Entertainment

ဘောလိဝုဒ်ရဲ့ အမြင့်ဆုံးဂုဏ်ပြုဆုကို ရရှိခဲ့တဲ့ မင်းသားကြီး အမီတာဘဂျမ်း

ဘောလိဝုဒ် မင်းသားကြီး အမီတာဘဂျမ်းဟာ ၂၀၁၈ ခုနှစ်အတွက် Dadasaheb Phalke Award ဆုကို ရရှိသူဖြစ်ကြောင်း ကြေညာခံခဲ့ရပြီးနောက် စက်တင်ဘာလ ၂၅ ရက်နေ့မှာပဲ ကျေးဇူူးတင်စကား ပြောဆိုခဲ့ပါတယ်။

ရုပ်ရှင်အနုပညာ သက်တမ်း နှစ်ပေါင်း ၅၀ ကျော်ခဲ့ပြီဖြစ်ပြီး အသက် ၇၆ နှစ်အရွယ် မင်းသားကြီး အမီတာက သူ့ရဲ့ Twitter အကောင့်ကနေ တုံ့ပြန်စကား ဆိုခဲ့ပါတယ်။

“ကျနော် ရရှိခဲ့တဲ့ ရက်ရောမှုတွေကို ဖော်ပြဖို့ ဘယ်လိုပြောရမလဲ ဆိုတာကို စကားလုံးတောင် ရှာမရပါဘူး။ ကျနော့် တကယ့်ကိုပဲ ကျေးဇူးတင်ပါတယ်။ စိတ်ရင်းနဲ့ ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်”လို့ မင်းသားကြီးက သူ့ရဲ့ Twitter မှာ ရေးသားခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ ရက်နေ့မှာ သတင်းအချက်အလက်နှင့် ထုတ်လွှင့်ရေးဝန်ကြီး Prakash Javadekar က အဲ့ဒီဂုဏ်ပြုဆုကို ဝါရင့်မင်းသားကြီး အမီတာထံ ပေးအပ်တဲ့အကြောင်း ကြေညာခဲ့ပါတယ်။

အိန္ဒိယရုပ်ရှင်လောကရဲ့ ဖခင်ကြီး Dhundiraj Govind Phalke ကို အမည်စွဲခေါ်ဆိုတဲ့ အဲ့ဒီဆုကို ၁၉၆၉ ခုနှစ်ကစလို့ စတင်ပေးအပ်ခဲ့တာဖြစ်ပြီး ထူးခြားချက်က အဲ့ဒီနှစ်မှာပဲ မင်းသားကြီး အမီတာက “Saat Hindustani” ရုပ်ရှင်နဲ့ ဘောလိဝုဒ် အနုပညာလောကထဲကို စတင်ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

အိန္ဒိယရုပ်ရှင်လောကမှာ အနုပညာရှင်တဦးအတွက် အမြင့်ဆုံး ဂုဏ်ပြုသတ်မှတ်ချက်နဲ့အတူ ရွှေကြာဆုတံဆိပ်၊ ခြုံလွှာနဲ့ ရူပီးငွေ ၁ သန်းလည်း ချီးမြှင့်ခံရမှာဖြစ်ပါတယ်။ ဂန္တဝင်အဆိုတော်ကြီး Lata Mangeshkar ကလည်း အဲ့ဒီသတင်းကို ကြားခဲ့ရပြီးတဲ့နောက် အထူးဝမ်းမြောက်ခဲ့ရတယ်လို့ ဆိုပါတယ်။

“ဘဘ အမီတာရေ၊ Dadsaheb Phalke ဆုနဲ့ ဂုဏ်ပြုခံခဲ့ရတယ်ဆိုတာကို ကြားသိလိုက်ရလို့ အထူးပဲ ဝမ်းမြောက် မိပါတယ်။ တကယ့်ကိုပဲ လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုပါတယ်။ အိန္ဒိယရုပ်ရှင်လောကရဲ့ ဖခင်ကြီးရဲ့ နာမည်နဲ့ ပေးအပ်တဲ့ ဆုဟာ အိန္ဒိယရုပ်ရှင်လောကထဲက တကယ့် မီဂါ စတားတယောက်ကို ပေးအပ်လိုက်တာပဲ ဖြစ်ပါတယ်”လို့ ဂန္တဝင်အဆိုတော်ကြီး Lata Mangeshkar က ဆိုပါတယ်။

“Piku” ရုပ်ရှင်ဒါရိုက်တာ Shoojit Sircar ကလည်း မင်းသားကြီးအမီတာအတွက် ဂုဏ်ယူတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။ “Gulabo Sitabo” ရုပ်ရှင်မှာ မင်းသားကြီးနဲ့အတူ ပြန်လည် လက်တွဲရိုက်ကူးမှာ ဖြစ်တဲ့အကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ တောင်ပိုင်းမင်းသား Mammootty ကလည်း မင်းသားကြီးအနေနဲ့ အခုလိုဂုဏ်ပြုဆုကို လက်ခံရရှိဖို့ အချိန်အခါသင့်ပြီလို့ ဆိုပါတယ်။

You may also like these stories:

အာသံ ရေဘေး ဒုက္ခသည်များအတွက် မင်းသားကြီး အမီတာဘဂျမ်း ရူပီး ၅၁ သိန်း လှူဒါန်း

ဘောလီဝုဒ်စတား အမီတာဘဂျမ်း လယ်သမား ၁ထောင်ကျော်၏ ကြွေးမြီများကို ရှင်းပေး

“Thugs of Hindostan” ရုပ်ရှင်ကို စွန့်စွန့်စားစား ရိုက်ကူးခဲ့ရတဲ့ အမီတာဘဂျမ်းနဲ့ အမီရာခန်း

“Thugs of Hindostan” ရုပ်ရှင် အက်ရှင်ဇာတ်ဝင်ခန်းကြောင့် ဒဏ်ရာဖြစ်ခဲ့ရတဲ့ အမီတာဘဂျမ်း

Loading