မပြသခင်ကတည်းက ပရိသတ်တွေကြား ရေပန်းစားနေတဲ့ “Tale of Nok-Du” ဇာတ်လမ်းတွဲဟာ ပထမဆုံး ပြသရက်မှာတင် ခန့်မှန်းထားတဲ့အတိုင်း ကြည့်ရှုနှုန်း အမြင့်ဆုံး စံချိန်တင်နိုင်ခဲ့ပါတယ်။ KBS ရုပ်သံလိုင်းကနေ စက်တင်ဘာ ၃၀ ရက်နေ့မှာ စတင်ပြသခဲ့တဲ့ အဆိုပါ ဇာတ်လမ်းတွဲဟာ ဂျိုဆွန်ခေတ်က အကြောင်းကို ရိုက်ကူးထားတဲ့ အချစ်ဟာသ အမျိုးအစားပါ။
လျှို့ဝှက်စုံစမ်းရမယ့် ကိစ္စတခုကြောင့် ကိုယ့်ကိုယ်ကိုယ် အမျိုးသမီးအယောင်ဆောင် Jeon Nok Du အဖြစ် မင်းသား Jang Dong Yoon က သရုပ်ဆောင်ထားပြီး gisaeng ကချေသည်အဖြစ် လေ့ကျင့်ပေးခံထားရပေမယ့် တခြားမျှော်မှန်းချက်တွေကို အကောင်အထည် ဖော်ချင်သူ Dong Dong Joo အဖြစ် မင်းသမီး Kim So Hyun တို့က ခေါင်းဆောင် ပါဝင်ထားပါတယ်။
ကိုရီးယားနိုင်ငံရဲ့ ကြည့်ရှုနှုန်း စောင့်ကြည့်ရေး ဆိုဒ်ကနေ ထုတ်ပြန်ချက်အရ “Tale of Nok-Du” ပထမဆုံးပြသ ရက်မှာတင် ၅ ဒဿမ ၆ ရာခိုင်နှုန်းကနေ ၇ ဒဿမ ၁ ရာခိုင်နှုန်းကြား ရှိခဲ့ပြီး သူအရင်ပြသခဲ့တဲ့ “I wanna hear your song” ထက် ၃ ရာခိုင်နှုန်းကျော်လောက် မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။
တချိန်တည်းမှာ ပြသနေတဲ့ တနင်္လာ-အင်္ဂါ ဇာတ်လမ်းတွဲတွေထဲမှာတော့ JTBC ရုပ်သံလိုင်းက ပြသနေတဲ့ “Flower Crew: Joseon Marriage Agency” ဇာတ်ကားက ၃ ဒဿမ ၁ ရာခိုင်နှုန်း၊ tvN ရုပ်သံလိုင်းက ပြသနေဆဲ မင်းသား Song Seung Heon ပါဝင်ထားတဲ့ “The Great Show” က ၂ ရာခိုင်နှုန်း အသီးသီးရှိနေပါတယ်။
“Tale of Nok-Du” ရဲ့ ဒုတိယရက် အောက်တိုဘာ ၁ ရက်မှာတော့ ပထမရက်က စံချိန်ကို ထပ်ချိုးပြီး ကြည့်ရှု နှုန်း ၆ ဒဿမ ၅ ရာခိုင်နှုန်းကနေ ၈ ဒဿမ ၃ ရာခိုင်နှုန်းအတွင်းရှိကာ ပထမရက်ထက် ၁ ဒဿမ၂ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပြန်ပါတယ်။
webcomic ကို ပြန်လည်ရိုက်ကူးထားတဲ့ “Tale of Nok-Du” ဇာတ်လမ်းအကျဉ်းကတော့ ကိုယ်ခံပညာသင် ကြားဖို့အတွက် အသက်ရွယ်ကွာတဲ့ ဆရာ့သမီးနဲ့ လက်ထပ်ပါ့မယ်လို့ ကတိခံထားရပေမယ့် လက်မထက်ချင်တဲ့ ကောင်လေး Nok Du တယောက် ဖခင်နဲ့ ညီကို ရန်မူခဲ့တဲ့ အမျိုးသမီးတယောက်ကို ရှာရင်း မုဆိုးမတွေချည်းပဲ နေတဲ့ရွာကို ရောက်သွားခဲ့ပါတယ်။
Dong Joo ကတော့ ကချေသည်ကျောင်းမှာ သင်ကြားပေးခံရတဲ့ သင်တန်းသားတယောက် ဖြစ်ပေမယ့် သူ့မှာ ဘယ်သူမှ မသိတဲ့ လျှို့ဝှက်ချက်တခု ရှိနေပါတယ်။ အဖြစ်အပျက်တခုကြောင့် Nok Du နဲ့ Dong Joo တို့နှစ်ယောက် ဆုံဖို့အကြောင်းဖန်လာပြီး သူစုံစမ်းနေတဲ့ အကြောင်းရာကို သိရဖို့ မုဆိုးမရွာမှာ အမျိုးသမီးအဖြစ် ဟန်ဆောင်ကာ Dong Joo ကို မွေးစားသမီးအဖြစ် မွေးစားလိုက်ပါတယ်။
ကြည့်ရှုသူ များပြားနေတဲ့ ဒီဇာတ်လမ်းတွဲမှာတော့ စုစုပေါင်း အပိုင်း ၃၂ ပိုင်း ပါဝင်ပြီး အပတ်စဉ် တနင်္လာ-အင်္ဂါနေ့တိုင်း KBS ရုပ်သံလိုင်းကနေ ပြသသွားမှာ ဖြစ်ပါတယ်။
Ref: Soompi
You may also like these stories:
ပြသတဲ့ ပထမဆုံးရက်မှာတင် ကြည့်ရှုနှုန်း အမြင့်ဆုံး စံချိန်တင်ခဲ့တဲ့ “Arthdal Chronicles”
“ဟေမာန်ဆောင်းရဲ့ ချစ်သံစဉ်” ကိုရီးယားမင်းသမီး ချွဲဂျီဝူး (Choi Ji-woo) လက်ထပ်လိုက်ပြီ
ကိုရီးယားမင်းသား Jang Dong-gun (ဒါရိုက်တာရင်) ပါဝင်တဲ့ ဇာတ်လမ်းတွဲ “Suits” ကို မကြာမီ ပြသမည်