Entertainment

“မြမြ” ရုပ်ရှင်မှာ သူငယ်ချင်းတွေအဖြစ် သရုပ်ဆောင်မယ့် ဖြိုးမြတ်အောင်နဲ့ ဒီးဒီး

Want create site? Find Free WordPress Themes and plugins.

ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးမယ့် “မြမြ” ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်မယ့် ဖြိုးမြတ်အောင်နဲ့ ဒီးဒီးတို့က ပါဝင်မယ့် ကာရိုက်တာတွေနဲ့ ပတ်သက်ပြီး ဧရာဝတီကို အခုလိုပဲ ပြောပါတယ်။

“မြမြဇာတ်ကားမှာ ကျနော်က သုတအဖြစ် ပါဝင်သွားမှာပါ။ ဒီးဒီးနဲ့ အရမ်းချစ်တဲ့ သူငယ်ချင်းနှစ်ယောက်အနေနဲ့ သရုပ်ဆောင် ရမှာပါ။ အပြင်မှာလည်း ဒီးဒီးနဲ့ ခင်နေပါပြီ။ ရောက်ရောက်ချင်း ထမင်းသွားစားတယ်။ အပြင်မှာလည်း တယောက်နဲ့တယောက် စကားပြောဖြစ်ပြီး ပြောမနာ ဆိုမနာဖြစ်အောင် အခုကတည်းက လေ့ကျင့်နေရတယ်။ ကာရိုက်တာအတွက် ဇာတ်လမ်း ဇာတ်ညွှန်းကို ကြည့်ဖတ်တယ်။ ပြီးတော့ ဒီဇာတ်ကားထဲကအတိုင်း သုတဆိုလည်း သုတ ကာရိုက်တာ ဝင်အောင် ပြင်ဆင်ကြတယ်။ အဲဒီ ကာရိုက်တာလို ဖြစ်အောင် နေထိုင်တယ်”လို့ ဖြိုးမြတ်အောင်က ပြောပါတယ်။

ဆက်လက်ပြီး ဖြိုးမြတ်အောင်က “မြမြ” ရုပ်ရှင်မှာ ပါဝင် သရုပ်ဆောင်လို့ ပရိသတ်တွေ စိတ်ပူနေကြတဲ့ အပေါ် စိတ်မပူကြဖို့လည်း အခုလိုပဲ ဆိုပါတယ်။

“ကျနော်ကို စိတ်ပူနေတဲ့ ပရိသတ်တွေ စိတ်မပူပါနဲ့။ ရုံတင်တဲ့အခါကျရင် ကျနော်တို့ လိုအပ်ချက် အပိုင်းတွေကို ဝေဖန်ပေးပါလို့ပဲ ပြောချင်တယ်။ ကျနော်ဆိုလည်း အခြားက လာကမ်းလှမ်းတာတောင် လက်မခံမဖြစ်ခဲ့ဘူး။ ဒီကားက စိတ်ဝင်စားဖို့ကောင်းတယ် နောက်ပြီး ခက်ခက်ခဲခဲ မဟုတ်လို့ လက်ခံ ရိုက်ကူးဖြစ်တာပါ” လို့ ဖြိုးမြတ်အောင်က ပြောပါတယ်။

ဒီဇာတ်ကားမှာ အဓိက ဇာတ်ဆောင် “မြမြ” နေရာက သရုပ်ဆောင်မယ့် သရုပ်ဆောင် သင်ဇာဝင့်ကျော်အပေါ် အမြင်ကိုလည်း ဖြိုးမြတ်အောင်က အခုလို ဆိုပါတယ်။

“သင်ဇာ့ကို တခါတလေကျရင် သူ့ စိတ်ဓာတ် ကြံ့ခိုင်တယ်ပေါ့နော်။ သူ့ကိုဆိုရင် အပြင်မှာ ဝေဖန်တယ်၊ တိုက်ခိုက်တယ်။ ကျနော် တိုက်ခိုက်ခံရတဲ့ အချိန်မျိုးတွေမှာ သူ့ဆီက လေးစားအားကျ အတုယူရတာမျိုးတွေရှိတယ်”လို့ ဖြိုးမြတ်အောင်က ပြောပါတယ်။

ဇာတ်ကားတွေ ကမ်းလှမ်းခံရပေမယ့် မရိုက်ဖြစ်ခဲ့တဲ့ Social Influencer ဒီးဒီးကတော့ ဒီဇာတ်ကားရဲ့ ဇာတ်ညွှန်းကို ဖတ်ပြီး အရမ်းကြိုက်လို့ လက်ခံဖြစ်တာပါလို့ ဆိုပါတယ်။

“ကျနော် မြမြ ဇာတ်ကားမှာတော့ ရဲလွင် အနေနဲ့ သရုပ်ဆောင်မှာပါ။ ဖြိုးမြတ်အောင် သူငယ်ချင်းပေါ့။ အပြင်မှာလည်း ခင်နေပါပြီ။ အိမ်မှာ ထမင်းလာစားတယ်။ တသားတည်းကျအောင်လည်း Mood တွေ သွင်းနေရတယ်။ ကျနော်တို့ နှစ်ယောက်အပြင်မှာလည်း ဇာတ်ကောင်ထဲက နာမည်ပဲ ခေါ်ကြတယ်။ ကာရိုက်တာ အတွက် ရင်ခုန်ပါတယ်”

“ဒီကားကတော့ ကျနော့်ကို ဒုတိယအကြိမ် ကမ်းလှမ်းခံရတဲ့ ဇာတ်ကားပေါ့။ ဒီဇာတ်ကားကို ဆရာက ဖုန်းနဲ့ ပြောကတည်းက ကျနော် ကြက်သီးတွေ ထလောက်အောင် ကောင်းတာကြောင့် ဇာတ်ညွှန်းကို ဖတ်ပြီး အရမ်းကြိုက်လို့ လက်ခံဖြစ်တာပါ။ သင်ဇာ့ကို ဘယ်လိုမြင်မိလဲဆိုရင် လူတိုင်းက ဒီပုံစံတိုင်းပဲသွားရင် ပျင်းဖို့ ကောင်းတယ်။ သူလုပ်တဲ့စတိုင်တွေ ဖောက်ထွက်နေတဲ့ လမ်းတွေကအစ ကောင်းပါတယ်။ မိုက်ပါတယ်။ ကျနော်ကတော့ သူ့ပုံတွေ ကြည့်ဖြစ်တယ်”လို့ ဒီးဒီးက ပြောပါတယ်။

“မြမြ” ရုပ်ရှင်ကားမှာတော့ အဆိုတော် ဖြိုးမြတ်အောင်နဲ့ ဒီးဒီတို့က သူငယ်ချင်းနှစ်ဦး နေရာကနေ သရုပ်ဆောင်ကြမှာပါ။ မြမြဇာတ်ကောင်အဖြစ် သင်ဇာဝင့်ကျော် သရုပ်ဆောင်မှာဖြစ်ပြီး၊ မြမြ ဝင်ပူးတာ ခံရတဲ့ မိန်းကလေး နေရာမှာတော့ အငြိမ့်မင်းသမီး ဝင်းသပြေထွန်းက သရုပ်ဆောင်သွားမှာပါ။

ဒီဇာတ်ကားထဲကိုတော့ ဒါရိုက်တာ ညိုမင်းလွင်က ကိုယ်တိုင်ထုတ်လုပ်သူ၊ ဒါရိုက်တာအဖြစ် ပါဝင် ရိုက်ကူးမှာဖြစ်ပြီး အောက်တိုဘာလ အတွင်းမှာ စတင်ရိုက်ကူးသွားမယ်လို့ သိရပါတယ်။

You may also like these stories:

ညိုမင်းလွင်ကို ယုံကြည်လို့ “မြမြ” ဝင်ပူးတဲ့ မိန်းကလေးနေရာက သရုပ်ဆောင်မယ့် ဝင်းသပြေထွန်း

“မြမြ” ဇာတ်ကားမှာ မုဒိမ်းသမားအဖြစ် သရုပ်ဆောင်မယ့် မျိုးလှိုင်ဝင်း

“မြ” ရုပ်ရှင်မှာ ဖြိုးမြတ်အောင်နဲ့ အတူတွဲ သရုပ်ဆောင်ရမယ့်အပေါ် သင်ဇာဝင့်ကျော် ဘာပြောလဲ

မုဒိမ်းကျင့်ပြီး အသတ်ခံရတဲ့ “မြမြ”အကြောင်း ရိုက်ကူးမယ့် ဒါရိုက်တာ ညိုမင်းလွင်နဲ့ တွေ့ဆုံခြင်း

Did you find apk for android? You can find new Free Android Games and apps.
Loading