ဒါရိုက်တာ၊ မင်းသား John Krasinsk ဟာ “A Quiet Place 2” ရုပ်ရှင်ကို ရိုက်ကူးပြီးစီးခဲ့ပြီလို့ သိရပါတယ်။ ဒါရိုက်တာ Krasinski က လူအများစောင့်မျှော်နေကြတဲ့ နောက်ဆက်တွဲ ဇာတ်လမ်းထဲမှာ အရင်ဇာတ်ရုပ်နေရာကနေပဲ သရုပ်ဆောင်ထားတဲ့ ဇနီး Emily Blunt ရဲ့ လက်ကိုကိုင်ထားတဲ့ ဓာတ်ပုံတပုံကို Instagram မှာ မျှဝေလိုက်ပါတယ်။
အဲ့ဒီဓာတ်ပုံနဲ့အတူ သူက “ရိုက်ကူးပြီးစီးပါပြီ။ အပိုင်း ၂ ကို မတ်လ ၂၀ ရက်နေ့မှာ မြင်တွေ့ကြရတော့မှာပါ” လို့ ရေးသားခဲ့ပါတယ်။ ပထမဆုံးပြသခဲ့တဲ့ “A Quiet Place” ရုပ်ရှင်ကိုတော့ ပြီးခဲ့တဲ့နှစ် ဇူလိုင်လ ၁၆ ရက်နေ့မှာ ပြသခဲ့တာပဲ ဖြစ်ပါတယ်။
အခုရုပ်ရှင်အသစ်မှာလည်း ဒါရိုက်တာ Krasinski ကိုယ်တိုင် ဇာတ်ညွှန်းရေးသား ရိုက်ကူးမှာ ဖြစ်ပေမယ့် ၂၀၁၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ ပထမဆုံးရုပ်ရှင်မှာ သူ့ရဲ့ ဇာတ်ကောင်က သေဆုံးခဲ့ပြီးဖြစ်တဲ့အတွက် အခုရုပ်ရှင်မှာတော့ သူပြန်လည် မပါဝင်လာဖို့ များနေပါတယ်။
အသက် ၃၉ နှစ်အရွယ် မင်းသားဟာ အခုနှစ် အစောပိုင်းတုန်းက Deadline မီဒီယာနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာ အခုနောက်ဆက်တွဲ ရုပ်ရှင်အကြောင်းကို ပထမဆုံး မိတ်ဆက်ပြောကြားခဲ့ပါတယ်။
သူက “အိုင်ဒီယာကတော့ တော်တော်လေးကို ရိုးရှင်းပါတယ်။ ကျနော်အခု ဇာတ်ညွှန်းရေးနေပါပြီ။ အသစ် ပြောင်းထား တာမျိုး မရှိပါဘူး။ ဒါပေမယ့် ကျနော့်အတွက်တော့ တကယ့်ကိုပဲ စိတ်လှုပ်ရှားမိပါတယ်။ အခု နောက်လာမယ့် နောက်ဆက်တွဲမှာတော့ ဟီးရိုး သို့မဟုတ် ဗီလိန်အနေနဲ့ ပြန်လာမလားဆိုတာလည်း စိတ်လှုပ်ရှားမိပါတယ်”
“လူတွေက ဒီဇာတ်ကောင်ကို ချစ်ကြတယ်။ ပြန်မြင်ချင်ကြတယ်။ ကျနော်တို့ကတော့ အဲ့ဒါနဲ့ ဆန့်ကျင်တာကို ဖန်တီးချင်တယ်။ ကျနော်တို့က ကမ္ဘာတခုကို ဖန်တီးမယ်။ ပရိသတ်တွေက အဲ့ဒီကမ္ဘာထဲကို ထည့်ချင်တဲ့သူူထည့်မယ်။ လူတိုင်း အဲ့ဒါကို ချိတ်ဆက်ခံစားနိုင်မှာပါ” လို့ ဆိုပါတယ်။
မူလပထမတုန်းက နောက်ဆက်တွဲ ဇာတ်လမ်းထုတ်လုပ်ဖို့ ရည်ရွယ်ချက်မရှိခဲ့ပေမယ့် နောက်တော့ ဇာတ်လမ်းက သူ့ကို ညှိ့ငင်ခဲ့တယ်လို့ ဆိုပါတယ်။ ပထမဆုံးရုပ်ရှင်ကိုတော့ ပရိသတ်တွေကရော၊ ဝေဖန်သူတွေ ကပါ အကြိုက်တွေ့ခဲ့ကြပြီး မင်းသမီး Blunt ဟာဆိုရင် ၂၅ ကြိမ်မြောက်နှစ်ပတ်လည် SAG ဆုပေးပွဲမှာ အကောင်းဆုံးဇာတ်ပို့မင်းသမီး ဆုကို ရရှိခဲ့ပါတယ်။
ဒါရိုက်တာ Krasinski ကိုယ်တိုင် ရိုက်ကူး၊ သရုပ်ဆောင်ထားတဲ့ မူရင်းရုပ်ရှင်ဟာဆိုရင် အသံကြားတဲ့ဆီကို လိုက်လံသတ်ဖြတ်လေ့ရှိတဲ့ သတ္တဝါဆိုးတွေ ဆီကနေ ပုန်းကွယ်နေရင်း အသံတိတ်နေထိုင်ကြရတဲ့ မိသားစု ၄ ဦးအကြောင်း ဇာတ်အိမ်တည်ထားပါတယ်။ အနုပညာအရရော၊ စီးပွားရေးအရပါ အောင်မြင်ခဲ့တဲ့ အဲ့ဒီရုပ်ရှင်ဟာ ဒေါ်လာ သန်း ၃၄၀ ဝင်ငွေ ရရှိခဲ့ပါတယ်။
Ref: hindustantimes