ကာမလိမ်လည်မှုဖြင့် သရုပ်ဆောင်ဝေဠုကျော်အား တရားစွဲဆိုထားတဲ့သင်းသင်းက တရားလိုတယောက် အဖြစ်အမှုကို တိုင်ကြားထားတာကြောင့် ပျက်ကွက်ခြင်းမရှိဘဲ ဆက်လျှောက်သွားမယ်လို့ ပြောပါတယ်။
“လူတိုင်းမှာအသက်ရှင်သ၍တော့ အလုပ်ကရှိကြမှာပါပဲ။ မနက်မိုးလင်းတာနဲ့ မိသားစုအရေး ၊ လူမှုရေး ၊ စီးပွားရေးဆိုတာ လူတိုင်းမှာရှိပါတယ်။ ပြစ်မှုမကျူးလွန်ရင် တရားရုံးတက်စရာ မလိုပါဘူး။ ရုံးနဲ့ပတ်သက်တာကတော့ သွားရမှာပါပဲ။ ကျမက တရားလိုအဖြစ် တိုင်ထားတာဆိုတော့ ကိုယ့်ရဲ့တာဝန်ကျေအောင်လုပ်တယ်။ ပျက်ကွက်ခြင်းမရှိအောင် ကိုယ့်လမ်းကိုယ်လျှောက်တယ်” လို့သင်းသင်းကပြောပါတယ်။
စက်တင်ဘာလ ၂၇ရက်နေ့မှာ ချိန်းထားခဲ့တဲ့ရုံးချိန်းမှာတော့ တရားလိုပြသက်သေအသံဖိုင်များကို ဆက်လက်စစ်ဆေးခဲ့ပြီး တရားလိုဖြစ်သူနဲ့ စွပ်စွဲခံသူတို့ရဲ့ ပြောဆိုမှုအခေါ်အဝေါ်များပြောင်းလဲသွားခဲ့တာကိုတွေ့ရပါတယ်။
“တယောက်နဲ့တယောက်က အပျော်တွဲရမယ့် အရွယ်မဟုတ်တော့ဘူး။ ၁၅နှစ် ၊ ၁၆နှစ် ရင်ခုန်ရမယ့်အရွယ်လည်း မဟုတ်ပါဘူး။ ရေရှည်လက်တွဲမယ်ဆိုပြီး တွဲလာကြတော့ မိန်းမရေ ယောက်ျားရေ ဆိုတဲ့အသုံးအနှုန်းက ဖုန်းထဲမှာပြောကြတာပါပဲ ” လို့သင်းသင်းကပြောပါတယ်။
အဆိုပါအသံဖိုင်များကတော့ ဝေဠုကျော်နဲ့သင်းသင်းတို့ရဲ့ ၂ဦး၂ဖက် အပြန်အလှန်ပြောဆိုထားတဲ့အသံဖိုင်များဖြစ်ပြီး ပြီးခဲ့တဲ့အပတ်များက အဆိုပါအသံဖိုင်များကို ဝေဠုကျော်ဘက်မှ ကန့်ကွက်ခဲ့ပေမယ့် တရားရုံးက လက်ခံခဲ့ပါတယ်။ နောက်တကြိမ်ရုံးချိန်းကိုတော့ အောက်တိုဘာလ ၄ရက်နေ့ကိုချိန်းဆိုထားပြီး အသံဖိုင်များကို ဆက်လက်စစ်ဆေး သွားမှာပဲဖြစ်ပါတယ်။
“သူတို့ဘက်ကတော့ နည်းနည်းလောက် ကွန်ပလိန်းတက်ရမှ ကျမဘက်ကတော့ ကျန်တာဘာမှမပြောပါဘူး။ ရုံးချိန်းကိုလည်း ပထမက မနက် ၁၀နာရီချိန်းထားတာ ဆေးခန်းပြရမယ်ဆိုတော့ ၁၁ နာရီကို ပြန်ချိန်းလိုက်တာပါ ” လို့သင်းသင်းကပြောပါတယ်။
အဆိုပါ အမှုကိုတော့ ဇန်နဝါရီ ၈ ရက်နေ့က တရားလိုဖြစ်သူ အလှမယ် သင်းသင်းက သင်္ဃန်းကျွန်းမြို့နယ်တရားရုံးမှာ စတင် တရားစွဲဆိုခဲ့တာဖြစ်ပြီး ဝေဠုကျော်အနေနဲ့ ငွေကျပ် သိန်း ၅၀ နဲ့ အာမခံ ရယူကာ အမှုရင်ဆိုင်နေတာ ဖြစ်ပါတယ်။
You may also like these stories:
လတ်တလော ကျန်းမာရေးအခြေအနေကို ပြောပြတဲ့ ဝေဠုကျော်
“နေမကောင်းတဲ့ ဝေဠုကျော် မြန်မြန်ကျန်းမာပါစေ” လို့ ဆုတောင်းပေးလိုက်တဲ့ သင်းသင်း
“ဝေဠုကျော် လာရောက် ညှိနှိုင်းခဲ့တဲ့ သက်သေတွေ အကုန်ရှိတယ်”လို့ သင်းသင်း ပြော
“အမှုအတွက် ညှိနှိုင်းခဲ့တာမျိုးရှိခဲ့ရင် သက်သေပြပါ” လို့ ပြောလာတဲ့ ဝေဠုကျော်