ဆယ်စုနှစ် ၃ ခုကြာ ဂီတလမ်းကြောင်းပေါ်မှာ ခိုင်မာစွာ ရပ်တည်လျက်ရှိပြီး Iron Cross ဆိုတဲ့ မြန်မာနိုင်ငံရဲ့ အအောင်မြင်ဆုံး Band တခုထဲမှ အဖွဲ့ဝင်တဦးဖြစ်တဲ့ အဆိုတော် လေးဖြူရဲ့ ဂီတအပေါ် ခံယူချက်များ၊ ဂီတ သက်တမ်းတလျှောက် သီဆိုခဲ့တဲ့ ကော်ပီသီချင်းများအကြောင်း၊ မကြာခင်မှာ ဖျော်ဖြေပွဲပြုလုပ်မယ့် အကြောင်းအရာများကို ဧရာဝတီက အခုလိုပဲ တွေ့ဆုံ မေးမြန်းထားပါတယ်။
မေး။ ။ အခု BAWDAR ဘီယာနဲ့ ပွဲလုပ်ဖို့ လက်ခံဖြစ်တဲ့အကြောင်းကို ပြောပြပေးပါ။
ဖြေ။ ။ ဒီနှစ်ပိုင်းမှာ ကျနော်တို့ဘာလို့ မလုပ်ဖြစ်လဲဆိုတော့ ကျနော်တို့ကို ကမ်းလှမ်းတဲ့သူတွေ မရှိလို့ပေါ့။ ဒီလိုပဲပြောရမှာပဲ။
မေး။ ။ IC Show ပွဲတွေက အခုနောက်ပိုင်းမှာ ရန်ကုန်မှာတွေ့ရခဲတယ်ပေါ့။ အဲဒါကရော ဘာကြောင့်ပါလဲ။
ဖြေ။ ။ ကျနော်တို့ အနုပညာရပ်ဝန်းက အလုပ်များတယ်၊ အလုပ်နည်းတယ်ဆိုတာကတော့ ပျော်ပွဲရွှင်ပွဲလုပ်နိုင်ခြင်း မလုပ်နိုင်ပေါ်မှာ အဓိက မူတည်တာပေါ့။ အဓိကကတော့ နိုင်ငံရဲ့စီးပွားရေး အဆင်ပြေတယ်ဆိုရင်ပေါ့။ မြန်မာပြည်ရဲ့ ထုံးစံ ပွင့်လင်းရာသီမှာပဲ အားလုံး စိုစိုပြေပြေ ရှိကြတာ။ စိုက်ပျိုးရေးနိုင်ငံဆိုတော့ ကောက်ပဲသီးနှံတွေလည်း ရကြတယ်။ ပျော်ပွဲရွှင်ပွဲတွေလည်းလုပ်ကြတဲ့ ဓလေ့ဆိုတော့ မိုးရာသီဆိုရင်နှေးပါတယ်။ ပွင့်လင်းရာသီမှာပဲ ပွဲများဖို့ ရှိပါတယ်။
မေး။ ။ ပရိသတ်နဲ့လည်း မတွေ့တာကြာပြီဆိုတော့ ဒီပွဲအတွက်ရော ဘယ်လိုတွေ ပြင်ဆင်ထားလဲ။
ဖြေ။ ။ ထိပ်ဆုံးပွဲဆိုတော့ စိတ်လှုပ်ရှားတယ်။ မဆိုရတာလည်းကြာပြီဆိုတာက ဒီဘက်နှစ်မှာ Music Trend တွေလည်း နည်းနည်း အပြောင်းအလဲရှိတယ်။ နိုင်ငံတကာ Music တွေကလည်း အပြောင်းအလဲ ရှိတယ်။ ကျနော်တို့ အသက်အရွယ်တွေနဲ့ နောက်ပြီး ကျနော်တို့အဖွဲ့က တခြားအဖွဲ့တွေနဲ့ နည်းနည်းလေးကွာခြားတယ်။
ဖွဲ့စည်းပုံရော စည်းမျဉ်းစည်းကမ်းတွေရော တခြားအဖွဲ့တွေနဲ့ သိပ်မတူဘူး ဖြစ်နေတယ်။ ကျနော်တို့က ကျနော်တို့ ညီအစ်ကိုတွေ ဘော်ဒါတွေပဲစုပြီးတော့ ရွာတည်ထားသလိုဖြစ်နေတော့ ကိုယ့်စည်းကမ်းနဲ့ကိုယ်ဆိုတော့ တခြားလူတွေ လုပ်နိုင်တဲ့ပွဲမျိုးကို ကျနော်တို့က မလုပ်နိုင်ဘူးဖြစ်နေတယ်။ ကျနော်တို့ စည်းကမ်းနဲ့ ကျနော်တို့ ကြပ်နေသလို ဖြစ်နေတယ်။ ရှေ့ဆက်မယ့် ပွဲတွေကိုလည်း BAWDAR ကလည်း Title Sponsor ပေးဖို့ ရည်ရွယ်ချက် ရှိပါတယ်။
အခုထိတော့ စကားပြောနေကြတုန်း၊ စေ့စပ်ဆွေးနွေးနေကြတုန်းပေါ့။ အဆင်ပြေရင်တော့ လူတွေ ပျော်ဖို့ရွှင်ဖို့ လူတွေပျော်ရင် ကျနော်တို့က ပျော်တာလေ။ လူတွေငိုနေတဲ့အချိန် ကျနော်တို့ ပျော်လို့ မရဘူး။ BAWDAR နဲ့ ပူးပေါင်းပြီး ပျော်ပွဲရွှင်ပွဲတွေ လုပ်နိုင်အောင်ကြိုးစားပါမယ်လို့တော့ စဉ်းစားထားပါတယ်။
မေး။ ။ IC မှာဆိုရင် မျိုးဆက်သစ် ဂီတဝါသနာပါတဲ့လူငယ်တွေ ထွက်ပေါ်လာပြီဆိုတော့ ပွဲတွေမှာ မြင်ရဖို့ရှိမလား။
ဖြေ။ ။ အခုထိတော့ မရှိပါဘူး။ တချို့ကတော့ မျိုးဆက်သစ်ကို မျှော်လင့်တာပေါ့နော်။ နောက် Generation အသစ်အတွက် အနုပညာရပ်ဝန်းကပဲ နောက်ထပ် Generation အသစ်တွေမွေး သူတို့ရဲ့ New Generation, New Blood Music တွေ စီးဆင်း အဲ့လိုမျိုးပဲ ဖြစ်စေချင်ကြတယ်။
ကျနော်တို့ အယူအဆကျတော့ ရိုးရိုးနဲ့ တည့်တည့်ပြောရမယ်ဆိုရင် ဆရာမြသန်းတင့်တို့ ယူဆသလိုပါပဲ။ ဆရာမြသန်းတင့်ကြီးကနေ ဆရာမြသန်းတင့်လေး မမွေးနိုင်ဘူးဗျ။ အဲ့လိုမျိုး လက်ခံထားတဲ့အတွက် ဒါဟာတယောက်ချင်းစီရဲ့ အနုပညာ အရည်အသွေးနဲ့ သက်ဆိုင်တဲ့အတွက် မျိုးဆက်သစ်ဆိုပေမယ့် သူ့လမ်းကြောင်း သူ့သဘာဝနဲ့ သွားကြတဲ့အခါကျတော့ ကိုယ်တွေက ပံ့ပိုးဖို့ပဲ ရှိတာပေါ့။
အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းက သူတို့ကြိုးစားမှုပေါ် မူတည်တယ်။ ကျနော်တို့က ဘေးနားကနေပြီးတော့ ဒါမျိုး မလုပ်ပါနဲ့၊ မူးယစ်ဆေးဝါး မလုပ်ပါနဲ့ ကြိုးစားပါ။ ဘယ်လိုမျိုး နားထောင်သင့်ပါတယ်။ အဲ့လိုမျိုးပေါ့။ ညွှန်ပြတာလောက်ပဲ လုပ်နိုင်တာပေါ့။ သူ့အောင်မြင်မှုနဲ့က သူနဲ့ပဲ ဆိုင်တယ်။ ကျနော်တို့နဲ့ မဆိုင်ဘူး။
မေး။ ။ အခုဆိုရင် IC ရဲ့သားသမီးတွေက အဆိုတော်တွေ လုပ်နေကြပြီ။ ကိုလေးဖြူရဲ့ မျိုးဆက်ကရော ဂီတနဲ့ ပတ်သက်ပြီး လုပ်ဖို့ရှိမလား။
ဖြေ။ ။ ကျနော့် ကလေးတွေက ဝါသနာပါတယ်။ ဒါပေမယ့် Participate လုပ်ဖို့ကျတော့ စိတ်မဝင်စားကြဘူး။ Music တော့ ဝါသနာပါတယ်။ ကျနော်က စိတ်မပါတာကို အတင်းကြီး မလုပ်ခိုင်းချင်ဘူး။ လုပ်လည်း မလုပ်ပေးချင်ဘူး။ ကျနော့်ကို လုပ်ရင်လည်း မကြိုက်ဘူး။ ကျနော် စိတ်မပါတာ ကျနော့်ကိုခိုင်းရင် ကျနော်မကြိုက်ဘူး။
လွတ်လွတ်လပ်လပ်ပဲ ချကြပေါ့။ ဖက်ရှင်ကို ဝါသနာပါရင် ဖက်ရှင်ပေါ့။ Music ကို ဝါသနာပါရင် Music ပေါ့။ မဟုတ်ဘူး ကျနော်ကတော့ ပန်းပုနဲ့ ဆိုင်တာကို ဝါသနာပါတယ်ဆိုရင် ပန်းပုကို အားပေးမှာပေါ့။ ကျနော်တို့က ပံ့ပိုးဖို့တာဝန်ပဲ ရှိပါတယ်။ ဖြစ်သွားတယ်ဆိုရင် ဝမ်းသာပါတယ်။
မေး။ ။ ကိုလေးဖြူအနေနဲ့ ရုပ်ရှင်ဇာတ်ဝင်တေးတွေလည်း ဆိုတာကို တွေ့ရတယ်။ အဲ့အကြောင်းလေးလည်း ပြောပြပေးပါဦး။
ဖြေ။ ။ ရုပ်ရှင်သီချင်းတွေကို အသုံးအစွဲလေးတော့ တော်တော်ပြောင်းလဲလာတယ်။ အရင်တုန်းကဆိုရင်တော့ ကျနော်တု့ိဆိုပြီးသား သီချင်းတွေကို သုံးတယ်။ ဇာတ်လမ်းနဲ့ အံဝင်ခွင်ကျဖြစ်မယ့်ဟာမျိုးတွေကို ဝယ်ယူပြီး သုံးစွဲတာ များတယ်။ အခုနောက်ပိုင်းကျတော့ ရုပ်ရှင်သီချင်းတွေကို ရုပ်ရှင်ဇာတ်ညွှန်းကလည်းအသစ် ဇာတ်ကွက်မှာ ကိုယ်တိုင်ခံစားပြီးတော့ အိုင်ဒီယာအသစ်နဲ့ သီချင်းအသစ်ရေးပြီး သုံးကြတာတွေ ဖြစ်လာတယ်။
အင်မတန်ကောင်းတဲ့ တိုးတက်မှုပါပဲ။ ကျနော်တို့ ပံ့ပိုးရမယ်။ အဲ့လိုရုပ်ရှင်သီချင်းတွေ ဆိုဖြစ်နေတာများပါပြီ။ လူတွေ သိပ်မသိကြလို့ပါ။ ဆရာမဂျူးရဲ့ ဝတ္ထုတို့ဘာတို့ဆိုရင် တတ်နိုင်သလောက် ဆိုပေးတယ်။ တတ်နိုင်သလောက်ဆိုတာ ဆိုခတောင် သိပ်မရဘဲနဲ့ကို ဖြစ်စေချင်လို့ သီချင်းအသစ်လေးတွေ ရေးစေချင်လို့ စတူဒီယိုပိုင်းဆိုင်ရာရော အဆိုပိုင်းဆိုင်ရာရော ဆိုပေးတာကြာပါပြီ။
မေး။ ။ ဒါတွေကို အခွေအနေနဲ့ ပြန်ထုတ်ဖို့ကရော ရှိဦးမလား။
ဖြေ။ ။ ၁ ခွေစာ မရှိသေးလို့၊ ရှိရင် ထုတ်တယ်။
မေး။ ။ IC အဖွဲ့သားတွေနဲ့ လုပ်နေတဲ့ Big 9 TV အကြောင်းလေးလည်း ပြောပြပေးပါဦး။
ဖြေ။ ။ ကျနော်တို့က ၁၉၆၅ ၊ ၁၉၇၀ မှာမွေးတဲ့ လူတွေရဲ့ ဒုက္ခကတော်တော်ကြီးတယ်။ ဒုက္ခတွေ တော်တော်ကြုံခဲ့ရတယ်။ အသစ်အဆန်းတွေကို ထိပ်ဆုံးတွေ့တဲ့အဖွဲ့ပဲ။ ကျနော်တို့က TV ဆိုရင်လည်း ကျနော်တို့ လက်ထက်မှာ ပေါ်တယ်။ အင်တာနက်ဆိုရင်လည်း ကျနော်တို့ လက်ထက်မှာ ပေါ်တယ်။ ဒစ်ဂျစ်တယ်ဆိုတာလည်း ကျနော်တို့ လက်ထက်မှာ ပေါ်တယ်။ ဟန်းဖုန်းဆိုရင်လည်း ကျနော်တို့ လက်ထက်မှာ ပေါ်တယ်။ အရင်ဦးဆုံး ပွိုင့်တွေ့တဲ့အဖွဲ့ ဖြစ်နေတယ်။
၁၉၆၅ ၊ ၇၀ မွေးတဲ့ အဖွဲ့ ဖြစ်နေတယ်။ နောက်ဆုံးအကြီးဆုံး ထပ်တွေ့တာက ဒီဂျစ်တယ် စိန်ခေါ်မှုပေါ့နော်။ ကျနော်တို့နိုင်ငံက သွားနေတဲ့ Speed နဲ့ နိုင်ငံတကာကသွားနေတဲ့ Speed ကြားမှာလှိမ့်နေအောင် ခံရတဲ့ထဲမှာ ကျနော်တို့ပါတယ်။ Animation ဆိုရင်လည်း အရင်ဆုံးတွေ့တယ်။ အကုန်လုံးကို အရင်ဆုံးတွေ့ရတဲ့ အဖွဲ့ဖြစ်သွားတယ်။ အရေးခင်းလည်း ကြုံခဲ့ပြီးပြီ။ အခုအကြီးဆုံး ဒစ်ဂျစ်တယ် ပလက်ဖောင်းပေါ့။ လေထဲမှာပဲ စီးပွားရှာတယ်။ လေထဲမှာပဲ ကြေငြာတယ်။
ကျနော်တို့ပွဲ ဆိုရင်လည်း သတင်းစာထဲမှာပဲ ဘုတ်ထောင်ရုံနဲ့ မလုံလောက်တော့ဘူး။ Facebook သုံးစွဲမှုကို မျက်ကွယ်ပြုလို့ မရတော့ဘူး။ ကျနော်ကတော့ Facebook မသုံးပါဘူး။ ကျနော့် Fan လေးတွေ စုထားတဲ့ page လေးတွေတော့ရှိပါတယ်။ မသုံးဘူးဆိုပေမယ့် ဘေးမှာရှိနေတာလေ။ နောက် Generation တွေက တောင်းဆိုလို့ဖြစ်ပေါ်လာတဲ့ ဖြစ်ပေါ်မှုအသစ်ဆိုတော့ လိုင်းပေါ်မှာပဲ အဆိုတော်တွေဖြစ်၊ လိုင်းပေါ်မှာပဲစာရေးဆရာဖြစ်၊ လိုင်းပေါ်မှာပဲ ဘလော့ဂါ ဖြစ်လာတာတွေကို တချိန်လုံးတွေ့လာရတာပေါ့။
အိမ်ထဲက တီဗီတွေကို မကြည့်ဖြစ်ကြတော့ဘူး။ ဒီဖုန်းထဲမှာပဲ တီဗီကြည့်ကြတော့တယ်။ ကြေးနန်းဌာနလည်း မရှိတော့ဘူး။ နောက်ဆိုရင် လေထဲမှာ ရပ်နေတဲ့ အရုပ်တွေ လာတော့မယ်။ နည်းပညာဆိုတဲ့ သဘောကလည်း နားလည်ထားတာက ဂုံးဆင်းကျောက်တုံး လိမ့်တုန်းက အတိုင်းပဲ။ တဖြည်းဖြည်းနဲ့ တိုးတက်မှုက မြန်လာတဲ့သဘော ရှိတယ်။
ဒီဖုန်းထဲမှာ တီဗီကြည့်ကြတော့မယ်ဆိုပြီး အွန်လိုင်းတီဗီဆိုတာကလည်း နိုင်ငံတကာမှာလည်း ရှိတော့နောက်ပိုင်းမှာ မထင်မှတ်ထားတာတွေ အများကြီး ပေါ်လာမယ်။ ဒါပေမယ့် ကျနော်တို့ လက်ခံထားတာကတော့ အဓိကက လူပါပဲ။ လူဆိုတာက လူနဲ့ပဲနေတယ်။ လူ့အသိုင်းအဝိုင်းနဲ့ လူ့အဖွဲ့အစည်းနဲ့ လုပ်သင့်တာရှိတယ်။ မလုပ်သင့်တာ ရှိတယ်။ ကျနော်တို့ တန်ဖိုးထားရမှာက နည်းပညာထက် လူတွေကို ပိုတန်ဖိုးထားရမယ်။
ရင်းနှီးတဲ့ သူငယ်ချင်းတွေ၊ ဘော်ဒါတွေကို တန်ဖိုးထားရမယ်။ လူနဲ့ပဲ အားလုံးလုပ်ရမှာ လူကောင်းမှ အဆင်ပြေမှာ။ လူမကောင်းရင် ဖွံ့ဖြိုးတိုးတက်မှုတွေကလည်း ကောင်းမှာ မဟုတ်ဘူး။ အဲ့လို လက်ခံတဲ့အတွက် ကျနော်တို့နိုင်ငံကလည်း လုပ်နိုင်ပါတယ်ဆိုတာကို ကျနော်တို့က ဟပ်ထိုးလိုက်ရတာပေါ့။ အသံသွင်းတာလည်း ဗီဒီယိုတိပ်ခွေနဲ့ သွင်းဆိုတော့လည်း သွင်းရတာပဲ။ မဟုတ်တော့ဘူး Hard Disk နဲ့သွင်းဆိုတော့လည်းသွင်းရတာပဲ။ တတ်နိုင်တဲ့ဘက်ကနေ လိုက်ရတာ။
ရှင်းရှင်းပြောရရင် နောက်လူတွေကိုလည်း အဲ့လိုမျိုး လုပ်စေချင်တယ်။ ဒီဂျစ်တယ်ကို သွားစေချင်တယ်။ သီချင်းဆိုရင်လည်း ကျနော်တို့ အခွေ မထွက်တာ တော်တော်ကြာပြီ။ ဒစ်ဂျစ်တယ် ပလက်ဖောင်းကနေပဲ တပုဒ်ချင်း ထွက်ကြဖို့ပဲ ရှိတော့တယ်။ အဲ့ကပဲ နားထောင်နေကြတာပဲ။
မေး။ ။ ဆိုရှယ်မီဒီယာ သုံးစွဲမှု များပြားလာရခြင်းရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကိုလည်း သုံးသပ်ပေးပါဦး။
ဖြေ။ ။ အိုင်တီကို နားလည်တဲ့သူတွေက ပိုသိပါလိမ့်မယ်။ အခုတွေ့နေရပြီပဲ။ ကောင်းကျိူးထက် ဆိုးကျိုးက ပိုများတယ်။ အခုဆို 5G ကို ဆန့်ကျင်တဲ့ EU နိုင်ငံတွေ ရှိနေပြီ။ ဒါတွေက ဖြစ်လာဦးမှာပါ။
မေး။ ။ Big 9 ကရော ဘယ်လိုလုပ်ငန်းစဉ်တွေနဲ့ သွားနေလဲ။
ဖြေ။ ။ Big 9 ကတော့ Founder က ကျနော်ရယ်၊ ကိုမျိုးကြီးရယ် နောက်ပြီးတော့ ကျနော်တို့ဆရာ ရှိတယ်။ စင်ကာပူကပဲ သူကတော့ မြန်မာပါပဲ။ သူ့ကိုပဲ ကျနော်တို့ အကုန်လုံးလွှဲပေးပြီးတော့ သူကပဲ ဦးဆောင်ပြီးလုပ်နေပါတယ်။ အခက်အခဲတွေကတော့ ကျနော်တို့ မမြင်ထားတဲ့ အခက်အခဲတွေ အများကြီးပဲ။ ကမာ ္ဘ၁ လုံး တည်ရသလောက် ခက်ခဲတယ်။ ကျနော်တို့ဆီက ၁ ခုချင်း တည်ဆောင်ရတာကြောင့် ခက်ခဲတယ်။ ကျနော်တို့ အခက်အခဲတွေကို လေ့လာပြီးတော့ တခြား Apps တွေ ပေါ်လာတဲ့အတွက် ဝမ်းသာပါတယ်။ ဂီတတို့၊ စာပေတို့၊ ရုပ်ရှင်တို့ ဖွံ့ဖြိုးတိုးတက်ရင် ပျော်တာပေါ့။
မေး။ ။ သီချင်းတွေက ထွက်ဖို့ခက်တယ်ဆိုတော့ သီချင်းအသစ် စောင့်နေတဲ့သူတွေကိုကျတော့ ဘယ်လို ပြောချင်လဲ။
ဖြေ။ ။ Physical Body ကတော့ ထွက်ဖို့ ခက်သွားပါပြီ။ ဝယ်မယ့်လူလည်း မရှိတော့ပါဘူး။ ရောင်းပေးမယ့် ဆိုင်တွေလည်း မရှိတော့ပါဘူး။ Tele Com တွေနဲ့ ချိတ်ပြီးတော့ အွန်လိုင်းပေါ်ကပဲ ရောင်းမယ်။ ကျနော်တို့ နားလည်တာကျတော့ ဆိုရှယ်မီဒီယာကို သုံးတာ ဆိုရှယ်မီဒီယာအတွက်ပဲ ကောင်းတယ်။
အခုက ဝက်ဆိုက်ကို ကျော်ပြီးတော့ Facebook ကို အင်တာနက်လို့ ထင်နေကြတဲ့သူတွေ အများကြီး ရှိတယ်။ အများကြီး လေ့လာရဦးမှာပါ။ သုံးပုံစွဲပုံတွေကိုလည်း အများကြီး ပြောရဦးမှာပါ။
မေး။ ။ နောက်ပြီးတော့ အခုဆိုရင်မြန်မာနိုင်ငံမှာ ကိုယ်ပိုင်သံစဉ်ကို လက်ကိုင်လာကြတာကို တွေ့ရတယ်။ အဲဒီအပေါ် အမြင်လေး ပြောပြပေးပါ။
ဖြေ။ ။ မကိုင်လို့လည်းမရဘူး။ Intellectual Property (အသိဉာဏ် ပစ္စည်း မူပိုင်ခွင့်) က ဒီနိုင်ငံမှာ ကျင့်သုံးလာတာ ကျနော်တို့ပဲ ဂီတအစည်းအရုံးကနေ ဒီဥပဒေကို ကျင့်သုံးဖို့အတွက် နိုင်ငံတကာနဲ့ သွားတော့မယ်ဆိုရင် ကျနော်တို့ တနိုင်ငံတည်းနေမယ်ဆိုရင် မလိုအပ်ဘူး။ နိုင်ငံတကာနဲ့ ယှဉ်ပြီး ကမ္ဘာ့ရွာထဲ ဝင်တော့မယ်ဆိုရင် သူတို့စည်းကမ်းတွေကို လိုက်နာရမယ်။ သူများပစ္စည်းကို ယူသုံးတာက ခွင့်ပြုချက်ယူပြီးမှ သုံးရတာ ရှိတယ်။
ခွင့်ပြုချက် မယူဘဲ သုံးတာ မှားတယ်ဆိုတာကို ကျနော်တို့က သင်ကြားပြီးတော့ နောက်လူတွေကို ကိုယ်ပိုင်သံစဉ်ပဲ ဆိုကြဖို့အားပေးတယ်။ ကျနော်တို့ ကိုယ်တိုင်လည်း ကိုယ်ပိုင်သံစဉ်ဘက်ကို ကျနော်တို့ ၄ ယောက်လုံးက တဖြည်းဖြည်းချင်း သွားနေတယ်။ ကော်ပီ မဆိုတတ်တော့လားဆိုတော့ မဟုတ်ပါဘူး။ ၇ ခွေ ၈ ခွေလောက် ဆိုလာတာ။ ပိုက်ဆံလည်း ရဖို့ လွယ်ပါတယ်။ ကော်ပီကို လွယ်တယ်လို့ပြောတာ မဟုတ်ပါဘူး။ မလွယ်ပါဘူး။ လုပ်ဖူးတဲ့သူတိုင်း သိပါတယ်။ အနုပညာလုပ်ဖူးတဲ့သူတိုင်း သိပါတယ်။
ကိုယ်ပိုင်သံစဉ် ဖြစ်စေချင်လို့ ကိုယ်ကစပြောင်းမှ နောက်လူတွေက ပြောင်းမှာဆိုတော့ အသက်အရွယ်အရ ဘယ်သူမှ မပေးတဲ့တာဝန် ယူထားတယ်။ ကျနော်တို့က ဦးဆောင်ပြီးတော့ ဒါတွေကို လုပ်မယ်၊ ကျနော်တို့ကနေ ဒီအရွေ့လေးကို နောက်လူတွေအတွက်။ ကော်ပီတွေ မကောင်းပါဘူးလို့ ကျနော်တို့ မဆဲဘူး။ ကိုယ်ပိုင်သံစဉ်ပဲကောင်းပါတယ်လို့ Statement မထုတ်ဘူး။ ဒါပေမယ့် ဖြစ်သင့်ဖြစ်ထိုက်တဲ့ လမ်းကြောင်းအတိုင်းပဲ ကျနော်တို့က သွားကြတာပါ။
မေး။ ။ တဖက်မှာလည်း ကိုလေးဖြူတို့ကိုကျတော့ ကော်ပီသီချင်းတွေ ဆိုခဲ့တာကြောင့် ဝေဖန်မှုတွေလည်းရှိခဲ့တယ်နော်။
ဖြေ။ ။ ကော်ပီဆိုတာက ကျနော်တို့ဘက် သုံးကြတယ်။ နိုင်ငံတကာမှာက Cover ဆိုပြီး သုံးကြတယ်။ ဥပမာ မိုက်ကယ်ဂျက်ဆင် သီချင်းကို ခရစ်ကော်နာက Cover အနေနဲ့ ပြန်ဆိုထားတာ ရှိတယ်။ သူချဉ်းကပ်ပုံကတမျိုး။ သေချာတာတခုက မိုက်ကယ်ဂျက်ဆင် ခွင့်ပြုလို့ဆိုတာ ခွင့်မပြုရင် ဆိုလို့ မရဘူး။ သူတို့ နှစ်ယောက်လုံးက ကျနော်တို့လေးစားရတဲ့ အနုပညာရှင်ပါ။ အရပ်စကားနဲ့ပြောရရင် ကော်ပီဆိုတယ်ပေါ့။ အဲ့လို ပြောလို့မရပါဘူး။ Cover ပေါ့။ ခွင့်ပြုချက်ရမှာ ဆိုခွင့် ရှိကြတယ်။ ဉာဏ်ရည်ဉာဏ်သွေး ပိုင်ဆိုင်မှုကို တောင်းခံပြီးမှ ဆိုလို့ ရတယ်။