“မြမြ”ဇာတ်ကားမှာ မုဒိမ်းသမားအဖြစ် သရုပ်ဆောင်မယ့် မျိုးလှိုင်ဝင်းက သရုပ်ဆောင်ဖို့အတွက် ကာရိုက်တာပီပြင်အောင် ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
“ကျနော်ကာရိုက်တာအတွက် မျက်နှာ အနေအထားတွေ ကျင့်နေတယ်။ ပြင်ဆင်စရာလေးတွေလည်း ကိုညိုနဲ့ တိုင်ပင်ပြီး ပြင်ဆင်နေပါတယ်။ ကျနော်ပုံတွေ အွန်လိုင်းမှာ ပြောဆိုနေကြာတာတွေ တွေ့ပါတယ်။ တယောက်နဲ့တယောက်အမြင် မတူတော့ ပြောမယ်ဆိုတဲ့ လူနဲ့ ထောက်ခံမယ့် သူတွေ ရှိမှာပါပဲ”
“ကျနော် သွားမယ့် လမ်းကြောင်းတခုကို ကျနော်သွားမှာပါ။ မကောင်းဘူးပြောပြော၊ ကောင်းတယ် ပြောပြော ကျနော် ဒါကို လုပ်မယ်လို့ ဆုံးဖြတ်ပြီးပြီ။ ဒီအလုပ်အတွက် စိတ်ဝင်တစား လုပ်ဖို့ပဲ စဉ်းစားထားတယ်။ ကျနော်တို့ အနုပညာဆိုတာ သဏ္ဍာန်လုပ်ရင်တော့ သရုပ်တူရမှာပေါ့” လို့ မျိုးလှိုင်ဝင်းက ပြောပါတယ်။
မုဒိမ်းသရုပ်ဆောင် အဖြစ် လူရွေးပွဲတုန်းက စင်ပေါ်မှာ သရုပ်ဆောင်ပြခဲ့တာနဲ့ပတ်သက်ပြီးလည်း မျိုးလှိုင်ဝင်းက အခုလိုဆိုပါတယ်။
“ကျနော်တို့ လူတဖက်သားကို အကျင့်ယုတ်တော့မယ်ဆိုရင် မျက်နှာထားမှာကိုက အကျင့်ယုတ်တဲ့ သဏ္ဍာန်ဖြစ်နေရမှာ လေ။ အဲ့အိုက်တင်မျိုးပဲ ရွေးချယ်ပွဲတုန်းကလည်း လုပ်ပြခဲ့တာပါ။ ပွဲကလည်း မုဒိမ်းဇာတ်ကောင် ရွေးတာဖြစ်တာကြောင့် ကျနော်ပြောနေလည်း သိပ်တော့ ခေါင်းထဲ မရှိဘူး။ မြန်မာနိုင်ငံအစဉ်အလာကလည်း ဝေဖန်တတ်ကြတယ်”
“ ရိုက်ချက်တွေ ကလည်း အရင်နဲ့ မတူနိုင်ပါဘူး။ ကိုယ်လုပ်လိုက်ရတာ အောင်မြင်သွားတယ်လို့ပဲမြင်တယ်။ ရှေ့လျှောက် အနုပညာလုပ်ရင် လည်းကိုယ်လုပ် ရမယ့် ကာရိုက်တာကိုပဲ အကောင်းဆုံး ကြိုးစားသွားမှာပါ ”လို့ မျိုးလှိုင်ဝင်းက ပြောပါတယ်။
နောက်ပိုင်းမှာလည်း ဇာတ်ကားတွေ ကမ်းလှမ်းလာရင် ရိုက်ဖို့ရှိတဲ့ မျိုးလှိုင်ဝင်းက ဘယ်လိုကာရိုက်တာပဲ ဖြစ်ဖြစ်ကြိုးစား သွားမှာပါလို့ဆိုပါတယ်။
“ကျနော်ကို နောက်ပိုင်း အနုပညာတွေ ကမ်းလှမ်းလာရင်လည်း ရိုက်ကူးသွားမှာပါ။ ဘယ်လိုကာရိုက်တာပဲ ဖြစ်ဖြစ်ကြိုးစား သွားမှာပါ။ ကျနော်ကို ဟာသသရုပ်ဆောင် ရှဲဒိုးနဲ့တူတယ်လို့ပြောတာကို အရမ်းသဘောကျပါတယ်။ သူ့အိုက်တင် တွေလည်း သဘောကျတယ်။ ကိုယ့်ကိုယ်ကိုလည်း ဂုဏ်ယူမိတယ်”
“ ကျနော် မသင်ဇာနဲ့ စကားမပြောဖူးဘူး။ ပြောလည်းမပြောရဲဘူး။ ကြောက်တယ်။ ကိုယ်ထက် စီနီယာတွေလည်း ဖြစ်တော့ရှိန်တယ်။ နောက်ပိုင်းတော့ သရုပ်ဆောင်ရင်းစကားဖြစ်မှာပါ။ သင်ဇာက Talent ရှိတဲ့ သူတယောက် ဖြစ်တာကြောင့် အရမ်းတော်တယ်”လို့ မျိုးလှိုင်ဝင်းကပြောပါတယ်။
လူမှုကွန်ရက် စာမျက်နှာပေါ်မှာ လူအများ စိတ်ဝင်စားခဲ့ကြတဲ့ မုဒိမ်းကျင့်ပြီး အသတ်ခံခဲ့ရသူ “မြမြ” ဆိုတဲ့ မိန်းကလေး တယောက်အကြောင်း ရုပ်ရှင်အဖြစ် ဒါရိုက်တာ ညိုမင်းလွင်က ပုံဖော် ရိုက်ကူးမှာ ဖြစ်ပြီး သရုပ်ဆောင်များအဖြစ် သင်ဇာဝင့်ကျော်၊ ဖြိုးမြတ်အောင်၊ဒီဒီး၊ ဝင်းသပြေထွန်းနှင့် အနုပညာရှင် အသစ်များလည်း ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။