“The Shining” ရုပ်ရှင်ထဲမှာ မင်းသား Jack Nicholson ရဲ့ ဇာတ်ကောင် ကိုင်ခဲ့တဲ့ ပုဆိန်ကို အင်္ဂလန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ လေလံပွဲတခုမှာ သူ့ရဲ့ မိသားစုက ဒေါ်လာ ၂ သိန်းကျော်နဲ့ ရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဒါရိုက်တာ Stanley Kubrick ရဲ့ ၁၉၈၀ ပြည့်နှစ်မှာ ထွက်ရှိခဲ့တဲ့ သည်းထိတ်ရင်ဖို ရုပ်ရှင်ထဲက ဇာတ်ဝင်ပစ္စည်းကို ဗြိတိသျှစတာလင်ပေါင် ၁ သိန်း ၇ သောင်းနဲ့ ညီမျှတဲ့ ဒေါ်လာ ၂ သိန်းကျော်နဲ့ လန်ဒန်မြို့မှာ ပြုလုပ်ခဲ့တဲ့ Entertainment Memorabilia Live Auction မှာ ရောင်းချနိုင်ခဲ့တာ ဖြစ်တယ်လို့ The Independent သတင်းစာက ဖော်ပြခဲ့ပါတယ်။
အဲ့ဒီကမ္ဘာကျော်ပုဆိန်ကို ခန့်မှန်းထားထက် ဈေးထက် ၄ ဆခန့် ပိုမိုရရှိပြီး ရောင်းချနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အဲ့ဒီပုဆိန်ကို ၃ ပေရှည်တဲ့ သစ်သားလက်ကိုင်၊ တပေရှည်ပြီး တလက်မ ထူတဲ့ ဓားသွားတခုတို့နဲ့ ပြုလုပ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။
ရုပ်ရှင်ထဲမှာတော့ မင်းသား Nicholson ရဲ့ ဇာတ်ကောင် Jack Torrance မှာ စိတ်ဖောက်ပြန်တဲ့ရောဂါရှိနေပြီး ဆောင်းရာသီကာလမှာ Overlook ဟိုတယ်မှာ သောင်းကြမ်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
Torrance ဟာ အဲ့ဒီပုဆိန်ကို ကိုင်ဆောင်ပြီး ဟိုတယ် ပတ်ဝန်းကျင်မှာ သူ့ရဲ့ မိသားစုနောက်ကို တကောက်ကောက် လိုက်ခဲ့သူဖြစ်ပါတယ်။ ကြောက်ရွံ့နေတဲ့ မိန်းမဖြစ်သူ ပုန်းအောင်းနေတဲ့ ရေချိုးခန်းတံခါးကို အဲ့ဒီပုဆိန်နဲ့ ချိုးဖျက်ခဲ့တဲ့ ဇာတ်ဝင်ခန်းဟာ ကမ္ဘာကျော်ဇာတ်ဝင်ခန်း ဖြစ်လာခဲ့ပါတယ်။
“The Shining” ရုပ်ရှင်ဟာ ၁၉၇၇ ခုနှစ်ကထွက်ရှိခဲ့တဲ့ ဝတ္ထုရေးဆရာကြီး Stephan King ရဲ့ နာမည်တူဝတ္ထုကို ပြန်လည် ရိုက်ကူးထားတာဖြစ်ပါတယ်။ ၁၉၈၀ ပြည့်နှစ် မေလ ၂၃ ရက်နေ့မှာရုံတင်ခဲ့ပြီး ဒီနေ့ခေတ် သည်းထိတ်ရင်ဖို ရုပ်ရှင်တွေအပေါ် အလွှမ်းမိုးနိုင်ဆုံး ရုပ်ရှင်အဖြစ် ယူဆထားခဲ့ကြပါတယ်။
လန်ဒန်မှာပြုလုပ်ခဲ့တဲ့ အဲ့ဒီလေလံပွဲမှာ တခြားရုပ်ရှင်ဇာတ်ဝင်ခန်း အမှတ်တရတွေကိုလည်း လေလံပစ်နိုင်ခဲ့ပါတယ်။ အဲ့ဒီပစ္စည်းတွေထဲမှာတော့ “Gladiator” ရုပ်ရှင်ထဲမှာ မင်းသား Russell Crowe ဝတ်ဆင်ခဲ့တဲ့ သံချပ်ကာ ဝတ်စုံ၊ “Star Wars: Revenge of the Sith” ရုပ်ရှင်ထဲမှာ မင်းသား Samuel L. Jackson ကိုင်ဆောင်ခဲ့တဲ့ လေဆာဓားတို့လည်း ပါဝင်ပါတယ်။
“The Shining” ရုပ်ရှင်ရဲ့ နောက်ဆက်တွဲ ရုပ်ရှင်ဖြစ်တဲ့ “Doctor Sleep” ကို လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ရုံတင်ဖို့ ရှိနေပါတယ်။
Ref: nypost
You may also like these stories:
Star Wars ခေါင်းဆောင်း အပါအဝင် ကမ္ဘာကျော်ရုပ်ရှင် ဇာတ်ဝင်ပစ္စည်းတချို့ကို လေလံပစ်မည်
ဗင်းနစ် နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ၈ မိနစ်ကြာ မတ်တပ်ရပ်ပြီး အားပေးခံခဲ့ရတဲ့ Joker ရုပ်ရှင်
နာမည်ကြီးရုပ်ရှင်တွေမှာ ပရိသတ် မသိနိုင်တဲ့ နောက်ကွယ်က အကြောင်းအရာများ
Star Wars ရုပ်ရှင်မှာ Harrison Ford ဝတ်ဆင်ခဲ့တဲ့ ဂျာကင် လေလံတင် ရောင်းချနိုင်ခဲ့ခြင်း မရှိ