ဇာတ်ကားရိုက်ကူးမှုများမှာ သဘာဝကျကျ ငိုလေ့ရှိတဲ့ သရုပ်ဆောင် မိုးပြည့်ပြည့်မောင်ကတော့ အနုပညာကို စိတ်အရမ်းထည့်ခဲ့တဲ့ ဒဏ်တွေကြောင့် နှလုံးရောဂါ ခံစားနေရပေမယ့် အနုပညာကိုတော့ မလျှော့ဘူးလို့ ပြောပါတယ်။
“အစ်မတယောက်ဆို ပြောတယ်။ မျက်ရည်တုနဲ့ ငိုပါဟယ် နင့်ကြည့်ရတာသနားလို့ပါ။ ဒါပေမယ့် အဲ့မျက်ရည်တုနဲ့ငိုရင် သက်သက်ကြီးဖြစ်တာ။ ဖြစ်မှသာဖြစ်ရော ဟန်ဆောင်ပြီး မလုပ်တတ်တာ။ ရောဂါရရင် ရရော အခု နှလုံးရောဂါရှိနေလို့ မျက်ရည်တုနဲ့ ငိုမလားဆိုရင် မငိုဘူး။ အဲ့နေရာမှာ အလုပ်လုပ်ရင်း သေသွားပါစေ အစစ်နဲ့ပဲ လုပ်တယ်။ စိတ်ထဲက အစစ်ပဲ ခံစားတယ်”လို့ မိုးပြည့်ပြည့်မောင်က ပြောပါတယ်။
ငယ်ရွယ်စဉ်က အလုပ်အရမ်းလုပ်ခဲ့တာကြောင့် အခုအချိန်မှာ ရောဂါဝေဒနာ ခံစားနေရတာဖြစ်ပြီး စိတ်ကိုလျှော့ပြီး အလုပ်မလုပ်တတ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
“ငယ်တဲ့အချိန်ကတည်းက အလုပ်ကို တအားလုပ်ခဲ့တော့ အလုပ်လုပ်နေရပြီဆိုရင် ကျန်တဲ့ဟာကိုမေ့ပြီး တအားကြိုးစားခဲ့တာ။ အခုနောက်ပိုင်းမှ အေးအေးဆေးဆေးနေရတာ။ ငယ်ငယ်တုန်းကတော့ အရမ်းကြိုးစားခဲ့တယ်။ အလုပ်အလုပ် ဆိုပြီးတော့ပဲ ခေါင်းထဲထည့်ခဲ့တယ်။ သီချင်းဆို၊ အငြိမ့်ကရင် ချွေးစိုနေတဲ့ အဝတ်အစားတွေနဲ့ ပြန်ရင် ပြန်မိတယ်။ ကားပေါ်မှာ နေမိတယ်။ အဲ့ဒဏ်တွေက လူခန္ဓာကိုယ်ပဲနော် စက်ရုပ်မှမဟုတ်တာ ထိလာတယ်”
“ပြီးတော့ နှလုံးရောဂါက အရမ်းငိုလို့ဆိုတာထက် မိုးပြည့်ကတော့ တကယ်ကြီး စိတ်ထဲထည့်ပြီး ငိုတာလေ။ အဲဒါတွေက ကြာလာတဲ့အခါကျတော့ ဖြစ်တာပေါ့။ ငိုခန်း ရိုက်တိုင်းတော့ဖြစ်တာ မဟုတ်ပါဘူး။ စိတ်ကို လျော့ပြီး မလုပ်တတ်တာ” လို့ မိုးပြည့်ပြည့်မောင်က ပြောပါတယ်။
လက်ရှိမှာလည်း ရောဂါရှိနေသော်လည်း လုပ်စရာရှိတဲ့အလုပ်ကို လုပ်မြဲအတိုင်းလုပ်နေပြီး အနုပညာကို ဆက်လက်လုပ်ကိုင်ချင်နေတဲ့အတွက် ကျန်းမာရေးတော့လိုက်စားဖြစ်တယ်လို့ ဆိုပါတယ်။
“အခုလည်းမိုးပြည့်က ရောဂါရှိတာကရှိ ကိုယ်ကတော့ လုပ်စရာရှိတာ လုပ်မှာပဲ အဲ့လိုစိတ်မျိုး။ မောလာရင် အသက်ကို ဝအောင် ရှုတယ်။ ကျန်းမာရေးကောင်းအောင် အသက်ရှုလေ့ကျင့်ခန်းတွေ လုပ်နေတယ်။ ကိုယ် အနုပညာအလုပ်ကို လုပ်ချင်နေတဲ့အတွက် တဖက်မှာ ဘာက ကာလို့ရမလဲဆိုတာကို စဉ်းစားတယ်။ ကိုယ့်ဘာသာ နေထိုင်စားသောက် ဆင်ခြင်တယ်။ ကျန်းမာရေးအတွက် လေ့လာ လိုက်စားတယ်”လို့ မိုးပြည့်ပြည့်မောင်က ပြောပါတယ်။
အခုနောက်ပိုင်းမှာတော့ ရုပ်ရှင်ကားရိုက်များ နည်းပါးသွားပြီး အငြိမ့်က၊ သီချင်းဆိုတဲ့ အလုပ်သာရှိတော့တာကြောင့် အိမ်မှာ အိပ်လိုက်စားလိုက်နေမိ၍ အကတိုက်တဲ့အခါမှာတော့ နည်းနည်းမောလာတာတွေ ရှိတယ်လို့ သိရပါတယ်။
“မိုးပြည့်က သီချင်းဆို၊ အငြိမ့်ကတွေက များတယ်။ ကားရိုက်တွေကျတော့ ခိုးကူးခွေတွေကြောင့် ဗီဒီယိုတွေက အဆင်မပြေကြတော့ဘူး။ ရုပ်ရှင်တွေကျတော့လည်း အဆင်ပြေသလို ဆိုတော့လေ နောက်ပြီး မိုးပြည့်ရုပ်ရှင်ကားကြီးကလည်း အဆင်သင့်ဖြစ်ပြီး ရုံတင်ရက်ကိုစောင့်နေပြီဆိုတော့ မိုးပြည့်အားတဲ့ ရက်တွေဆို အိမ်မှာ အိပ်လိုက်စားလိုက် လုပ်မိနေတယ်”
“အဲ့တော့ အကသင်တဲ့ရက်တွေဆို နည်းနည်း မောလာတယ်။ နှလုံးလည်း ဖြစ်ဖူးတယ်။ အဆုတ်ထဲလည်း ရေဝင်ဖူးတယ်ဆိုတော့လေ”လို့ မိုးပြည့်ပြည့်မောင်က ဆိုပါတယ်။
သရုပ်ဆောင် မိုးပြည့်ပြည့်မောင်ကတော့ မကြာခင် ကပြဖျော်ဖြေမယ့် “နှင်းဆီလှေ” ဖျော်ဖြေပွဲမှာ ကပြမှာဖြစ်ပြီး သူမရဲ့ကိုယ်ပိုင်ထုတ်လုပ်ရေးမှ ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားများ ရုံတင်မယ့်ရက်ကို စောင့်နေတယ်လို့ သိရပါတယ်။