သရုပ်ဆောင် အကယ်ဒမီ ဖွေးဖွေးကတော့ မကြာခင် ဒါရိုက်တာ အောင်မြတ် ရိုက်ကူးမယ့် “Love Equation” ဆိုတဲ့ ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်မှာဖြစ်ပြီး ဒီဇာတ်ကားမှာ ဒေါင်း၊ သက်မွန်မြင့်တို့နဲ့အတူ သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
“ဒီကားလေးကို လက်ခံလိုက်တာ။ ကျန်းမာရေးအရ ခဏနားနေတုန်းမှာ အကြမ်းအရမ်း ကားတွေလည်း ဆရာဝန်က ပြန်မရိုက်ရသေးဘူးဆိုတော့ Romance လေးတော့ အရမ်းရိုက်ချင်တယ်ဆိုပြီး တွေးနေတုန်းရှိသေး Golden Hour ကနေ ဖွေးကို လာကမ်းလှမ်းတော့ ရိုက်ဖြစ်တာ”
“ဒေါင်းနဲ့လည်း တခါမှ မဆုံဖူးဘူး။ မသက်မွန်နဲ့လည်း မဆုံရတာ တော်တော်ကြာပြီ။ မာယာ ပရောဂျက် ပြီးကတည်းက မဆုံတာ၊ ပြီးတော့ ကိုအောင်မြတ်ကလည်း လူငယ်ဒါရိုက်တာ ဖြစ်တဲ့အတွက် အားလုံးကို ယုံကြည်လို့ လက်ခံဖြစ်တာပါ”လို့ ဖွေးဖွေးက ပြောပါတယ်။
ဒီဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်မယ့် ကာရိုက်တာနဲ့ ပတ်သက်ပြီးတော့လည်း ဖွေးဖွေးက အခုလိုပဲ ပြောပါတယ်။
“ဒီထဲက ကာရိုက်တာ နာမည်က မိုးသံစဉ်၊ သွက်လက်တယ်၊ လုပ်ချင်တာလုပ်တယ်၊ ထက်မြက်တယ်ပေါ့။ ထိပ်ထားသခင်ကတော့ ဖွေး ငယ်ဘဝကို သရုပ်ဆောင်မှာပါ။ ဖွေးက အပြင်မှာလည်း အရမ်းချစ်တတ်တော့ အချစ်ကားရိုက်ရင် အဆင်ပြေပါတယ်။ ပရိသတ်တွေ စိတ်ဝင်စားသလို ဖွေးကိုယ်တိုင်လည်း ရိုက်ရမှာ စိတ်ဝင်စားပါတယ်။ အောက်တိုဘာ ၂ ရက်နေ့ စရိုက်တော့ မှာပါ”လို့ ဖွေးဖွေးက ပြောပါတယ်။
ဆက်လက်ပြီး ဖွေးဖွေးက မကြာခင် ရုံတင်ပြသတော့မယ့် “ပပဝတီ စီရင်ခန်း” ဇာတ်ကားနဲ့ ပတ်သက်ပြီးတော့လည်း အခုလိုပဲ ဆိုပါတယ်။
“၁၀ လပိုင်း၊ ၁၀ ရက်နေ့ ပပဝတီစီရင်ခန်း ရုံတင်မှာပေါ့နော်။ မမိုး (မိုးဟေကို) နဲ့လည်း မဆုံဖူးသေးတဲ့ အတွဲပါပဲ။ ဖွေးတို့ နှစ်ယောက် အကောင်းဆုံး ညှိနှိုင်းပြီး ရိုက်နိုင်ခဲ့ပါတယ်။ ဖွေးတို့ အပြင်မှာ အရမ်းခင်တယ်။ ရိုက်ကွင်းရောက်ရင် ပြိုင်ဘက်ပဲ။ ရိုက်ကွင်းမှာ စကားလည်း မပြောဘူး။ အရမ်းကို စိတ်တွေ နှစ်ပြီး ကာရိုက်တာတွေအတိုင်း ရိုက်ကွင်းမှာနေတယ်။ မလုပ်ဖူးတဲ့ ကာရိုက်တာကို လုပ်ထားတာပေါ့”
“Special Makeup Effect တွေ မနက်အစောကြီးတွေ ထလိမ်းရတယ်။ ရိုးရိုးမိတ်ကပ် လိမ်းရင်တောင် နေရခက်တဲ့ထဲမှာ ဖွေးပါတယ်။ ဖွေး မိတ်ကပ်လိမ်းရတာ မကြိုက်ဘူး။ အဲ့ကားမှာတော့ စီလီကွန်တွေရော မိတ်ကပ်တွေရောဆိုတော့ အရမ်းနေရခက်တယ်”လို့ ဖွေးဖွေးက ပြောပါတယ်။
အောက်တိုဘာ ၂ ရက်နေ့မှာ စတင်ရိုက်ကူးမယ့် “Love Equation” ဇာတ်ကားကိုတော့ လူငယ် ဒါရိုက်တာ အောင်မြတ်က ပုံဖော် ရိုက်ကူးသွားမှာဖြစ်ပြီး သရုပ်ဆောင် ဒေါင်း၊ ခါရာ၊ သက်မွန်မြင့်၊ ဖွေးဖွေးနဲ့ အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။