Netflix ဟာ သူတို့ရဲ့ အွန်လိုင်းရုပ်သံလိုင်းကနေ အအောင်မြင်ဆုံး စီးရီးဖြစ်တဲ့ “Stranger Things” အတွက် စတုတ္ထမြောက် Season ကို ပြသတော့မှာဖြစ်တယ်လို့ စက်တင်ဘာလ ၃၀ ရက်နေ့မှာပဲ ကြေညာလိုက်ပြီဖြစ်ပါတယ်။
ဒါ့အပြင် အဲ့ဒီစီးရီးရဲ့ဖန်တီးရှင်တွေ ဖြစ်တဲ့ Matt ၊ Ross Duffer တို့နဲ့အတူ နောက်ထပ်ရုပ်ရှင်တွေနဲ့ စီးရီးတွေ ဖန်တီးဖို့ နှစ်နဲ့ချီတဲ့ သဘောတူညီချက်ကိုလည်း ရရှိထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
၁၉၈၀ ပြည့်လွန်နှစ်ကာလတွေမှာ သဘာဝလွန် မွန်းစတားတွေနဲ့ ရင်ဆိုင်တိုက်ခိုက်ရမယ့် အမေရိကန် ကျေးလက်ဒေသတခုက လူငယ်အဖွဲ့တခုအကြောင်း ဇာတ်အိမ်တည်ထားတဲ့ “Stranger Things” စီးရီးကို စတင်ပြသခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာကတည်းက Netflix မှာ တော်တော်လေးကို ရေပန်းစားခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ဇူလိုင်လမှာ ပြသခဲ့တဲ့ အဲ့ဒီစီးရီး ရဲ့ တတိယမြောက် Season ဆိုရင်လည်း ထုတ်လွှင့်ပြသအပြီး လေးရက်အတွင်း ကြည့်ရှုကြတဲ့အကောင့် သန်း ၄၀ ဒဿမ ၇ သန်းရှိခဲ့ပါတယ်။ ဒါဟာ Netflix အတွက်တော့ လူကြည့်အများဆုံး စံချိန်လည်း ဖြစ်ခဲ့ပါတယ်။
တတိယမြောက် Season ရဲ့ နောက်ဆုံးအပိုင်းဟာဆိုင်ရင် နောက်ဆက်တွဲဇာတ်လမ်း ထပ်ထွက်လာဖို့ တံခါးကို ဖွင့်ထားပေးခဲ့ပြီး ဖြစ်ပါတယ်။ Netflix ကတော့ မကြာမီ လာမယ့် စတုတ္ထမြောက် Season ရဲ့ ဗီဒီယိုမှာဆိုရင် ဇာတ်လမ်းစတင်ခဲ့တဲ့ စိတ်ကူးယဉ် အင်ဒီးယားနားပြည်နယ်က မြို့လေးအကြောင်း ပြောဆိုထားပါတယ်။ ဗီဒီယိုထဲမှာတော့ “ငါတို့ဟာ ဟော့ကင်းတမြို့တည်းမှာ မဟုတ်ဘူး” လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။
အဲ့ဒါကြောင့် ဇာတ်လမ်းထဲက မကောင်းဆိုးရွား မွန်းစတားတွေဟာ တခြားနေရာတွေမှာလည်း ရှင်သန်နေတယ်ဆိုတာကို ပုံဖော်နိုင်မှာ ဖြစ်ပါတယ်။ Netflix အချက်အလက်ဆိုင်ရာ အကြီးအကဲ Ted Sarandos ကတော့ ဇာတ်လမ်းအတွက် နောက်ထပ် အသေးစိတ် အချက်အလက်တွေကို ပြောဆိုထားတာတော့ မရှိသေးပါဘူး။
Netflix ဟာ ကမ္ဘာတဝန်းလုံးမှာ အခကြေးငွေနဲ့ ကြည့်ရှုရတဲ့ အကောင့်ပေါင်း သန်း ၁၄၀ ကျော်ရှိပြီး ကမ္ဘာလုံးဆိုင်ရာ ရုပ်သံနဲ့ ရုပ်ရှင် Streaming ဝန်ဆောင်မှုမှာ ဈေးကွက်ဦးဆောင်သူလည်း ဖြစ်ပါတယ်။ သူနဲ့ အတူ Apple, Disney, WarnerMedia နဲ့ NBCUniversal တို့ဟာလည်း ကိုယ်ပိုင် Streaming ပလက်ဖောင်းတွေကို ဖော်ထုတ်တင်ဆက်လာကြပြီဖြစ်ပါတယ်။
Ref: asiaone
You May Also Like These Stories:
“Stranger Things” တီဗီစီးရီးကို Season 4 မှာ ရပ်တန့်တော့မယ့် Netflix
Netflix မှာ ကြည့်ရှုသူ စံချိန်တင်ခဲ့တဲ့ “Stranger Things Season 3”