Entertainment

တင်မောင်ကျော် ကာရိုက်တာကို ပီပီပြင်ပြင် သရုပ်ဆောင်ခဲ့လို့ ချီးကျူးခံနေရတဲ့ စည်သူဝင်း

ဇာတ်လမ်းတွဲတွေကနေ တဆင့် ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ သရုပ်ဆောင် စည်သူဝင်းက “နှင်းဆီ” ဇာတ်လမ်းတွဲက တင်မောင်ကျော်ဆိုတဲ့ ကာရိုက်တာကို သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေက သူ့ကို သရုပ်ဆောင် ပီပြင်တယ်လို့ ချီးကျူးနေကြပါတယ်။

“နှင်းဆီဇာတ်လမ်းတွဲကို ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ကျနော့်ကို မမုန်းကြပါနဲ့။ ကာရိုက်တာ တခုအနေနဲ့ ကျနော်ပါဝင် သရုပ်ဆောင်ထားတာပါ။ အပြင်မှာ အဲဒီလို စိတ်ရိုင်း၊ စိတ်ပုတ်တွေ ကျနော့်မှာ မရှိပါဘူး။ အဲဒီ ကာရိုက်တာအတွက် ပြင်ဆင်ဖို့ ကျနော့်မှာ အချိန်လည်း မရခဲ့ပါဘူး။ ကျနော် အများကြီး ကြိုးစားခဲ့ရပါတယ်။ ပရိသတ်တွေ ချစ်သည်ဖြစ်စေ၊ မုန်းသည်ဖြစ်စေ သရုပ်ဆောင်တာပီပြင်တယ်ဆိုပြီး ကွန်မန့်တွေ မြင်ရတဲ့အတွက် ဝမ်းသာပါတယ်”လို့ စည်သူဝင်းက ပြောပါတယ်။

“ကျနော်ကိုယ်တိုင် ပရိသတ်တစ်ယောက်အဖြစ် ခံစားကြည့်ရင်လည်း အစ်ကိုကျော်က တော်တော်မုန်းဖို့ ကောင်းပါတယ်။ ကျနော့်ရဲ့အိုက်တင်က အရမ်းခက်ခဲပါတယ်။ ဗီလိန်တောင်မှ ကာရိုက်တာက တမျိုးပါ။ ပရိသတ်အတွက် ပီပြင်အောင် အကောင်းဆုံး ကျနော် ကြိုးစားသရုပ်ဆောင်ခဲ့ပါတယ်။ စကားလုံတွေက နည်းနည်းတော့ပြောရတာ အဆင်မပြေဘူး။ ကာရိုက်တာအရ စီးမျှောပြီးပြောဖြစ်ခဲ့ပေမယ့် စကားလုံးတွေက အွန်လိုင်းမှာ အရမ်းပေါက်လို့ ပျော်တယ်”လို့လည်း စည်သူဝင်းက ဆိုပါတယ်။

“မိုးကောင်းကင်” ဇာတ်လမ်းတွဲထဲမှာ ရဲသွေး ကာရိုက်တာနဲ့ ပေါက်ခဲသလို “နှင်းဆီ” ဇာတ်လမ်းတွဲမှာလည်း တင်မောင်ကျော် ကာရိုက်တာနဲ့ ပေါက်ခဲ့တာကြောင့် အမာခံပရိသတ်တွေ ဂုဏ်ယူနိုင်လိမ့်မယ်လို့ စည်သူဝင်းက ဆိုပါတယ်။

“ဒီကာရိုက်တာက ကျနော့်ရဲ့ တဘဝလုံးမှာ တခါမှ သရုပ်မဆောင်ခဲ့ဖူးတဲ့ ကာရိုက်တာပါ။ မိုးကောင်းကင် ဇာတ်လမ်းတွဲမှာဆိုရင် ရဲသွေး ကာရိုက်တာက ရိုးအတယ်။ မတည်မငြိမ် မလှုပ်မယှက်နဲ့ သရုပ်ဆောင်ခဲ့ရတယ်။ နှင်းဆီ ဇာတ်လမ်းတွဲထဲမှာတော့ အလှုပ်၊ အလှုပ်မှာတောင် မိန်းကလေးတွေကို တန်ဖိုးမထားဘဲ ပေါ့ပျက်ပျက်နေတဲ့သူ တယောက်အဖြစ် သရုပ်ဆောင်ခဲ့ရတယ်။ အဲဒီလို အကျင့် မကောင်းတဲ့ ကာရိုက်တာမျိုး အရင်က တခါမှ သရုပ်မဆောင်ခဲ့ဖူးပါဘူး။ ဒါပေမဲ့ ပီပြင်အောင် ကိုယ်စွမ်းရှိသလောက်နဲ့ ဉာဏ်စွမ်းရှိ သလောက် အကောင်းဆုံး ကြိုးစားခဲ့ပါတယ်”လို့ စည်သူဝင်းက ပြောပါတယ်။

သရုပ်ဆောင် စည်သူဝင်းကိုတော့ MRTV-4 ရုပ်သံ ဇာတ်လမ်းတွဲတွေကနေ တဆင့် ပရိသတ်တွေ စတင် သိရှိခဲ့ကြတာဖြစ်ပါတယ်။ စည်သူဝင်းကတော့ အခုနောက်ပိုင်းမှာလည်း ဇာတ်လမ်းတွဲတွေ ဆက်တိုက် ရိုက်ကူးနေတာ တွေ့ရပါတယ်။

Loading