ကလေး နှစ်ယောက်ရဲ့မိခင်ဖြစ်တဲ့ သရုပ်ဆောင် သက်မွန်မြင့်ကတော့ တဖက်မှာလည်း မင်းသမီးတယောက်ဖြစ်တဲ့အတွက် ရုပ်ရှင်ကားများ ရိုက်ကူးတဲ့အခါ မင်းသမီးဘဝနဲ့ အိမ်ထောင်ရှင်မ ဘဝကို ရုန်းကန်ရတယ်လို့ ပြောပါတယ်။
“မင်းသမီးတယောက်နဲ့ အိမ်ထောင်ရှင်မ ဆိုတာကတော့ ရုန်းကန်ရတာပေါ့။ ကလေး မရခင်ကတော့ ပြဿနာ မရှိဘူး။ ကိုယ့်အလုပ်နဲ့ကိုယ် တယောက်နဲ့တယောက် နားလည်ပေးရင်ရတယ်။ ဒါပေမယ့် ကလေးရလာတဲ့အခါကျတော့ ကိုယ်တိုင်ကလည်း ကလေးချစ်တယ်။ ကလေးတွေကလည်း အမေ အရမ်းချစ်တဲ့အခါကျတော့ Life ၂ ခုကို တပြိုင်တည်းလုပ်ရတော့ ခက်တာပေါ့” လို့ သက်မွန်မြင့်က ပြောပါတယ်။
ခင်ပွန်းဖြစ်သူ အနေနဲ့လည်း သက်မွန်မြင့် အနုပညာအလုပ်များ လုပ်တဲ့အခါ ကလေးတွေ လစ်ဟာမှုများ ရှိရင် စိတ်မကောင်းသလို ကလေးတွေကို အချိန်ပေးတဲ့အခါမှာလည်း အနုပညာအလုပ်များကို လစ်ဟင်းတဲ့အခါ စိတ်မကောင်းဖြစ်ရတယ်လို့ ပြောပါတယ်။
“ဒီဘက်အလုပ်မှာ အချိန်ပေးရတဲ့အခါမှာ ကလေးတွေအပေါ် လစ်ဟာမှုတွေရှိရင် စိတ်မကောင်းဘူး။ ကလေးတွေကို မိခင်တယောက်အနေနဲ့ အပြည့်အဝ ပေးစေချင်တယ်။ ကလေးတွေကို အချိန်ပေးလိုက်လို့ အနုပညာဘက်မှာ လစ်ဟာရင်လည်း စိတ်မကောင်းပြန်ဘူး။ နှစ်ယောက်လုံးကို မျှတအောင် လုပ်ရတဲ့အခါမှာ စိတ်ခံစားမှုလေးတွေတော့ ရှိတာပေါ့” လို့ သက်မွန်မြင့်က ပြောပါတယ်။
ကလေး နှစ်ယောက် ရပြီးတဲ့အချိန်မှာတော့ သံယောဇဉ်တွေက ပိုကြီးလာပြီး လူငယ်တွေရဲ့ ချစ်ခြင်းထက် အေးမြလာတယ်လို့ ဆိုပါတယ်။
“ကလေး နှစ်ယောက်တောင် ရပြီးနေပြီ။ အချစ်နဲ့ပတ်သက်ပြီး ပြောဆိုရင် ဘာပြောရမလဲ မသိဘူး။ အဓိကက ကိုယ့်အနေနဲ့ အိမ်ထောင်သက် ကြာလာတဲ့အခါကျတော့ သံယောဇဉ်တွေ ပိုကြီးလာတယ်။ လူငယ်တွေရဲ့ ချစ်ခြင်းထက်တော့ ပိုပြီး အေးမြလာတယ်။ တယောက်နဲ့ တယောက် နားလည်ကြတယ်။ နားလည်မှုနဲ့ မေတ္တာတွေ၊ သံယောဇဉ်တွေနဲ့ တည်ဆောက်ကြတဲ့အချစ် ဖြစ်သွားတာပေါ့”လို့ သက်မွန်မြင့်က ပြောပါတယ်။
အသက် ၁ နှစ်သာ ကွာပေမယ့် ခင်ပွန်းဖြစ်သူက လူကြီးဆန်ပြီး Surprise လည်း အရမ်းလုပ်တဲ့အကြောင်းကို ပြောပြခဲ့ပါတယ်။
“သူကရိုတယ်။ ရုပ်တည်ကြီးနဲ့ကို ရိုတာ။ Surprise လည်း အရမ်းလုပ်တယ်။ တခါတလေကျရင် ကိုယ်လည်း ကြောင်ကြောင်သွားတာ မထင်ရဘူး။ ကလေးကို ယူထားတာဆိုတော့လည်း အမှန်တော့ အသက်ကသိပ်မကွာပါဘူး။ ၁ နှစ်လောက်ပဲ ကွာပေမယ့် သူ့ရဲ့ပုံစံက လူကြီးဆန်တယ်။ လူကြီးတယောက်လိုနေတယ်”
“အလုပ်လုပ်တာလည်း လူကြီးတယောက်နေရာကဆိုတော့ ပြောင်းသွားတာပေါ့။ ကိုယ်ကကျတော့ အိမ်မှာလည်း အငယ်ဆုံး ဒီအလုပ်လုပ်တဲ့အခါမှာလည်း စိတ်လွတ်လက်လွတ် နေတဲ့သူဆိုတော့ ရင့်ကျက်မှုက ကွာသွားတယ်” လို့ သက်မွန်မြင့်က ပြောပါတယ်။
မကြာခင်မှာတော့ “Love Equation” ဆိုတဲ့ ရုပ်ရှင်ကားကို ဒေါင်း၊ ခါရာ၊ ဖွေးဖွေးတို့နဲ့အတူ ရိုက်ဖို့ရှိတယ်လို့ သိရပါတယ်။
“ကားလေးက ချစ်စရာလေး အဲ့ထဲမှာမှ သက်မွန်က ကာရိုက်တာလေးတခု ဖြစ်နေတာ။ ဒီထဲမှာတော့ ဖွေးနဲ့တော့ သိပ်မဆုံဘူး။ ဒေါင်းနဲ့ ဆုံဖို့များတယ်။ ပါဝင်တဲ့ သရုပ်ဆောင်တွေကလည်း အားကောင်းမောင်းသန်တွေဆိုတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ်”လို့ သက်မွန်မြင့်က ပြောပါတယ်။
အခုနောက်ပိုင်းမှာ အချစ်ကားတွေမှာ တွေ့ရနည်းတဲ့အကြောင်းကိုလည်း သက်မွန်မြင့်က “အချစ်ကားမတွေ့ရတာက သက်မွန်တို့ရဲ့ အပြင်ဘဝနဲ့ ချိန်ပြီးတော့ လာငှားတာဆိုတော့ များသောအားဖြင့် အိမ်ထောင်ရေးဇာတ်တွေ ရိုက်ရတာများတယ်” လို့ ပြောပါတယ်။
You may also like these stories:
သူငယ်ချင်းဖူးစုံကို အိမ်ထောင်မပြုစေချင်သေးတဲ့ သရုပ်ဆောင် သက်မွန်မြင့်
“စီးပွားရေးပိုင်းမှာတော့ လုံးဝ မူကြိုပါ”လို့ သက်မွန်မြင့် ပြော