“အောင်ဆန်း” ရုပ်ရှင်မှာ မေရီလှတောအဖြစ် ပါဝင်ခွင့်ရတဲ့အတွက် မြန်မာနိုင်ငံသူ တယောက်အနေနဲ့ အရမ်းဂုဏ်ယူတယ်လို့ သရုပ်ဆောင် မိုးဟေကိုက မီဒီယာတွေကို ပြောပါတယ်။
“ဗိုလ်ချုပ်ဇာတ်ကားမှာ ပါဝင်ခွင့်ရတဲ့အတွက် ဂုဏ်ယူတာပေါ့။ ဒီကားကို ကမ်းလှမ်းခြင်းခံရတုန်းက ယုံလည်း မယုံဘူး။ တကယ် ရိုက်ဖြစ်သွားပြီဆိုတော့ မိုးတို့ ရက်တွေ ညှိကြတယ်။ မအားရင်တောင် မိုးက ဂုဏ်ယူစွာနဲ့ ရိုက်ရက်ကို လိုလိုလားလား ညှိပေးခဲ့တာပါ။ မြန်မာနိုင်ငံသူ တယောက်အနေနဲ့ အရမ်းဂုဏ်ယူတယ်။ အိပ်မက်ကြီး တခုလိုပါပဲ။ မကမ်းလှမ်းခဲ့ရင်တောင် သွားကြည့်ရမယ့်သူ တယောက်အနေနဲ့ မိုးသွားကြည့်မှာပါ”လို့ မိုးဟေကိုက ပြောပါတယ်။
သရုပ်ဆောင် မိုးဟေကိုက “မိုး” ရုပ်ရှင် ထုတ်လုပ်ရေးကနေ ရိုက်ကူး ထုတ်လုပ်တဲ့ “ရှေ့သွားနောက်လိုက်” ဇာတ်ကားနဲ့ ပတ်သက်ပြီးလည်း အခုလိုပဲ ပြောပါတယ်။
“ရှေ့သွားနောက်လိုက် ကားလေးက ကမ္ဘာပေါ်မှာရှိတဲ့ မိဘတိုင်းကို ကိုယ်စားပြုတယ်။ သိတတ်တဲ့ သားသမီးတွေ ရှိသလို မေ့လျော့နေတဲ့ သားသမီးတွေလည်း ရှိတယ်။ အဲ့ဒါလေးတွေကို မိဘတွေ ကိုယ်စားပြုပြီးတော့ မိုး ထုတ်လုပ်ရေးကနေ ထုတ်လုပ်တာပေါ့။ ကိုယ်တိုင်လည်း ဒီကားကို ကြိမ်ဖန်များစွာ ကြည့်တယ်။ ကိုယ်တိုင်လည်း မျက်ရည်ကျတယ်။ ရင်ကို ခံစားရစေတဲ့ ကားတကားပါ”လို့ မိုးဟေကိုက ပြောပါတယ်။
မိခင်ဖြစ်သူ ကျန်းမာရေးကြောင့် အနုပညာအလုပ်တွေကို အများကြီး မလုပ်ဖြစ်တော့တဲ့ သရုပ်ဆောင် မိုးဟေကိုက သူ့ရဲ့ “မိုး” ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တဲ့ “ရှေ့သွားနောက်လိုက်” ဇာတ်ကားကို စက်တင်ဘာ ၂၆ ရက်နေ့က စပြီး ရုံတင်ပြသနေပြီ ဖြစ်ပါတယ်။
“ရှေ့သွားနောက်လိုက်” ဇာတ်ကားကို ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)က ပုံဖော်ရိုက်ကူးခဲ့တာ ဖြစ်ပြီး သရုပ်ဆောင် ဇင်ဝိုင်း၊ ထွန်းအိန္ဒြာဗို၊ ထွန်းထွန်း၊ မင်းမော်ကွန်း၊ အလင်းရောင်၊ နေမင်းနဲ့ အနုပညာရှင်များစွာ ပါဝင် သရုပ်ဆောင်ထားကြပါတယ်။
မကြာခင် အောက်တိုဘာလ အတွင်းမှာလည်း ဒါရိုက်တာ ဝိုင်း ရိုက်ကူးပြီး သရုပ်ဆောင် မိုးဟေကို၊ ဖွေးဖွေး၊ အလင်းရောင်တို့ ပါဝင် သရုပ်ဆောင်ထားကြတဲ့ “ပပဝတီ စီရင်ခန်း” ရုပ်ရှင် ဇာတ်ကားကြီး ရုံတင် ပြသတော့မှာ ဖြစ်ပါတယ်။
You may also like these stories:
“ဗိုလ်ချုပ်နေရာက သရုပ်ဆောင်မယ့် ကျော်ကျော်မျိုးကို အားအရဆုံးပဲ”လို့ လူမင်း ပြော
၈ နှစ်နီးပါး စောင့်ခဲ့ရတဲ့ ဗိုလ်ချူပ်ရုပ်ရှင် မကြာခင် ရိုက်ကူးတော့မယ်လို့ လူမင်း ပြော
“ဗိုလ်ချုပ်ရုပ်ရုင်ကို ဟာကွက် မရှိအောင် စီစဉ်ရတဲ့အတွက် ကြာနေတာပါ”
“ဗိုလ်ချုပ်ရုပ်ရှင်”ကို စက်တင်ဘာလကုန်မှာ စတင်ရိုက်ကူးတော့မယ် လို့ လူမင်းပြော