ဒါရိုက်တာ ညိုမင်းလွင်က “မြမြ” ဇာတ်ကားကို သရုပ်ဆောင် ရဲတိုက်နဲ့ ရိုက်ကူးဖို့ စီစဉ်ထားခဲ့ပေမယ့် အခုအခါမှာ အဆိုတော် ဖြိုးမြတ်အောင်နဲ့ ရိုက်ကူးတော့မှာဖြစ်ပါတယ်။ မင်းသားအပြောင်းအလဲ ဖြစ်သွားနဲ့ ပတ်သက်ပြီး ဒါရိုက်တာညိုမင်းလွင်က ရဲတိုက်နဲ့ဘာမှ ပြဿနာမရှိပါဘူးလို့ ဧရာဝတီကိုဆိုပါတယ်။
“တယောက်မဟုတ် တယောက်က ဒါမျိုးတော့ ဖြစ်တတ်ပါတယ်။ ဒါကရုပ်ရှင်လောကမှာဖြစ်တတ်တဲ့ သဘောပါပဲ။ ရဲတိုက်နဲ့ ကျနော်နဲ့ကလည်း ဘာမှ ပြဿနာမရှိပါဘူး။ ဒီဇာတ်ကားမှာ မဆုံလည်း နောက်ဇာတ်ကားတွေမှာ ဆုံမယ်။ ဒီ သဘောပေါ့။ တကယ်ကို ဘာပြဿနာမှ မရှိခဲ့ပါဘူး။ ဖြိုးမြတ်အောင်ရဲ့ ကာရိုက်တာ အတွက်ကို ယုံပါတယ်”
“ ကျနော် ဒါရိုက်တာ တယောက်အနေနဲ့ သူ့ကို ကြည့်လိုက်ရင်လည်း ဒီကာရိုက်တာကို သူ အကောင်းဆုံး သရုပ်ဆောင်နိုင် လိမ့်မယ်ဆိုတာ သိပါတယ်။ သူ့ကိုလည်းသဘောကျလို့ပါ။ အွန်လိုင်းမှာ မုဒိမ်းဇာတ်ကောင် ရွေးချယ်မှုနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုနေကြပေမယ့် ကျနော်ဘက်ကတော့ ဘာမှမပြောပါဘူး” လို့ ညိုမင်းလွင်က ဆိုပါတယ်။
မုဒိမ်းသမားအဖြစ်သရုပ်ဆောင်များကို စင်ပေါ်မှာ ရွေးချယ်ခဲ့တဲ့အခါ ဝေဖန်တိုက်ခိုက်မှုများလည်း ရှိခဲ့ပြီး ဒီအပေါ်ဘာမှ ပြန်ပြီး တုန့်ပြန်တိုက်ခိုက်မှာ မဟုတ်ဘူးလို့လည်း ညိုမင်းလွင်က ပြောပါတယ်။
“ဘယ်သူနဲ့မှ ဖိုက်ဖို့လည်း မစဉ်းစားထားဘူး။ ဖိုက်ဖို့လည်း အစီစဉ်မရှိဘူး။ ဝေဖန်တာတွေကိုလည်း လက်ခံတယ်။ အများအမြင် မတင့်တယ်ဘူးဆိုတာလည်း မှန်တယ်။ ကျနော် ကိုယ်တိုင်လည်း ဒါမျိုးမြင်ရင် ပြောမိမှာပဲ။ ကျနော်ပြန်ရှင်းပြချင်တာတခုက ကျနော်တို့ လုပ်ခိုင်းတာမဟုတ်ဘူး။ စင်ပေါ်မှာ ဒီလိုကြီးလုပ်ပြပါဆိုပြီးလုပ်ခိုင်းတာ မဟုတ်ဘူး”
“ကျနော်တို့ဘက်ကဖွချင်လို့ တင်တာ မဟုတ်ဘူးဆိုတာလေးရယ် ပြောပြချင်တာ။ ဝေဖန်တဲ့သူတွေ မှားတယ်လို့ မပြောပါဘူး။ မီဒီယာဘက်က တင်လိုက်လို့ ဒီလိုဖြစ်သွားတာပါ။ ဒါအများအမြင်မတင့်တယ်ဘူးဆိုပြီး ဝေဖန်တာ ကျနော်လက်ခံပါတယ်”လို့ ညိုမင်းလွင်ကပြောပါတယ်။
“မြမြ” ဇာတ်ကားကိုလည်း ပရိသတ်တွေ အားပေးရကျိုးနပ်အောင်၊ အချိန်ပေးရကျိုးနပ်အောင် အကောင်းဆုံး ရိုက်ကူးသွားမယ်လို့ ဒါရီုက်တာညိုမင်းလွင်က ဆိုပါတယ်။
“ကျနော် မြမြဝင်ပူးခံရတဲ့ ဗီဒီယိုတွေ ထွက်ကတည်းကရိုက်မယ်လို့ Status တင်ပြီးသား။ အခုတော့ တကယ်ရိုက်ဖြစ်ပြီပေါ့။ တောင်ဒဂုံဘက်မှာ ရိုက်ဖို့များပါတယ်။ စက်တင်ဘာ ၂၉ဆိုရိုက်ပါပြီ။ ပရိသတ်တွေ အားပေးရကျိုးနပ်အောင် လုပ်ချင်တာ။ ကျနော်တို့က ရုပ်ရှင်ကို ရုပ်ရှင်နဲ့ တူအောင်ရိုက်ပြီး ပရိသတ်အချိန်ပေးရကျိုးနပ်သွားတယ်။ အချိန်ပေးရတာတန်အောင် အကောင်းဆုံးကြိုးစားပြီးရိုက်သွားမှာပါ ”လို့ ညိုမင်းလွင်ကပြောပါတယ်။
သရုပ်ဆောင်ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးပုံဖော်မယ့် “မြမြ” ဇာတ်ကားကိုတော့ ယနေ့စက်တင်ဘာ ၂၉ရက်နေ့မှာ စတင်ရိုက်ကူးသွားမှာဖြစ်ပြီး အဓိက သရုပ်ဆောင်တွေ အနေနဲ့ ဖြိုးမြတ်အောင်၊ Dee Dee ၊ သင်ဇာဝင့်ကျော် ၊ ယမုံ နှင့် သရုပ်ဆောင်များစွာက ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။