တရုတ်မင်းသမီး ဖန်ပင်းပင်းပါဝင်ထားတဲ့ Louis Vuitton ကုမ္ပဏီအမှတ်တံဆိပ်ကြော်ငြာတွေကို အွန်လိုင်းပေါ်မှာ တင်ပြီး မကြာမီမှာပဲ ပြန်လည် ဖြုတ်ချခဲ့တာကြောင့် မင်းသမီးကို LV တနာရီကြာ နာမည်ကျော်သံတမန်အဖြစ် ခေါ်ဆိုနေကြတယ်လို့ Sin Chew Daily သတင်းစာက ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၇ ရက်နေ့တုန်းက မင်းသမီး ဖန်ပါဝင်ထားတဲ့ ဓာတ်ပုံတွေကို အဲ့ဒီဇိမ်ခံပစ္စည်းကုမ္ပဏီက Weibo မှာ တင်ခဲ့ပါတယ်။ မင်းသမီး ပါထားတဲ့ အဲ့ဒီလက်ကိုင်အိတ်ကြော်ငြာ အမျိုးအစားအသစ် ဓာတ်ပုံတွေကို အဲ့ဒီနေ့မှာပဲ နေ့တွင်းချင်း ပြန်လည် ဖြုတ်ချပစ်ခဲ့ပါတယ်။
အကြောင်းအရင်းကတော့ အရင်နှစ်ကဖြစ်ခဲ့တဲ့ အခွန်ရှောင် အရှုပ်တော်ပုံ ဂယက်ကြောင့် အွန်လိုင်းလူမှု အသိုင်းအဝန်းမှာ ဝေဖန်မှုတွေ ခံခဲ့ရတာကြောင့် Brand သံတမန်အဖြစ်ကနေ အသက် ၃၈ နှစ်အရွယ် မင်းသမီး ဖန်ဟာ ဖယ်ရှားခံခဲ့ရတာ ဖြစ်တယ်လို့ သတင်းတွေမှာ ဆိုပါတယ်။
အင်တာနက် အသုံးပြုသူတဦးက “နိုင်ငံတကာ ကုန်ပစ္စည်းတခုကို ကြော်ငြာဖို့ ကျနော်တို့ သူ့ကို တားဆီးလို့ မရပါဘူး။ ဒါပေမယ့် သူဟာ တရုတ်နိုင်ငံမှာ ဆင်ဆာ ကန့်သတ်ခံထားရဆဲဖြစ်တယ်လို့ ကျနော်ထင်ပါတယ်” လို့ ရေးသားခဲ့ပါတယ်။
မင်းသမီးဟာ အခွန်ရှောင် အရှုပ်တော်ပုံတွေနဲ့ ရင်ဆိုင်ခဲ့ရပြီးတဲ့နောက် အနုပညာလုပ်ငန်းဘက်မှာရော စီးပွားရေး လုပ်ငန်းဘက်မှာရော ထိခိုက်မှုတွေ ရှိနေခဲ့တာပါ။ သူဟာ တရုတ်နိုင်ငံမှာ အကြီးမားဆုံး အခွန်ရှောင်ဒဏ်ကြေး အဖြစ် ယွမ် သန်း ၈၈၀ကို ပေးဆောင်ခဲ့ရပါတယ်။
ပြီးတော့ အဲ့ဒီဂယက်တွေကြောင့်ပဲ အခုနှစ် အစောပိုင်းမှာ သူနဲ့ တွဲနေတဲ့ ခင်ပွန်းလောင်း မင်းသား လီချန်းနဲ့လည်း လမ်းခွဲခဲ့ပါတယ်။ ဒါ့အပြင် သူဟာ ဟောလိဝုဒ် ရုပ်ရှင်တခုရဲ့ သရုပ်ဆောင်အဖြစ်ကနေ ဖယ်ရှားခံခဲ့ရတယ်လို့လည်း ကောလာဟလသတင်းတွေ ထွက်ပေါ်နေပါတယ်။
Ref: asiaone
You May Also Like These Stories:
မင်းသမီး ဖန်ပင်းပင်းကို အွန်လိုင်းမှာ အသရေဖျက်သူ ဒေါ်လာ ၃၁,၀၀၀ နစ်နာကြေး ပေးခဲ့ရ
ချစ်သူဟောင်း ပေးထားတဲ့ ဝက်ဝံရုပ်ကို ထုတ်ရောင်းဖို့ ပြင်ဆင်နေတဲ့ မင်းသမီး ဖန်ပင်းပင်း