အခု သီတင်းပတ်အတွင်းမှာပဲ စတင်ဖွင့်လှစ်မယ့် အာရှရဲ့ ထိပ်တန်းရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ ဘူဆန်နိုင်ငံတကာ ရုပ်ရှင်ပွဲတော် စီစဉ်သူတွေက “Parasite” လိုမျိုး တောင်ကိုရီးယားရုပ်ရှင်တခုကို တကမ္ဘာလုံးက စိတ်ဝင်စားလာတာဟာ ဒေသတွင်း လွတ်လပ်တဲ့ရုပ်ရှင်ရုံစနစ်မှာ ရင်းနှီးမြှုပ်နှံမှု အားနည်းလာတာကို ပြိုပျက်သွားစေလိမ့်မယ်လို့ ပြောကြားခဲ့ကြပါတယ်။
ဒါရိုက်တာ Bong Joon Ho ရဲ့ “Parasite” ရုပ်ရှင်ဟာ ပြီးခဲ့တဲ့ ကိန်းစ်ရုပ်ရှင်ပွဲတော်မှာလည်း Palme D’or ဆုကြီးကို ရရှိခဲ့ပြီး လာမယ့်နှစ်မှာလည်း အော်စကာဆုရရှိလိမ့်မယ်လို့ ခန့်မှန်းတာတွေလည်း ရှိနေခဲ့တာပါ။ နိုင်ငံတကာဈေးကွက်ပေါင်း ၁၉၂ ခုကိုရောင်းချထားရပြီးတော့ လာမယ့် အောက်တိုဘာလ ၁၁ ရက်နေ့၊ အမေရိကန် နိုင်ငံမှာ ရုံမတင်ခင် ဒေါ်လာ သန်း ၉၀ ဝင်ငွေရရှိထားပြီး ဖြစ်ပါတယ်။
လွတ်လပ်တဲ့ အာရှ အရည်အသွေးတွေကို ဖော်ထုတ်ဖို့နဲ့ ဘဏ္ဍာရေးထောက်ပံ့ပေးမယ့်သူတွေကို ချိတ်ဆက်ပေးရေးအတွက် ရည်ရွယ်ကျင်းပခဲ့တဲ့ ဘူဆန်နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာလည်း ဒါရိုက်တာ Bong ရဲ့ ရုပ်ရှင်က ချန်ပီယံ ဖြစ်ခဲ့ပြီးသားပါ။
ဒါပေမယ့် Parasite ရုပ်ရှင်ရဲ့ အောင်မြင်မှုကြောင့် ဒေသတွင်း ရုပ်ရှင်လုပ်ငန်းမှာ ကြုံတွေ့နေရတဲ့ အကျပ်အတည်းကို ဖုံးကွယ်ပစ်နိုင်တယ်လို့ ရုပ်ရှင်ပွဲတော်အစီအစဉ် ညွှန်ကြားရေးမှူး Nam Dong-chul ကဆိုပါတယ်။ သူ့ရဲ့အဆိုအရ ရင်းနှီးမြှုပ်နှံသူတွေနဲ့ ရုပ်ရှင်ရုံပိုင်ရှင်တွေဟာ ဟောလိဝုဒ်က ငွေကြေးစိုက်ထုတ်တဲ့ နာမည်ကျော် ရုပ်ရှင်တွေက လွှမ်းမိုးတဲ့ ဈေးကွက်ထဲက ပရိသတ်တယောက်ကို ရှာဖွေနိုင်ဖို့ သေးငယ်ပြီး လွတ်လပ်တဲ့ ထုတ်လုပ်ရေးလုပ်ငန်းတွေကို ကူညီဖို့ လိုအပ်တယ်လို့သိရပါတယ်။
အခုနှစ်အတွက် ရုပ်ရှင်ပွဲတော်မှာ တက်ရောက်မယ့် ပုဂ္ဂိုလ်တွေထဲ ဒါရိုက်တာ Bong အပြင်း အခြားနိုင်ငံတကာ ဆုရပုဂ္ဂိုလ်တွေလည်း တက်ရောက်ကြမှာဖြစ်ပါတယ်။ “Call Me By Your Name” ရုပ်ရှင်စတား Timothee Chalamet နဲ့ အိန္ဒိယအော်စကာဆုရှင် AR Rahman တို့လည်း လာမယ့်အောက်တိုဘာလ ၃ ရက်နေ့မှာ ဖွင့်လှစ်မယ့် ပွဲတော်ကို တက်ရောက်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
“Leaving Las Vegas” ဒါရိုက်တာ Mike Figgis က ဆုပေးပွဲရဲ့ ဂျူရီအကြီးအကဲအဖြစ် ဆောင်ရွက်မှာဖြစ်ပြီး ဂျပန်ရုပ်ရှင်ထုတ်လုပ်သူ Kore-eda Hirokazu ကလည်း တနှစ်တာအတွက် အကောင်းဆုံး အာရှရုပ်ရှင်ထုတ်လုပ်သူဆုကို ရရယူမှာဖြစ်ပါတယ်။ ပြီးတော့ သူ့ရဲ့ နောက်ဆုံး ရုပ်ရှင် “The Truth” ကိုလည်း ပြသမှာဖြစ်ပါတယ်။
ပွဲတော်ကို တက်ရောက်မယ့် ကိုရီးယားစတားတွေထဲမှာတော့ ကိုရီးယားရုပ်ရှင်သမိုင်းမှာ ဒုတိယမြောက် ဝင်ငွေအများဆုံးဖြစ်ခဲ့တဲ့ “Extreme Job” ရုပ်ရှင်မင်းသမီး Lee Hanee ပါဝင်မှာ ဖြစ်ပါတယ်။ဘူဆန် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို အောက်တိုဘာလ ၃ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပြီး နိုင်ငံပေါင်း ၈၅ နိုင်ငံက ရုပ်ရှင် ၃၀၃ ကားကိုလည်း ပြသမှာဖြစ်ပါတယ်။
Ref: AFP