နှင်းဆီအငြိမ့်အဖွဲ့မှာ မင်းသမီးတယောက်အနေနဲ့ ပါဝင်လာတာ နှစ်ကာလတခုကြာလာပြီဖြစ်တဲ့ မိုးယုစံကတော့ အငြိမ့်ကတာနှစ်ကြာလာပေမယ့် ကြိုးစားနေရတုန်းပဲလို့ ပြောပါတယ်။
“ယုံကြည်မှုရှိပြီလားဆိုရင် အပြည့်အဝကြီး မဟုတ်ပါဘူး။ ကတယ်ဆိုတာကလည်း မိုးယုက နှင်းဆီတခုပဲ ကဖြစ်တယ်။ တခြားကလာငှားရင်လည်း မကဖြစ်ဘူး။ ဒါပေမယ့်လည်း စပြီးတော့ ကတဲ့အချိန်ကထက်စာရင် နည်းနည်းတော့ အထာလေးသိသွားပြီပေါ့။ ဝါရင့်တွေလောက်တော့ အဆင်မပြေသေးပါဘူး။ ကြိုးစားနေတုန်းပါ” လို့ မိုးယုစံကပြောပါတယ်။
မော်ဒယ်သရုပ်ဆောင်တယောက်အနေနဲ့ အနုပညာလောကထဲ ဝင်ရောက်လာခဲ့တဲ့ မိုးယုစံက တနှစ်တခါ ကပြ ဖျော်ဖြေလေ့ရှိတဲ့ နှင်းဆိအငြိမ့်မှာ ပါဝင်မှသာ မြန်မာ့ရိုးရာအကကို ကဖြစ်တာဖြစ်တဲ့အတွက် အခက်အခဲကတော့ ရှိနေတုန်းပါလို့ ဆိုပါတယ်။
မကြာခင်မှာလည်း နှင်းဆီအဖွဲ့မှ “နှင်းဆီလှေ” လို့ အမည်ပေးထားတဲ့ဖျော်ဖြေပွဲကို ပြုလုပ်ကျင်းပတော့မှာဖြစ်ပြီး ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေပြီလို့ သိရပါတယ်။
“ကြိုတင်ပြင်ဆင်မှုအနေနဲ့ကတော့ မိုးယုတို့ကအကဆိုတော့ တယောက်တပုဒ်စီနဲ့ အုပ်စုလိုက်တပုဒ်ပေါ့နော် ကကြမယ်။ တယောက်တပုဒ်စီကျတော့ ကိုယ်အဆင်ပြေသလို တိုက်ကြတာပေါ့နော်။ မိုးယုကတော့ မိုးယုတပုဒ်အတွက်တော့ သင်နေတာပေါ့နော်” လို့ မိုးယုစံကပြောပါတယ်။
ဒီပွဲမှာတော့ သီချင်း ၂ပုဒ်နဲ့ကရမှာဖြစ်ပြီး တယောက်တည်း ကရတာနှင့် အပိတ်မှာတော့ မင်းသမီး ၄ယောက်ကရမှာ ဖြစ်တယ်လို့ သိရပါတယ်။
မင်းသမီး ၄ယောက်အကတိုက်တဲ့အခါ လွဲတဲ့အလွဲများကိုလည်း မိုးယုစံက အခုလိုဆိုပါတယ်။
“လွဲတာတွေကတော့ ရှိတယ်။ ၄ယောက်ဆိုတော့ အကကို ၄ယောက်ဆုံပြီးတော့ တိုက်တော့တိုက်တယ်။ ဒါပေမယ့် အကသင်တယ်ဆိုတာကလည်း အချိန်နဲ့ သင်ရတာ ဆိုတော့ အရင်နှစ်က Live ဆိုတော့ပိုဆိုးတယ်။ အောက်မှာက Live ဆိုင်းနဲ့တီးတယ်။ အဆိုတော်ကဆိုတယ်။ အဲ့အချိန်ကျရင်ပိုအခက်အခဲရှိတာပေါ့။ CD နဲ့ကျတော့ ကိုယ့်ဘာသာတိုက်ချင်သလို တိုက်လို့ရတယ်”
“ ၄ယောက်မပြောနဲ့ တယောက်တည်းတောင် တခါတလေကျရင် ဘာကလို့ကရမှန်း မသိတာတွေရှိတယ်။ ၄ယောက်ဆိုတော့ တယောက်နဲ့တယောက်ကျန်ခဲ့တာ မြန်သွားတာလေးတွေရှိတယ်” လို့ မိုးယုစံကပြောပါတယ်။
ဒီပွဲကရရှိတဲ့ ငွေကြေးများကိုလည်း သဘာဝဘေးဒဏ်ခံစားရသော ဒေသများပြန်လည်ထူထောင်ရေးအတွက် လှူဒါန်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ရန်ပုံငွေပွဲမှာပါဝင်ရတဲ့အတွက် မိုးယုစံက “ဝမ်းသာပါတယ်။ အနုပညာလှုပ်ရှားမှုအနေနဲ့က သရုပ်ဆောင်တခုတည်း မဟုတ်ဘဲနဲ့ မြန်မာအကကို အကျွမ်းကျင်ကြီးမဟုတ်ဘဲနဲ့ တတ်သင့်သလောက်တတ်တယ်ဆိုတာက ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူမိပါတယ်။ ကိုယ်တတ်တဲ့အနုပညာလေးနဲ့ ပါဝင်ခွင့်ရတယ် လှူဒါန်းခွင့်ရတဲ့အတွက်လည်း ဝမ်းသာပါတယ်” လို့ပြောပါတယ်။
နှင်းဆီလှေဖျော်ဖြေပွဲကိုတော့ အောက်တိုဘာလ ၄ရက်နေ့နဲ့ ၅ရက်နေ့များတွင် ရန်ကုန် မန္တလေး ၂မြို့မှာကပြဖျော်ဖြေမှာဖြစ်ပြီး အရင်ပွဲများကဲ့သို့ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမှာမဟုတ်ဘဲ Sky net Pay Per View မှ Delay ပြန်လည်ပြသပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
You may also like these stories:
“အငြိမ့်ကနေရင်း မေ့သွားရင် အစားထိုးပြီးမကတတ်ဘူး”
ပရိသတ်ကို ရယ်မောပျော်ရွှင်စေနိုင်တဲ့ ဟာသစစ်စစ်တွေ ပြက်သွားမယ်
ရက် ၂၀ ကျော် ပန်းတွေပို့နေတဲ့ အမည်မဖော်သူကို သိချင်နေတဲ့ နေခြည်ဦး
သက်ထားသူဇာနဲ့ “ချစ်ချစ်တုံး” ဆိုတဲ့ Music Video ရိုက်ကူးထားတဲ့ အဆိုတော် ရဲလေး