သရုပ်ဆောင်ကောင်းသလို အကလည်းကောင်းလှတဲ့ မေကဗျာကတော့ ငယ်ရွယ်စဉ်ကတည်းက မြန်မာအကကို ထူးချွန်ဆုများ ရရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“ကဗျာက ငယ်ငယ်လေးကတည်းက အငြိမ့်ကတယ်။ မူကြိုကျောင်းထဲက ကျောင်းမှာ အငြိမ့်ကတယ်။ နောက်ပြီးတော့ ၁ တန်းကနေ ၄ တန်းအထိကို ဆိုကရေးတီးမှာ ကဗျာလွတ်ပြိုင်တယ်။ ဗဟိုအထိ ပထမဆုရခဲ့ဖူးပါတယ်” လို့ မေကဗျာကပြောပါတယ်။
ငယ်စဉ်ကထူးချွန်ခဲ့အတွက် နှင်းဆီအငြိမ့်မှာ ကပြဖျော်ဖြေရတဲ့အခါမှာ အထောက်အပံ့တခုဖြစ်ခဲ့ပြီး အခက်အခဲ မရှိအဆင်ပြေနေတာဖြစ်တယ်လို့ သိရပါတယ်။
“အခုကတာ အဆင်ပြေတယ်ဆိုတာ ငယ်ငယ်ကတည်းက ကဗျာလွတ်ကို အခြေခံပိုင်နိုင်အောင် သင်ခဲ့လို့ အခုပြန်ကတဲ့ အချိန်မှာအဆင်ပြေတယ်ပေါ့။ နောက်ပြီးတော့ ၄ တန်းကနေ ၁၀ တန်းအထိကို ကျောင်းမှာအပျိုတော်ကတယ်။ အကနဲ့တော့ မစိမ်းဘူး။ ကျောင်းမှာ မကရလည်း အိမ်မှာ ကိုယ့်ဘာသာ ကနေတာ ထိုင်မသိမ်းတထည်ဝတ်ပြီး အိမ်မှာ ပတ်ကနေတာဆိုတော့ အခုနှင်းဆီကတော့ အခက်အခဲ မရှိသလို ဖြစ်နေတာပေါ့”လို့ မေကဗျာက ပြောပါတယ်။
ဆက်လက်ပြီး “ကိုယ်ကအကကို စိတ်ပါလို့လား မသိဘူး။ အက ၁ ပုဒ်ကို အခုချက်ချင်း အကွက်ထည့်၊ အခုချက်ချင်းပြန်က ကတတ်တယ်။ လှအောင်ကတော့ ကိုယ့်ဘာသာ ကျင့်ရတာပေါ့။ အဲဒါကြောင့်လည်း ကပ်ပြီး သင်တယ်”လို့ ပြောပါတယ်။
မကြာခင်မှာလည်း “နှင်းဆီလှေ” ဖျော်ဖြေပွဲ ကျင်းပတော့မှာ ဖြစ်တဲ့အတွက် ဒီနှစ်မှာ ကပြရမယ့် သီချင်းအသစ်နဲ့ အကတိုက်နေကြပြီလို့ သိရပါတယ်။
နှင်းဆီအဖွဲ့မှာဆိုရင်တော့ ပြက်လုံးများထုတ်ကြတဲ့အခါ မေကဗျာအား လူရွှင်တော်မင်းသားများက အသားမဲတယ်ဆိုပြီး ပြက်လုံးထုတ်ကြတဲ့အပေါ် မေကဗျာက အခုလိုပြောပါတယ်။
“သူတို့က စင်ပေါ်မှာမှ မဟုတ်ဘူး။ အခုလည်း တွေ့ရင်ပြောသေးတာ။ ပြောနေကျဆိုတော့ ပြောချင်ရာပြောဆိုပြီး ဂရုမစိုက်တော့ဘူး။ ကိုယ်မှ အသား မမဲတာနော်။ ကိုယ်က အသားမဲတာ၊ ဖြူတာနဲ့ Serious ဖြစ်တဲ့ထဲ မပါဘူး။ အေးဆေးပဲ”လို့ မေကဗျာက ပြောပါတယ်။
မေကဗျာကတော့ ယခုနှစ်အတွင်း ဇာတ်လမ်းတွဲများ ၊ VCD ရိုက်ကူးမှုများနဲ့ အလုပ်ရှုပ်နေပြီး အကပရိုဂရမ်လည်း ရိုက်ကူးနေတယ်လို့ သိရပါတယ်။
“အနုပညာလှုပ်ရှားမှုက ဇာတ်လမ်းတွဲတွေ တောက်လျှောက် ရိုက်ဖြစ်တယ်။ နောက်ပြီးတော့ ဒီနှစ်VCD တွေ တော်တော်ရိုက်ဖြစ်တယ်။ သူများတွေ VCD တွေ မရိုက်ကြတော့တဲ့ခေတ်မှာ မရိုက်ရဘူးဆိုရင်တောင် ၁ လကို ၂ ပုဒ်လောက် ရိုက်ရတယ်။ ဓာတ်ပုံတွေ ရိုက်ဖြစ်တယ်”
“ဇာတ်လမ်းတွဲကတော့ ၂တွဲလက်ခံထားတဲ့အတွက် အလုပ်တွေရှုပ်နေတယ်။ အကပရိုဂရမ်လည်း လက်ခံထားတဲ့အတွက် အကနဲ့အလုပ်တွေ ရှုပ်နေတယ်” လို့ မေကဗျာက ပြောပါတယ်။
မေကဗျာကတော့ အသက် ၁၅ နှစ်အရွယ် ထူးချွန်တဲ့ သမီးလေးနဲ့အတူ ပျော်ရွှင်စွာ နေထိုင်လျက်ရှိပြီး စီးပွားရေးလုပ်ငန်းအနေနဲ့လည်း Rose Princess ချည်ထိုးစက်ရုံအလုပ်ကို လုပ်ကိုင်နေပါတယ်။