တချိန်က ပရိသတ်များရဲ့ ပါးစပ်ဖျားမှာစွဲခဲ့တဲ့ “ဆေးကျောင်းသား” သီချင်းကို သီဆိုခဲ့တဲ့ Blueberry အဖွဲ့ကတော့ ပရိသတ်ရှေ့မှ ပျောက်နေခဲ့တာဟာ အဖွဲ့ကွဲတာ မဟုတ်ဘဲ အကြောင်းအမျိုးမျိုးကြောင့် သီချင်းတွေ မဆိုဖြစ်ခဲ့တာလို့ အဖွဲ့ဝင်တဦးဖြစ်တဲ့ အဆိုတော် အားပန်က ပြောပါတယ်။
“အဖွဲ့ကတော့ ကွဲတာ မဟုတ်ဘူး။ တချို့ဆိုရင် အဖွဲ့ကွဲတယ် ထင်ကြတယ်။ အဓိကကတော့ တယောက်နဲ့တယောက် သူ့အခြေအနေ၊ ကိုယ့်အခြေအနေနဲ့ ဖြစ်သွားတာ။ ကျမဆိုရင်လည်း စီးပွားရေးဘက်ရောက်သွားတော့ မလုပ်ဖြစ်တာ” လို့ Blueberry အဖွဲ့ဝင် အဆိုတော် အားပန်က ပြောပါတယ်။
Blueberry အဖွဲ့မှာတော့ အဖွဲ့ဝင် ၃ ယောက်ရှိပြီး နှစ်ယောက်ကတော့ ပြည်ပကို ရောက်ရှိနေတာကြောင့် အားပန်က သူတယောက်တည်း မြန်မာပြည်မှာသီချင်းများကို ဆက်လက် ဖန်တီးနေတယ်လို့ သိရပါတယ်။
“အစကတော့ ၃ယောက်ပေါ့။ အခု နှစ်ယောက်က ပြည်ပရောက်နေတော့ ကျမ တယောက်တည်းအနေနဲ့ Blueberry ကိုယ်စား ဒီနှစ်ထဲမှာ အခွေထွက်ဖို့ရှိတယ်။ မီနီအယ်ဘမ်ပေါ့။ သီချင်း ၇ ပုဒ်ပါမယ်။ အရင်က “ဆေးကျောင်းသား” သီချင်းကိုလည်း ပြန်ရိုက်ထားတာ ပါမယ်”
“တယောက်ကတော့ အိမ်ထောင်ကျသွားတယ်။ နောက်တယောက်ကကျတော့ ပြည်ပမှာမိသားစုနဲ့ အတူနေနေတော့ လာဖြစ်ရင်တော့ ကျမနဲ့အတူ ထွက်ခဲ့တဲ့သီချင်းတွေကို Music Video ရိုက်ဖို့ တိုင်ပင်ထားတာတော့ရှိတယ်” လို့ အားပန်ကပြောပါတယ်။
ပရိသတ်များနဲ့ အဆက်ပြတ်နေတဲ့ အချိန်အတွင်းမှာ စီးပွားရေးလုပ်ငန်း လုပ်နေတဲ့အတွက် သီချင်း မလုပ်ဖြစ်တာလို့ သိရပါတယ်။
“ကျမက စီးပွားရေးဘက်လှည့်သွားတာ “Pan Sweet Barkery” ဆိုပြီး အွန်လိုင်းကနေ ကိတ်တွေ လုပ်နေတော့ ဒီအနုပညာဘက်ကို သိပ်ပြီး အချိန်မပေးဖြစ်သွားတာလည်း ပါတယ်” လို့ အားပန်ကပြောပါတယ်။
“ဆေးကျောင်းသား”သီချင်းကို အားပေးခဲ့တဲ့ပရိသတ်များကိုလည်း အခုအချိန်အထိ ကြိုက်နေသေးတဲ့အတွက် ဝမ်းသာတယ်လို့ ဆိုပါတယ်။
“ပရိသတ်က ဒီဆေးကျောင်းသားသီချင်းကို အခုအချိန်ထိ အွန်လိုင်းကနေ တောင်းဆိုတာတွေ ရှိနေသေးတယ်ဆိုတော့ ကျမအနေကတော့ အသစ်အနေနဲ့ ပြန်ဝင်သလိုဖြစ်ပေမယ့် ပရိသတ်က ကြိုက်နေသေးတယ်ဆိုတော့ ဝမ်းသာပါတယ်။ ကိုယ်တိုင်ကတော့ ဘယ်လိုမှ မခံစားရပေမယ့် တချို့သူငယ်ချင်းတွေဆိုရင် နင်တို့သီချင်းနဲ့ ငါတို့ကြွေနေတယ်လို့ ပြောရင်ဝမ်းသာရတယ်” လို့ အားပန်ကပြောပါတယ်။
အဆိုပါ “ဆေးကျောင်းသား” သီချင်းကတော့ တေးရေးဆရာရဲ့ခံစားချက်သက်သက်သာဖြစ်ပြီး မူလက ဆေးကျောင်းသူ ဆိုတာကို ဆေးကျောင်းသားလို့ ပြောင်းဆိုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“ဆေးကျောင်းသားသီချင်းကတော့ တေးရေးဆရာရဲ့ခံစားချက်ပေါ့။ သူကရေးထားတာ ဆေးကျောင်းသူပေါ့။ ကျမတို့က တေးရေးဆရာနဲ့လည်း သူငယ်ချင်းဖြစ်နေတော့ သီချင်းကိုတောင်းပြီး ဆေးကျောင်းသားလို့ပြောင်းလိုက်မယ်ဆိုပြီး ပြောင်းလိုက်တာ။ တေးရေးဆရာရဲ့ခံစားချက်ပေါ့” လို့ အားပန်ကပြောပါတယ်။
ယခုနှစ်အတွင်းမှာလည်း Blueberry အဖွဲ့ရဲ့ကိုယ်စား အားပန်က Mini Album အသစ်ထွက်ဖို့ရှိတယ်လို့ သိရပါတယ်။
“ကျမတို့ခေတ်က ပရိသတ်တွေကလည်း သူတို့ခေတ်ကလူတွေကို ပြန်ကြည့်ချင်တဲ့ ပရိသတ်တွေ ရှိတယ်။ နောက်ပိုင်းလည်း စီစဉ်ထားတာ ရှိတယ်။ ကျမတို့ခေတ်တုန်းက အဖွဲ့လေးတွေနဲ့ ပူးပေါင်းပြီး Mini Concert လေးလုပ်ဖို့လည်း ရှိပါတယ်။ ပြန်ပြီးတော့ သတိပြန်ရစေဖို့အတွက်ပေါ့” လို့ အားပန်ကပြောပါတယ်။
အားပန်ကတော့ သူတို့သီချင်းတွေနဲ့ အောင်မြင်ခဲ့တဲ့ခေတ်တုန်းက တခြားသောအဖွဲ့များနဲ့လည်း Mini Concert တခုလုပ်ဖို့လည်းရှိတယ်လို့ သိရပါတယ်။
You may also like these stories:
“ပါတီခင်ဇော်”အခွေမှာ ပိုင်တံခွန်နဲ့ လိုက်ဖက်လွန်းလို့ သီချင်းအတူ သီဆိုထားတဲ့ နီနီခင်ဇော်
ဖြစ်ရပ်မှန် ဇာတ်ကားမှာ ရဲတယောက်အနေနဲ့ မြင်တွေ့ရမယ့် အောင်ရဲလင်း
သရုပ်ဆောင်လောကမှာ ဒီထက်မက တွေ့ရဖို့ရှိတဲ့ အလှမယ် Bella