ကမ္ဘာ့အသက်အငယ်ဆုံး ဘီလီယံနာ သူဌေးမလေး Kylie Jenner နဲ့ ချစ်သူအဆိုတော် Travis Scott တို့ဟာ သူတို့ရဲ့ အချစ်ရေးကို တခန်းရပ်လိုက်ကြပြီ ဖြစ်ပါတယ်။
အခုလိုမျိုး လမ်းခွဲလိုက်တဲ့ ကိစ္စနဲ့ ပတ်သက်လို့ သူတို့နှစ်ဦးရဲ့ ကိုယ်စားလှယ်တွေက တရားဝင်ထုတ်ပြန်တာမျိုး မရှိသေးပေမယ့် Jenner နဲ့ နီးစပ်သူ တဦးကတော့ သူတို့ချစ်သူနှစ်ဦးဟာ အချစ်ဇာတ်လမ်းကို တခဏသာ ရပ်လိုက်တာဖြစ်ပြီး အပြည့်အဝ ရပ်ဆိုင်းလိုက်တာမျိုးတော့ မဟုတ်သေးဘူးလို့ ပြောဆိုထားပါတယ်။
အဲ့ဒီသတင်းရင်းမြစ်က “သူတို့ဟာ အချိန်ယူနေတာပါ။ လုံးဝ ပြီးသွားတာမျိုး မဟုတ်ပါဘူး။ သူတို့ဟာ ယုံကြည်မှု တချို့ရှိနေဆဲ ဖြစ်ပြီးပေမယ့် သူတို့ရဲ့ပြဿနာတွေက သူတို့ဘဝ နေထိုင်မှု ဖိအားတွေထက် များနေပါတယ်” လို့ People မီဒီယာကို ပြောဆိုခဲ့ပါတယ်။
အခုလို အချစ်ဇာတ်လမ်း ခဏ ရပ်ဆိုင်းလိုက်တာနဲ့ ပတ်သက်လို့ ဘယ်အချိန်တုန်းက ဆုံးဖြတ်လိုက်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရဘဲ အဆိုတော် Scott ကတော့ Jenner ရဲ့ Instagram ပို့စ်တွေမှာ မပါဝင်တော့တာ တလလောက်ရှိနေပြီဖြစ်ပြီး ဆိုရှယ်မီဒီယာပေါ်မှာ ကျော်ကြားသူနှစ်ဦးအနေနဲ့ အခုလိုမျိုး ဆက်ဆံရေးကျဲသွားတာဟာ အခု ထင်နေသလို နှစ်ဦးကြားမှာ တခုခု ဖြစ်ပေါ်နေပြီလို့ ခန့်မှန်းနိုင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
Jenner ကတော့ ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းမှာ မကြာသေးခင်တုန်းက ပြုလုပ်ခဲ့တဲ့ Justin Bieber နဲ့ Hailey တို့ရဲ့ လက်ထပ်ပွဲကို သူ့ရဲ့ မိခင် Kris နဲ့ အမဖြစ်သူ Kendall တို့နဲ့အတူ တက်ရောက်ခဲ့ပေမယ့် ချစ်သူ Scott ပါဝင်လာခဲ့တာတော့ မရှိခဲ့ပါဘူး။ သူတို့နှစ်ဦး အချစ်ဇာတ်လမ်း စတင်ခဲ့တဲ့နေ့ကတည်းက တောက်လျှောက် အားပေးခဲ့ကြတဲ့ ပရိသတ်တချို့အတွက်တော့ သူတို့ရဲ့ လမ်းခွဲလိုက်တဲ့သတင်းဟာ အထိတ်တလန့် ဖြစ်စေခဲ့ရပါတယ်။
လွန်ခဲ့တဲ့လ အနည်းငယ်တုန်းကတော့ သူတို့နှစ်ဦးဟာ တနှစ်ပြည့် သမီးလေး Stormi ရဲ့ ပုံရိပ်ကို မိသားစု ဓာတ်ပုံအနေနဲ့ မျှဝေတာမျိုးရှိခဲ့သလို့ နှစ်ဦးသားကလည်း အင်တာဗျူးတခုမှာ အတူတူ ပါဝင်ခဲ့ကြတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။
အဲ့ဒီမတိုင်မီ သီတင်းပတ်အနည်းငယ် အလိုလောက်တုန်းကတော့ Jenner-Webster မိသားစုဟာ တကယ့်ကိုပဲ ခိုင်ခိုင်မာမာ တောင့်တောင့်တင်းတင်း ရှိခဲ့ပြီးတော့ သူတို့ တမိသားစုလုံးကလည်း Scott ရဲ့ မှတ်တမ်းရုပ်ရှင် “Look Mom I Can Fly”ကို အားပေးခဲ့ကြပြီး အဲ့ဒီရုပ်ရှင် စတင်မိတ်ဆက်တဲ့ပွဲမှာ သမီးလေး Stormi ကို ကော်ဇောနီ အစီအစဉ်ဆီ ပွဲထုတ်လာခဲ့ပါတယ်။ ဒါဟာ သူတို့မိသားစုအတွက် ပရိသတ်ရှေ့မှောက်မှာ အတူတူ မြင်တွေ့ရတဲ့ ရှားရှားပါးပါး ဖြစ်ရပ်လည်း ဖြစ်ပါတယ်။
အဲ့ဒီနောက် Jenner ရဲ့ အသက် ၂၂ နှစ်ပြည့်မွေးနေ့ကို အီတလီနိုင်ငံမှာ ကျင်းပဖို့ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ အတူသွားရောက်ခဲ့တဲ့ အချိန်မှာ သူတို့စုံတွဲရဲ့ အချစ်ရေးဒီရေ အမြင့်ဆုံး ဖြစ်ခဲ့တာပါ။ သူတို့နှစ်ယောက်ဟာ တကယ့်ကို ချစ်ကြတဲ့ စုံတွဲနှစ်ဦးအနေနဲ့ ဘေးချင်းယှဉ်ပြီး ဓာတ်ပုံအရိုက်ခံခဲ့တာကိုလည်း တွေ့ရပါတယ်။
Jenner နဲ့ Scott တို့ဟာ ၂၀၁၇ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ Coachella ပွဲတော်မှာ ပထမဆုံး ဆုံတွေ့ခဲ့ကြတာ ဖြစ်ပြီး အဲ့ဒီနောက် အသက် ၂၂ နှစ်အရွယ် အလှကုန်လုပ်ငန်းရှင် Jenner က အဆိုတော် Scott နဲ့အတူ နယ်လှည့် ဖျော်ဖြေပွဲ တလျှောက် လိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အဲ့ဒီနောက်ပိုင်း သူတို့နှစ်ယောက်ဟာ သမီးလေး Stormi ရဲ့ မိဘတွေ ဖြစ်ခဲ့ကြပါတယ်။ သမီးလေး မွေးတာကိုတောင် မီးဖွားပြီး ရက်အနည်းငယ်အကြာမှ ဗီဒီယိုတခုကို တင်ခဲ့လို့ ပရိသတ်တွေက သိရှိခဲ့ကြရတာဖြစ်ပါတယ်။ သူတို့ဟာ ဒုတိယရင်သွေး လိုချင်တယ်လို့လည်း ပြောဆိုထားကြပါတယ်။
မကြာသေးခင်လတွေတုန်းကတော့ သူတို့နှစ်ယောက် စေ့စပ်လိုက်ပြီဆိုပြီး သတင်းတွေထွက်ခဲ့ပေမယ့် သူတို့ရဲ့ ရုတ်တရက် လမ်းခွဲတဲ့ သတင်းဟာ သူတို့လက်ထပ်တော့မယ်လို့ ထင်ထားသူတွေအတွက်တော့ အံ့သြစရာ ဖြစ်ခဲ့ရပါတယ်။
Ref: vogue
You may also like these stories:
“Stormi” လို့ နာမည်ပေးလိုက်တဲ့ Kylie Jenner ရဲ့သမီးလေး
အွန်လိုင်း မီဒီယာပေါ်က သမီးလေးရဲ့ ဓာတ်ပုံတွေ ပြန်ဖျက်လိုက်တဲ့ Kylie Jenner
ပထမဆုံး ရင်သွေးလေးကို အနီးကပ်ကိုယ်ရံတော်နဲ့ ရခဲ့တာလို့ သတင်းထွက်နေတဲ့ Kylie Jenner