Hailey Baldwin နဲ့ Hailey Baldwin တို့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ ရက်နေ့တုန်းက ကယ်လီဖိုးနီးယား ပြည်နယ်၊ တောင်ပိုင်းမှာရှိတဲ့ ဟိုတယ်တခုမှာ မိသားစုနဲ့ သူငယ်ချင်းတွေအတွက် အခမ်းအနားတခုကို ကျင်းပပြီး ဒုတိယအကြိမ် လက်ထပ်လိုက်ကြတယ်လို့ သိရပါတယ်။
သူတို့စုံတွဲနှစ်ဦးဟာ အဆိုတော် Ed Sheeran, မော်ဒယ်တွေ ဖြစ်ကြတဲ့ Kylie နဲ့ Kendall Jenner, အဆိုတော် Usher နဲ့ Baldwin ရဲ့ ဦးလေး မင်းသား Alec Baldwin တို့အပါအဝင် မိသားစုဝင်တွေနဲ့ နာမည်ကျော်ကြားသူ တချို့တက်ရောက်တဲ့ ဘာသာရေး အခမ်းအနားတခုမှာ ကတိသစ္စာပြုခဲ့ကြတယ်လို့ သူတို့နှစ်ဦးရဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး People မဂ္ဂဇင်းနဲ့ E! News မီဒီယာတို့က ဆိုပါတယ်။
သူတို့နှစ်ဦးရဲ့ ကိုယ်စားလှယ်တွေကတော့ အဲ့ဒီသတင်းနဲ့ ပတ်သက်လို့ မှတ်ချက် မပေးသေးပေမယ့် မီဒီယာတွေနဲ့ ပါပါရာဇီတွေကတော့ Montage Palmetto Bluff အပန်းဖြေဟိုတယ်မှာ နှစ်ရက်ကြာပြုလုပ်ခဲ့တဲ့ ပွဲအခမ်းအနားတွေနဲ့ ပတ်သက်လို့ အနီးကပ် သတင်းရယူခဲ့ကြပါတယ်။ သူတို့နှစ်ဦးဟာ အပန်းဖြေ ဟိုတယ်ရဲ့ ဝတ်ပြုဆောင်မှာရှိတဲ့ ပရိသတ် ၁၅၀ လောက်ရဲ့ ရှေ့မှောက်မှာ ကတိသစ္စပြုခဲ့ကြတယ်လို့ People မဂ္ဂဇင်းက ဆိုပါတယ်။
Bieber နဲ့ Baldwin တို့ဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းကလည်း နယူးယောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ အခမ်းအနား တခုမှာ ပထမဆုံးအကြိမ် လက်ထပ်ခဲ့ပြီးပါပြီ။ အသက် ၂၅ နှစ်အရွယ် ကနေဒါအဆိုတော် Bieber နဲ့ မော်ဒယ် Baldwin တို့ဟာ သူတို့ ဆယ်ကျော်သက်အရွယ်မှာကတည်းက ဆုံတွေ့ခဲ့ကြတာ ဖြစ်ပြီး ဘုရား ကျောင်းအတူသွားခဲ့ကြတဲ့အထိ ရင်းနှီးသူတွေဖြစ်ပါတယ်။
ဒါပေမယ့် လွန်ခဲ့တဲ့ ၂ နှစ်လောက်ကမှ စပြီး တွဲခဲ့ကြတာဖြစ်ပါတယ်။ အဆိုတော် Bieber ဟာ အသက် ၁၃ နှစ်အရွယ်ကတည်းက နာမည်ကျော်ကြားခဲ့တာ ဖြစ်ပေမယ့် ၂၀၁၇ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ “Purpose” ကနေ ရုတ်တရက် နုတ်ထွက်ခဲ့ပြီးတဲ့နောက်ပိုင်း ပရိသတ်ရှေ့မှောက်ကနေ အချိန်တော်တော်ကြာ ပျောက်သွားခဲ့ပါတယ်။
သူဟာ စိတ်ကျရောဂါ၊ မူးယစ်ဆေး အလွန်အကျွံ သုံးစွဲတာနဲ့ နာမည်ကျော်ကြားမှု ဖိအားတွေကို ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ အကြောင်း၊ ဘာသာတရားနဲ့ ချစ်သူ Baldwin တို့ကြောင့် ပြန်လည် သက်သာရာရခဲ့တဲ့ အကြောင်း ဆိုရှယ်မီဒီယာပေါ်မှာ စိတ်လှုပ်ရှားဖွယ် ပို့စ်တွေကို တင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကတော့ သူက “ကျနော့် အိမ်ထောင်သည်ဘဝရဲ့ အကောင်းဆုံး နှစ်တွေကို ရှာဖွေနေပါပြီ။ တကယ့်ကိုပဲ ရူးလောက်တဲ့ တာဝန်ခံမှုတွေပဲ ဖြစ်ပါတယ်” လို့ Instagram မှာ ပို့စ်တင်ခဲ့ပါတယ်။
Ref:Reuters