လာမယ့် အောက်တိုဘာလကုန်ပိုင်းမှာ ရုံတင်ပြသမှာဖြစ်ပြီး “Train to Busan” ရုပ်ရှင်မှာအတူတွဲ သရုပ်ဆောင်ခဲ့ကြတဲ့ မင်းသား ဂေါင်ယိုးနဲ့ မင်းသမီး ဂျောင်ယူမီတို့ ပါဝင်ထားကြတဲ့ “Kim Ji Young, Born in ’82” ရုပ်ရှင်အတွက် သတင်းစာရှင်းလင်းပွဲကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ ရက်နေ့တုန်းက ပြုလုပ်ခဲ့ပါတယ်။
အဲ့ဒီ သတင်းစာရှင်းလင်းပွဲမှာ ပါဝင်ကြတဲ့ သရုပ်ဆောင်နှစ်ဦးက အမျိုးသမီးဦးစားပေး ဝါဒနဲ့ ပတ်သက်လို့ ကိုရီးယား အင်တာနက် အသုံးပြုသူတွေအကြား ဆွေးနွေးငြင်းခုံမှုတွေကို ဖြစ်စေခဲ့တဲ့ အဲ့ဒီရုပ်ရှင်မှာ ပါဝင်ဖို့ ရွေးချယ်လိုက်ရတဲ့ အကြောင်းအရင်း ကို ရှင်းပြခဲ့ကြပါတယ်။
မင်းသား ဂေါင်ယိုးက “အရမ်းမစဉ်းစားဘဲ ဒီရုပ်ရှင်မှာ ပါဝင်ဖို့ ကမ်းလှမ်းချက်ကို လက်ခံခဲ့တာဖြစ်ပါတယ်။ ဇာတ်ညွှန်းကို ကျနော် ဖတ်ခဲ့ပြီးတဲ့အခါမှာတော့ ကျနော့်ရဲ့ မိသားစုအကြောင်းကို အများကြီး တွေးမိခဲ့ပါတယ်။ ဇာတ်ညွှန်းဖတ်ပြီးတဲ့နောက် ကျနော် ငိုရတယ်ဆိုတာ တကယ့်ကိုပဲ ရှားပါးပါတယ်။ ဒါပေမယ့် ဒီဇာတ်ညွှန်းကို ကျနော်ဖတ်နေတဲ့အချိန်မှာပဲ ငိုခဲ့ရပါတယ်” လို့ ဆိုပါတယ်။
ဆက်ပြီး သူက “စာသားတွေကို ဖတ်နေတဲ့အချိန်မှာ ဒီလိုမျိုးဖြစ်ရတာ၊ ခံစားရတာ သိပ်မရှိခဲ့ဖူးပါဘူး။ ဇာတ်ကောင် Dae Hyun က ကျနော့် ကိုယ်မှာ ပူးကပ်သွားတဲ့အခါ ကျနော်ဒါကို လက်ခံမှဖြစ်တော့မယ်လို့ သိလိုက်ရတယ်။ ကျနော့်မိသားစုက ခေါင်းထဲဝင်လာတယ်။ ကျနော့်အမေကို ဖုန်းဆက်လိုက်တယ်။ အမေ့ကို ကျေးဇူးတင်စကား ပြောဖို့ ဖုန်းခေါ်လိုက်တာပါ။ ကျနော့်ကို ကျွေးမွေးပြုစုခဲ့ပေးလို့ ကျေးဇူးတင်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
ဒီဇာတ်လမ်းကို ချီတုံချတုံ မဖြစ်ဘဲ ရွေးချယ်ခဲ့တာဖြစ်ပြီး မိဘအရွယ်မျိုးဆက်၊ သူ့အရွယ် မျိုးဆက်နဲ့ နောက်မျိုးဆက်သစ်တွေ အတူတူ ကြည့်ရှုကြဖို့အတွက် ကောင်းမွန်တဲ့ ရုပ်ရှင်တခုဖြစ်တယ်လို့ ဆိုပါတယ်။ ဇာတ်လမ်းထဲမှာ မိခင်တယောက်အနေနဲ့ သရုပ်ဆောင်မယ့် မင်းသမီး ဂျောင်ယူမီကတော့ အပြင်လက်တွေ့ဘဝမှာ အိမ်ထောင်မကျဖူးတဲ့အပြင် ကလေးကိုလည်း ပြုစုပျိုးထောင်ခြင်း မရှိခဲ့တဲ့သူလည်း ဖြစ်ပါတယ်။
ဒီရုပ်ရှင်မှာ မင်းသမီး ဂျောင်ယူမီ ပါဝင်မယ်လို့ အတည်ပြုခဲ့ပြီးတဲ့နောက် အင်တာနက် အသုံးပြုသူတွေဟာ ဆိုရှယ်မီဒီယာပေါ်မှာ ရန်လိုတိုက်ခိုက်တဲ့စကားတွေကို ပြောခဲ့ကြပြီး Naver လိုမျိုး ဝက်ဘ်ဆိုက်တွေမှာ ရုပ်ရှင်အတွက် Rating ကို အနှုတ်သဘောလက္ခဏာ ပေးခဲ့တာကိုလည်း တွေ့ရပါတယ်။
အခုလိုမျိုး အနှုတ် သဘောလက္ခဏာဆောင်ခဲ့ပေမယ့် ရုပ်ရှင်မှာ ပါဝင်ဖို့ သူ့ရဲ့ဆုံးဖြတ်ချက်အတွက် ပြဿနာမရှိခဲ့ဘူးလို့ မင်းသား ဂုံယူကဆိုပါတယ်။ လူတွေရှုမြင်ကြတဲ့အရာတွေမှာ ကွဲပြားခြားနားမှုတွေဆိုတာ အမြဲရှိနေမှာဖြစ်ပြီး ဘယ်ဟာ မှန်တယ်၊ ဘယ်ဟာမှားတယ်ဆိုတာ ပြဿနာတခုကို မထင်တဲ့အကြောင်း မင်းသားကဆိုပါတယ်။
“Kim Ji Young, Born in ’82” ရုပ်ရှင်ဟာ ၁၉၈၂ ခုနှစ်မှာမွေးဖွားခဲ့တဲ့ ကင်ဂျီယောင်းလို့အမည်ရတဲ့ အမျိုးသမီး တဦးအကြောင်း ပုံဖော်ထားတဲ့ ရောင်းအားအကောင်းဆုံး ဝတ္ထုကို အခြေခံရိုက်ကူးထားတာပါ။
တစုံတယောက်ရဲ့ သမီး၊ ဇနီး၊ မိခင်နဲ့ လက်တွဲဖော် အနေနဲ့ ရင်ဆိုင်ဖြတ်သန်းခဲ့ရတဲ့ အမျိုးသမီး တဦးရဲ့ ဘဝကို ပုံဖော်ထားတဲ့ အဲ့ဒီဝတ္ထုဟာ ကိုရီးယားမှာ အုပ်ရေ တသန်းကျော် ရောင်းချခဲ့ရပါတယ်။ ဒါပေမယ့် ကိုရီးယားနိုင်ငံမှာ အမြင်ကွဲမှုတွေရှိနေတဲ့ အမျိုးသမီးဦးစာပေးဝါဒအကြောင်း အဓိကရေးသားထားတာကြောင့် အငြင်းပွားစရာတွေလည်း ဖြစ်ခဲ့ရပါတယ်။
Ref:soompi
You may also like these stories:
“Goblin” စီးရီး Season 2 မှာ ပါဝင်ချင်တယ်လို့ မင်းသား ဂေါင်ယိုး ဆို
ရုပ်ရှင်ကားအသစ် ပြန်လည်ရိုက်ကူးတော့မယ့် မင်းသား ဂေါင်ယိုး
ကိုယ်ပွားလူသားရုပ်ရှင်တွင် မင်းသား ဂေါင်ယိုးနှင့်အတူ ပါဝင်မည်ဟု ပတ်ဘိုဂွန်းအတည်ပြု