အမေရိကန်စစ်တပ်ဟာ မကြာမီ ရုံတင်တော့မယ့် “Joker” ရုပ်ရှင်ပြသနေချိန်အတွင်းမှာ ပေါ်ပေါက်လာနိုင်တဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ စစ်တပ် ကွပ်ကဲရေးမှူးတွေဆီကို သတိပေးချက် ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
Fort Sill Oklahoma မှာ အခြေစိုက်တဲ့ အမေရိကန်စစ်တပ် အခြေစိုက်စခန်းရဲ့ အမှာစာထဲမှာ လူအစုံလိုက်အပြုံကို ပစ်မှတ်ထားတဲ့ ပစ်ခတ်မှုဖြစ်ပေါ်လာတာနဲ့ ပတ်သက်လို့ အနှောင့်အယှက်ပေးမယ့် အဖွဲ့တွေရဲ့ လုပ်ဆောင်ချက်တွေကို တွေ့ရှိထားတဲ့အကြောင်း ဖော်ပြထားပါတယ်။
အမေရိကန်လေတပ်ရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားတဲ့ သတင်းစကားမှာဆိုရင် “စစ်တပ် ကွပ်ကဲရေးမှူးတွေအနေနဲ့ စစ်သားတွေနဲ့ မိသားစုတွေရဲ့ လုံခြုံရေးကို အထူးဂရုပြုပြီး သူတို့တွေ အနေနဲ့ ရုပ်ရှင် သွားကြည့်မယ်ဆိုရင် ပတ်ဝန်းကျင် အခြေအနေကို သတိထားစောင့်ကြည့်ကြဖို့” တိုက်တွန်းနှိုး ဆော်ထားပါတယ်။ ဒါပေမယ့် အဲ့ဒီပို့စ်ကို မကြာမီမှာပဲ ပြန်လည် ဖျက်ချခဲ့ပါတယ်။
အမှာစာထဲမှာတော့ ၂၀၁၂ ခုနှစ်က ကော်လိုရာဒိုပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ရုပ်ရှင်ရုံတွင်း ပစ်ခတ်မှုကို နမူနာယူပြီးူ “Joker” ရုပ်ရှင်ပြသချိန်မှာ အစွန်းရောက်သမားတွေက တုပလုပ်ဆောင်မှုတွေ ရှိလာနိုင်တဲ့အကြောင်း၊ အောက်တိုဘာလ ၄ ရက်နေ့ ရုပ်ရှင်စတင်ပြသချိန်အတွက် သီးခြားခြိမ်းခြောက်မှု မရရှိထားသေးပေမယ့် စစ်တပ်ဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ မိသားစုဝင်တွေအနေနဲ့ ဖြစ်လာနိုင်ချေကို ထည့်တွက်စဉ်းစားဖို့ လိုတဲ့အကြောင်း ဖော်ပြထားပါတယ်။
အစွန်းရောက်တိုက်ခိုက်သူတွေဟာ ရုပ်ရှင်ထဲက လင်းနို့လူသားရဲ့ ဗီလိန်ဖြစ်တဲ့ ဂျိုကာ ဇာတ်ကောင်ကို အတုယူပြီး ရုံတွင်း ပစ်ခတ်မှုတွေ လုပ်ဆောင်လာနိုင်တဲ့အကြောင်းလည်း ရေးသားထားပါတယ်။ ရုပ်ရှင်ထဲမှာတော့ ဂျိုကာ ဇာတ်ကောင်က သူ့အပေါ် အနိုင်ကျင့်ခဲ့တဲ့သူတွေကို ပြန်လည် တိုက်ခိုက်တဲ့ ဇာတ်ဝင်ခန်းတွေ ပါဝင်ပါတယ်။
အမှာစာထဲမှာ အဲ့ဒီရုပ်ရှင်ကို ကြည့်မယ့် စစ်တပ်ဆိုင်ရာ ပုဂ္ဂိုလ်တွေအနေနဲ့ ရုပ်ရှင်ရုံထဲ ဝင်ချိန်မှာ ထွက်ပေါက် လမ်းကြောင်းတွေကို ကြည့်ရှုထားပြီး ဘေးဘီပတ်ဝန်းကျင်ကို သတိထားသင့်တဲ့အကြောင်း ပြေး၊ ပုန်း၊ တိုက်ခိုက် ဆိုတဲ့စကားရပ်ကို အမှတ်ရပြီး ပြေးနိုင်ကပြေး၊ မပြေးနိုင်ပါက ပုန်းအောင်းဖို့နဲ့ အသံတိတ်နေဖို့ လိုတဲ့အကြောင်း၊ တကယ်လို့ ပစ်ခတ်သူက ကိုယ့်ကို ရှာတွေ့သွားမယ်ဆိုရင်တော့ တတ်နိုင်သမျှ ပြန်လည်တိုက်ခိုက်ဖို့လည်း ညွှန်ကြားထားပါသေးတယ်။
ဒါရိုက်တာ Todd Phillips ရဲ့ ဂျိုကာရုပ်ရှင်ကို မကြာခင်ရက်အနည်းငယ်ဆိုရင် ရုံတင်တော့မှာ ဖြစ်ပါတယ်။ မကြာခင်က ပြုလုပ်ခဲ့တဲ့ ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ ပရိသတ်တွေရဲ့ အထူးနှစ်ခြိုက်အားပေးမှုကို ခံခဲ့ရပေမယ့် အခုလိုမျိုး အငြင်းပွားမှုတွေလည်း ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေတာပါ။ အောက်တိုဘာလ ၄ ရက်နေ့မှာတော့ ကမ္ဘာတဝန်းမှာရှိတဲ့ ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။
Ref: hindustantimes