အမေရိကန် Super Bowl ပွဲချိန်ဝက် ဖျော်ဖြေမှုတွင် ဂျန်နီဖာလိုပက်ဇ်နှင့် ရှကီရာတို့ ပါဝင်မည်
အနောက်တိုင်း ပေါ့ပ်စူပါစတားတွေ ဖြစ်ကြတဲ့ ဂျန်နီဖာလိုပက်ဇ်နဲ့ ရှကီရာတို့ဟာ လာမယ့်နှစ် ဖေဖော်ဝါရီလမှာ ပြုလုပ်မယ့် အမေရိကန် Super Bowl ပွဲချိန်ဝက် ဖျော်ဖြေမှုများ ပါဝင်တင်ဆက်ကြမှာ ဖြစ်တယ်လု့ိ အဲ့ဒီအဆိုတော်နှစ်ဦးရဲ့ Fox Sports တို့ကနေ စက်တင်ဘာလ ၂၆ ရက်နေ့မှာ ပြောဆိုလိုက်ကြပါတယ်။
Fox Sports ရုပ်သံလိုင်းက “ကမ္ဘာပေါ်မှာ အကြီးမားဆုံး ဖျော်ဖြေမှုအနေနဲ့ စင်ပေါ်မှာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ဂျေလိုနဲ့ ရှကီရာတို့ကို ကြိုဆိုလိုက်ကြရအောင်” လို့ Twitter မှာ ရေးသားခဲ့ပါတယ်။
အမေရိကန်အမျိုးသားဘောလုံး အဖွဲ့ချုပ်ရဲ့ Super Bowl ချန်ပီယံရှစ်ပြိုင်ပွဲကို လာမယ့် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့ကျရင် မီယာမီမြို့မှာ ကျင်းပမှာဖြစ်ပြီး အမေရိကန် ရုပ်သံလိုင်းတွေကနေ ထုတ်လွှင့်တဲ့ နှစ်ပတ်လည် အစီအစဉ်တွေထဲမှာဆိုရင်တော့ အကြီးမားဆုံး ဖြစ်ပါတယ်။ အခုပွဲချိန်ဝက် အစီအစဉ်မှာဆိုရင်တော့ ကမ္ဘာပေါ်က နာမည်အကျော်ကြားဆုံး အနုပညာရှင်အချို့ရဲ့ ဖျော်ဖြေတင်ဆက်မှုကို ပြုလုပ်ပြသလေ့ ရှိပါတယ်။
မနှစ်ကပွဲကို ထုတ်လွှင့်ချိန်မှာ ကြည့်ရှုသူ ၉၈ ဒဿမ ၂ သန်းရှိခဲ့ပါတယ်။ “Love Don’t Cost A Thing” နဲ့ “If You Had My Love” တို့လိုသီချင်းတွေကို သီဆိုထားတဲ့ အဆိုတော်၊ မင်းသမီး လိုပက်ဇ်ကတော့ လာမယ့်နှစ် အော်စကာဆု ဆန်ခါတင်စာရင်းမှာ ပါဝင်နိုင်ချေရှိတဲ့ “Hustlers” မှာ အခုနောက်ဆုံး ပါဝင် သရုပ်ဆောင်ထားပါတယ်။
ကိုလံဘီယာအဆိုတော် ရှကီရာကတော့ ဂရမ်မီ ၃ ကြိမ်ရရှိခဲ့ဖူးပြီး ကမ္ဘာပေါ်မှာ ရောင်းအားအကောင်းဆုံး လက်တင်ဂီတကြယ်ပွင့်တခုဖြစ်ပါတယ်။ သူဟာ ၂၀၀၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “Hips Don’t Lie” သီချင်းနဲ့ ကမ္ဘာကျော်ခဲ့သူလည်း ဖြစ်ပါတယ်။
အဆိုတော် လိုပက်ဇ်ကတော့ အခုလိုမျိုး လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ရှကီရာနဲ့ အတူ ပူးတွဲဖျော်ဖြေရမှာ ဖြစ်တာကြောင့် အရမ်းစိတ်လှုပ်ရှားပျော်ရွှင်နေရတယ်လို့ ဆိုပါတယ်။ သူက “ကျမတို့ မိန်းကလေးတွေက ကမ္ဘာပေါ်မှာအကြီးမားဆုံး တင်ဆက်မှုကို လုပ်ဆောင်နိုင်တယ်ဆိုတာကို ပြသဖို့ မစောင့်နိုင်တော့ပါဘူး”လို့ပြောဆိုခဲ့ပါတယ်။
အဆိုတော် ရှကီရာကတော့ ဒီအခွင့်အရေးဟာ စစ်မှန်တဲ့ အမေရိကန်အိပ်မက်တခု ဖြစ်ပြီး ဘဝတသက်တာမှာ အကောင်းဆုံးတင်ဆက်မှုကို ဆောင်ယူလာမှာဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ နှစ် ပွဲချိန်ဝက် တင်ဆက်မှုမှာတော့ ရော့ခ်တီးဝိုင်း Maroon 5 က ပါဝင်ခဲ့ပါတယ်။ တခြားဖျော်ဖြေခဲ့ကြဖူးသူ တွေထဲမှာတော့ လေဒီဂါဂါ၊ မက်ဒေါနား၊ ပရင့်စ်နဲ့ ဘီယွန်းစေးတို့လည်း ပါဝင်ကြပါတယ်။
Ref:asiaone
You may also like these stories:
Super Bowl 2019 ပွဲမှာ ဖျော်ဖြေခဲ့တဲ့ Maroon 5 အဖွဲ့
အမေရိကန် Super Bowl ပြိုင်ပွဲ နားချိန်ဖျော်ဖြေမှုတွင် Maroon 5 ပါဝင်မည်
ဂရမ်မီဆုပေးပွဲမှာ ဝတ်ခဲ့ဖူးတဲ့ ဝတ်စုံနဲ့ ရှိုးလျှောက်ခဲ့တဲ့ ဂျန်နီဖာလိုပက်ဇ်