချိန်မှာ အားလုံးစုပြီးဖြစ်တာဖြစ်တာလို့ ဧရာဝတီကိုဆိုပါတယ်။
“ကျန်းမာရေးကတော့ အစာအိမ်ဖြစ်တာ မှန်ပြောင်းကြည့်ပြီးပါပြီ။ အထဲမှာ အလုံးအကြိတ်ကင်ဆာ မရှိပါဘူး။ အစာအိမ် ရောင်နေတဲ့အတွက် အသားစယူပြီး စစ်လိုက်ရတယ်။ စစ်တော့ ဗိုင်းရပ်စ်ကြောင့်ဆိုလို့ ဗိုင်းရပ်စ်သတ်နေပါတယ်။ သတ်ပြီးရင်တော့ ပုံမှန်ပြန်စားလို့ရမှာပါ။ အခုတော့ ပေါင်တော်တော်ကျသွားတယ်။ ကျနော် တို့ ငယ်ငယ်က အစားသောက်မမှန်တာတွေ ပင်ပန်းတာတွေ အခုချိန်မှာ စုဖြစ်တာပေါ့”
“ ငယ်ငယ်က အစားအသောက်မမှန်ခဲ့တာ ပြဿနာမရှိဘူး။ နောက် ရေစိုတွေနဲ့ ရေထဲမိုးထဲတွေ သွားရတယ်။ နေ့လယ်စာ ညစာပေါင်းစားတာတွေ လုပ်ခဲ့တော့ အခု အသက်ကလေးရလာတော့ ကျန်းမာရေးက ဖြစ်လာတယ်။ ဘာပဲဖြစ်ဖြစ် ပေလို့ မရတော့ဘူး။ ကျနော်ထက်တော်တဲ့ လူငယ်တွေကို ရှေ့တန်းတင်ရတော့မယ့် အချိန်ရောက်ပြီ ဆိုတာကို ပြတဲ့ အရွယ်ရောက်ပြီဖြစ်တာကြောင့် လူငယ်တွေကို နေရာဖယ်ပေးရတော့မှာပေါ့ ”လို့ ဝေဠုကျော်က ပြောပါတယ်။
ပရဟိတအလုပ်တွေ လုပ်ကိုင်နေတာကြောင့် အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးနေတဲ့ ဝေဠုကျော်က မကြာခင်မှာတော့ “မနုစာရီ” ဆိုတဲ့ ဇာတ်ကားရိုက်ကူးဖို့ ရှိတယ်လို့ ဆိုပါတယ်။
“ ကျနော် လတ်တလောမှာတော့ ကားမရိုက်ဖြစ်သေးဘူး။ ဆုံးသွားတဲ့ ကိုအောင်ဇော်ပါဝင်ခဲ့တဲ့ “မနုစာရီ”ဇာတ်ကား အတွက် ကျနော်က သူ့အစားရိုက်ပေးဖို့ရှိတယ်။ ကျနော့်ညီတယောက်နဲ့လည်း ဘဏ်ဖောက်တဲ့ ကားတကား ၁၁လပိုင်းမှာ ရိုက်ဖို့ ရှိတယ်”
“ နိုင်ငံမှာ မှတ်တမ်းအဖြစ် ထားလို့ရမယ့် ဇာတ်ကားမှာ ကျနော် ပါဝင်ဖို့လည်းရှိပါတယ်။ နောက် “WLK” ဆိုတဲ့ Multimedia ဆိုတာလေးလည်း လိုင်စင်ကျ ထားတော့ အဲ့ကနေ Youtube တွေ Entertainment တွေ စဖို့လုပ်ပါ့မယ်” လို့ ဆိုပါတယ်။
ကျန်းမာရေးလူမှုရေးတွေကို စိတ်ပူနေတဲ့ ပရိသတ်တွေ ကို စိတ်မပူကြဖို့နဲ့ နားသင့်သလောက်နားပြီး အနုပညာတွေလည်း လုပ်မှာပါလို့ ဝေဠုကျော်က ပြောပါသေးတယ်။
“ကျနော်ကို စိုးရိမ်နေကြတဲ့ ပရိသတ် တွေလည်း မစိုးရိမ်ပါနဲ့ အသက်အန္တရာယ်စိုးရိမ်ရတာ မျိုးလည်း မဟုတ်ပါဘူး။ ဂရုစိုက်ပြီးကုရမယ့် အခြေအနေပါ။ ကျနော်ကို ဒီချိန်မှာ အားပေးတဲ့ ပရိသတ်ရှိသလို မုန်းတဲ့ပရိသတ်လည်းရှိမှာပါ။ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ကျနော်အခု နားသင့်သလောက်နားပြီး အနုပညာတွေလည်းလုပ်မှာပါ”
“ ကျနော်ကို စိတ်ပူနေကြတဲ့ ပရိသတ်တွေ မစိုးရိမ်ပါနဲ့လို့ ကျန်းမာရေးရော လူမှုရေးရော အားလုံးက အချိန်တန်ရင် ပြီးသွားမှာပါ။ ကျန်းမာရေးဆိုလည်း ကုရမှာပဲ။ လိုအပ်တဲ့ တစုံတရာဖြေရှင်းဆိုလည်း ဖြေရှင်းရမှာပဲ။ ယောက်ျားကောင်းတို့ မည်သည် ကိုယ်လုပ်ထားတဲ့ အလုပ်ကို ဖြေရှင်းရဲတဲ့ သတ္တိရှိရမယ်”လို့ ဝေဠုကျော်က ပြောပါတယ်။
You may also like these stories:
“နေမကောင်းတဲ့ ဝေဠုကျော် မြန်မြန်ကျန်းမာပါစေ” လို့ ဆုတောင်းပေးလိုက်တဲ့ သင်းသင်း
“ဝေဠုကျော် လာရောက် ညှိနှိုင်းခဲ့တဲ့ သက်သေတွေ အကုန်ရှိတယ်”လို့ သင်းသင်း ပြော
“အမှုအတွက် ညှိနှိုင်းခဲ့တာမျိုးရှိခဲ့ရင် သက်သေပြပါ” လို့ ပြောလာတဲ့ ဝေဠုကျော်