မကြာခင် ရုံတင်ပြသတော့မယ့် “Now and Ever” (ထာဝရနှောင်ကြိုး) ရုပ်ရှင်နဲ့ ပတ်သက်ပြီး ရိုက်ကူးဖြစ်ပုံနဲ့ ရုံတင်ဖို့ အချိန် မြန်ဆန်ခဲ့တဲ့အကြောင်း သရုပ်ဆောင် ဇဏ်ခီက မီဒီယာတွေကို အခုလိုပဲ ပြောပါတယ်။
“Now and Ever Pre Production လွန်ခဲ့တဲ့ တနှစ်ခွဲလောက်ကတည်းက လုပ်ခဲ့တာ။ တနှစ်ခွဲလောက်ဆိုတော့ ကျနော် မြန်တယ်တော့ မထင်ဘူး။ Now & Ever နဲ့ အရင် ဇာတ်ကားတွေ ဘာကွာခြားသွားလဲဆိုရင် ‘မုဒြာရဲ့ခေါ်သံ’ က ၅ နှစ်လောက် စောင့်လိုက်ရတယ်။ ‘ဥပါယ်တံမျဉ်’က ၂ နှစ်ကျော်လောက် စောင့်လိုက်ရတယ်”
“အခုချိန်မှာ ပရိသတ် အင်အားကလည်း ရှိနေတယ်။ အရင်တုန်းကလို မှန်းဆပြီးတော့ ပေးရမလား၊ မပေးရဘူးလား တွန့်ဆုတ်မှုတော့ မရှိတော့ဘူး။ အခုက ရုံရှင်၊ ကားရှင် စနစ် ဖြစ်သွားတော့ ရုံရှင်က သူကြိုက်ရင် ပြမှာပဲဆိုတဲ့ သဘောကြောင့် မြန်သလို ဖြစ်သွားတာပေါ့။ ကမ္ဘာပေါ်မှာလဲ ဒီလိုပါပဲ။ ရုံကို လူဝင်မယ်ထင်တဲ့ ကားဆိုရင် သူတို့က ချပြလိုက်မှာပဲ”
“Now and Ever က ကျနော် US မှာ ရှိနေချိန်မှာ လင်မယားနှစ်ယောက်အကြောင်း ကြားဖူးလိုက်တယ်။ စိတ်ထဲမှာ အဲ့အကြောင်းလေးက အမြဲရှိနေတယ်။ ‘ဥပါယ်တံမျဉ်’ ပြီးတဲ့ အချိန်မှာ အဲ့အကြောင်း အရာလေးကို ရေးဖို့ စိတ်အရမ်းပြင်းပြလာပြီးတော့ ဇာတ်လမ်းတခု အနေနဲ့ ချဲ့လိုက်တာပေါ့။ True Story တော့ မဟုတ်တော့ဘူး။ True Event ဖြစ်သွားတာပေါ့”လို့ ဇဏ်ခီက ပြောပါတယ်။
“Now and Ever” ရုပ်ရှင်ပိုစတာနဲ့ ပတ်သက်ပြီးလည်း ဆိုရှယ်မီဒီယာမှာ ဝေဖန်နေကြတဲ့ အပေါ် ဇဏ်ခီက အခုလိုပဲ ဆိုပါတယ်။
“ကျနော်တို့ ပိုစတာနဲ့ ပတ်သက်ပြီး မပြောချင်ပါဘူး။ ဘယ်ပိုစတာကိုမှလည်း တုပရိုက်ထားတာ မရှိဘူး။ ကျနော်တို့ ဖြစ်သင့်ဖြစ်ထိုက်တာကိုပဲ ခရစ္စက ဒီဇိုင်းကိုပေးလိုက်တယ်။ ဒီဇိုင်းသမားက ၄၊ ၅ မျိုးလောက် လုပ်ပြတယ်။ အဲ့ဒါလေးကို သဘောကျတာကြောင့် ကျနော်တို့ ရွေးဖြစ်သွားတာပါ”
“ကျနော် Now and Ever က ‘မုဒြာရဲ့ခေါ်သံ’ လိုပဲ ဂီတပိုင်းကို တာဝန်ယူတယ်။ ရိုက်တုန်းက သီချင်းတွေ ဒီလောက်သုံးလိမ့်မယ်လို့ ကျနော် မထင်ထားခဲ့ဘူး။ ကားဆက်ရင်း သီချင်းတွေ ပါလာတော့ ကျနော်ကလည်း ဂီတပိုင်းကို လုပ်တဲ့အတွက် သီချင်းတွေ ကိုယ်တိုင် စပ်ဖြစ်တယ်။ သီချင်း ၆ ပုဒ်လောက် ဇာတ်ကားထဲမှာ ပါတယ်”လို့ ဇဏ်ခီက ပြောပါတယ်။
ဒီဇာတ်ကားအတွက်လည်း အရမ်းရင်ခုန်နေသလို ရုပ်ရှင်ထွက်ပြီးရင်လည်း ရုပ်သံ သီချင်းခွေ ထွက်ဖို့ ရှိတယ်လို့ ဇဏ်ခီက ဆက်ပြောပါတယ်။
“ရုပ်သံသီချင်းဆိုပြီး ခွေထွက် ဖို့ရှိတယ်။ ရုပ်ရှင်ထွက်ပြီး မကြာခင်မှာ ထွက်လိမ့်မယ်။ ကျနော်တို့ ဇာတ်ကားအတွက် ရင်ခုန်တဲ့အပြင် ရင်လည်းတုန်တယ်။ အရမ်း အချိန်ယူ ကြိုးစားထားကြတယ်။ အရမ်းမျှော်လင့်ထားကြတယ်။ နမူနာ ထွက်ချိန်မှာ ပရိသတ်ဆီက ကောင်းတာလေးပြောတဲ့ အတွက် ကျနော်တို့ ယုံကြည်မှုတွေ ရှိလာတယ်။ ကျနော်တို့ အရမ်းကြိုက်ကြတာကြောင့် ပရိသတ်တွေလည်း ကျနော်နဲ့ ထပ်တူထပ်မျှကြိုက်ကြပါစေလို့ ဆုတောင်းနေတယ်”လို့ ဇဏ်ခီက ဆိုပါတယ်။
သရုပ်ဆောင် ဇဏ်ခီကတော့ “ဥပါယ်တံမျဉ်”၊ “မုဒြာရဲ့ခေါ်သံ” စတဲ့ ရုပ်ရှင်ကားများနဲ့ ပရိသတ် အားပေးမှု ရရှိခဲ့ပြီး ခီမောင်နှံလို့ ချစ်စနိုးခေါ်ကြတဲ့ သူတို့စုံတွဲကို ပရိသတ် အထူး အားပေးလျက်ရှိပါတယ်။ မကြာခင်မှာလည်း ဇဏ်ခီနဲ့ သရုပ်ဆောင် ပိုင်ဖြိုးသုတို့ ပါဝင်တဲ့ “ထာဝရနှောင်ကြိုး” ဇာတ်ကားကို ရုံတင် ပြသတော့မှာ ဖြစ်ပါတယ်။
You may also like these stories:
ပရိသတ်တွေ သဘောကျနေတဲ့ “ခရစ္စတီးနားခီအတွက် ဇဏ်ခီရဲ့ မွေးနေ့ဆုတောင်း”
“ထာဝရနှောင်ကြိုး” ရုပ်ရှင် ကြာနေတဲ့ အကြောင်းရင်းကို ပြောပြတဲ့ ဒါရိုက်တာ ခရစ္စတီးနားခီ
ဇနီးအတွက် ဒုတိယမြောက် သီချင်းတပုဒ် ရေးပေးထားတဲ့ သရုပ်ဆောင် ဇဏ်ခီ