အဆိုတော် နီနီခင်ဇော်ကတော့ သူ့ရဲ့ စတုတ္တမြောက်အခွေ “ပါတီခင်ဇော်” Album ကို စက်တင်ဘာလ ၂၇ ရက်နေ့က ဖြန့်ချိခဲ့ပြီး ဒီအခွေမှာ သီချင်းပုံစံ စုံအောင် သီဆိုထားတယ်လို့ ပြောပါတယ်။
“နီနီ့ရဲ့ ၄ ခွေမြောက် ပါတီခင်ဇော်လို့ နာမည် ပေးထားပါတယ်။ ပါတီမှာ အမြဲတွေ့ရတဲ့ သူတွေအကြောင်း ရေးထားတာပါ။ အခွေထဲမှာတော့ Disco သီချင်းတွေ ပါပါတယ်။ ခွေကာဗာကြည့်ပြီး သီချင်းအမြူးတွေပဲလားလို့ ထင်ကြတယ်။ အလွမ်းသီချင်းတွေ အဆွေးသီချင်းတွေလည်း ပါပါတယ်။ နီနီကိုယ်တိုင်ရေးတဲ့ သီချင်း ၆ ပုဒ် ပါပါတယ်။ ပိုင်တံခွန်နဲ့ ဆိုတဲ့သီချင်းလည်း နီနီကိုယ်တိုင် ရေးထားတယ်”လို့ နီနီခင်ဇော်က ပြောပါတယ်။
ပိုင်တံခွန်နဲ့ စုံတွဲ သီဆိုဖြစ်တဲ့အကြောင်းနဲ့ ပတ်သက်ပြီးလည်း နီနီခင်ဇော်က အခုလို ပြောပါတယ်။
“နီနီကတော့ သူသရုပ်ဆောင်တာအပြင် သီချင်းပါ ဆိုနိုင်မယ်လို့ထင်တဲ့အတွက် ဒီအခွေလေးထဲမှာ သူနဲ့ တွဲပြီး သီဆိုဖြစ်တယ်။ အစတုန်းကတော့ သူနဲ့ MTV ရိုက်မယ်ဆိုပြီး စဉ်းစားထားပြီးတော့မှ သူ သီချင်းဆိုတတ်တာကို သိရတော့ နီနီသူနဲ့ သီဆိုဖြစ်သွားတာပါ။ သီချင်းလေးကတော့ ပျော်စရာကောင်းတဲ့သီချင်းလေးမျိုးပါပဲ။ သူနဲ့လည်း လိုက်ဖက်ပါတယ်။ သူနဲ့ ဒီသီချင်းထဲမှာပါတဲ့ ကာရိုက်တာက အရမ်းလိုက်တယ်”
“ရုပ်ပိုင်းဆိုင်ရာ လိုက်ဖက်မှု ရှိတယ်။ အဲဒါကို နီနီကတခြား တယောက်ရဲ့အသံကို ထပ်ဖြည့်တယ်ဆိုရင် သူ့လောက် လိုက်မှာ မဟုတ်ဘူး။ ဒီသီချင်းကို အသံချည်းပဲ နားထောင်တဲ့သူတွေကတော့ သူ့ရုပ်နဲ့ မကိုက်မိသေးဘူးဆိုရင်တော့ တမျိုးကြီး ဖြစ်ရင် ဖြစ်နေလိမ့်မယ်။ ဒါပေမဲ့ သူ့ပုံစံနဲ့ သီချင်းနဲ့က ကွက်တိ၊ တသားတည်း ကျတယ်။ တော်တော့်ကို တသားတည်းကျတယ်ဆိုတော့ ဒီသီချင်း MTV က လာမယ့် တပတ်လောက်ဆိုရင်ထွက်ပြီ။ FG နဲ့ JOOX ကနေပြီးတော့ တင်မယ်”လို့ နီနီခင်ဇော်က ပြောပါတယ်။
ဆက်လက်ပြီးလည်း “ပိုင်တံခွန်က ဟိုးအရင်ကတည်းကသီချင်းတွေ ဘာတွေ ထွက်ဖူးတယ်လေ။ ထွက်ဖူးတော့ သိပ်အများကြီးတော့ ပြောစရာ မလိုဘူး။ ဒါပေမဲ့ အတွဲဆိုတာကတော့ နီနီနဲ့ ပထမဆုံး သီချင်းစဆိုဖူးတာဆိုတော့ ပိုင်တံခွန်ကတော့ ရင်ခုန်နေတယ်။ ဆိုတဲ့နေ့တုန်းကလည်း သူတော်တော်ကြိုးစားပြီးတော့ သီဆိုပေးတယ်။ ချွေးတွေလည်း ပြန်နေတယ်”လို့ နီနီခင်ဇော်က ဆိုပါတယ်။
နီနီခင်ဇော်ရဲ့ “ပါတီခင်ဇော်” အခွေထဲမှာတော့ တခြားတေးရေးများအနေနဲ့ ဝေလ၊ ကိုထက်၊ ဆလိုင်း၊ သော်မိုးစက်၊ ကောင်းဇော်၊ သိန်းလင်းစိုး၊ ဒယ်ဒီသန်းသန်းတို့ ပါဝင်ပြီး နီနီခင်ဇော် ကိုယ်တိုင်ရေးထားတဲ့ သီချင်းလည်း ပါဝင်တယ်လို့ သိရပါတယ်။
ဒီအခွေမှာ ပါတဲ့ နီနီခင်ဇော် ကိုယ်တိုင်ရေးထားတဲ့ ထူးဆန်းတဲ့ သီချင်းတပုဒ်အကြောင်းကိုလည်း အခုလိုပဲ ဆိုပါတယ်။
“အဲဒီသီချင်းကတော့ ထူးဆန်းတဲ့အနေနဲ့ နီနီ ဒီအခွေထဲမှာ ထည့်ထားတာပါ။ အဲဒီသီချင်းကရတဲ့ အနှစ်သာရကိုလည်း မလုပ်စေချင်ဘူး။ နီနီအနေနဲ့ ပရိသတ်အတွက် ပျော်ရွှင်မှုတွေကိုပဲ ပေးချင်တယ်။ နောက်ပြီးတော့ စိတ်ဓာတ် တက်ကြွမှုတွေကိုပဲ ပေးချင်တဲ့သူ တယောက်ပါ။ ဒါပေမဲ့ ဒီသီချင်းက နီနီက အနုပညာရှင်ဘက်ကနေပဲ ရေးထားတာဖြစ်တယ်”
“သီချင်းထဲက အကြောင်းအရာလိုမျိုး လုံးဝ မဖြစ်စေချင်ပါဘူး။ ဒီသီချင်းကို ရေးပြီးသွားတဲ့အချိန် ရတဲ့အတွေးက နီနီရေးသလို မဟုတ်ဘဲနဲ့ တခြားစိတ်ဝိညာဉ်တခုကြောင့် ရေးသလိုမျိုး ခံစားရတယ်။ ရေးဖို့ အစီအစဉ်မရှိဘဲ ရေးဖြစ်သွားတယ်။ ပြီးသွားတဲ့ အဲဒီညမှာပဲ အွန်လိုင်းပေါ်မှာတက်လာတဲ့ အကြောင်းအရင်း တခုကလည်း ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတယ်ဆိုတဲ့ အကြောင်းလေးတက်လာတယ်”
“ဒီသီချင်းကို အစတုန်းကတော့ Public ထုတ်ပေးဖို့ အစီအစဉ် မရှိခဲ့ဘူး။ ဒါပေမဲ့ ဒီလိုဖြစ်တာတွေက အပြင်မှာ တကယ်ရှိတယ်။ ကိုယ့်ရဲ့ ဖြစ်တည်မှုတခုကို ပတ်ဝန်းကျင်က ဖိနှိပ်မှုတွေကြောင့် ဒါမျိုးဖြစ်သွားတဲ့အခါမှာ သူ့လိပ်ပြာက ထာဝရ နှုတ်ဆိတ်ခဲ့တယ်ပေါ့။ ဒီသီချင်းကိုလည်း ပညာပေးအနေနဲ့ပဲနီနီ ထည့်ထားတာပါ။ ဖြစ်နိုင်ရင် လုံးဝ နားမထောင်စေချင်ပါဘူး”လို့ နီနီခင်ဇော်က ပြောပါတယ်။
အဆိုတော် နီနီခင်ဇော်ကတော့ Melody World သီချင်းဆို ပြိုင်ပွဲကနေ စပြီး ဂီတလောကထဲကို ဝင်ရောက်လာတာ ဖြစ်ပါတယ်။ တကိုယ်တော် သီချင်းခွေများ၊ အတွဲသီချင်းများ များစွာ ထွက်ရှိထားတဲ့ နီနီခင်ဇော်က Super Red ဆိုတဲ့ အလှကုန်လုပ်ငန်းကိုလည်း ဦးစီး လုပ်ကိုင်နေသူ ဖြစ်ပါတယ်။
You may also like these stories:
“ပစ်တိုင်းထောင်” နာမည်နဲ့ အလှကုန်ပစ္စည်းသစ် ထုတ်လုပ်ဖြန့်ချိလိုက်တဲ့ နီနီခင်ဇော်
မေမေ့ကြောင့် နေ့တိုင်းပြုံးပျော်ခွင့်ရတယ် လို့ဆိုတဲ့ အဆိုတော် နီနီခင်ဇော်
မန္တလေးမှာ Red Revolution Show ပွဲကြီးလုပ်ဖို့ ပြင်ဆင်နေတဲ့ နီနီခင်ဇော်
အလွန်အမင်း အလုပ်လုပ်တဲ့သူတွေအတွက် သီချင်းတပုဒ် ဖန်တီးထားတဲ့ နီနီခင်ဇော်