"The Matrix 4" ရုပ်ရှင်အတွက် သရုပ်ဆောင် စတင်ရွေးချယ်နေပြီဖြစ်တဲ့ Warner Bros
ရုပ်ရှင်ချစ် ပရိသတ်အများစုဟာ ကိုယ်ကြိုက်နှစ်သက်တဲ့ ရုပ်ရှင်ရဲ့ နောက်ဆက်တွဲ ရုပ်ရှင်တွေ ထပ်မံထွက်ရှိလာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်တဲ့အခါ စိတ်လှုပ်ရှားကြစမြဲပါ။ အခုတခါမှာတော့ Warner Bros ကုမ္ပဏီအနေနဲ့ “The Matrix 4” ရုပ်ရှင်အတွက် Casting တွေ စတင်ရွေးချယ်နေပြီဆိုတဲ့ သတင်းဟာ ပရိသတ်တွေနဲ့ ရုပ်ရှင်ချစ် ပရိသတ်တွေကို လှုပ်ခတ်စေခဲ့ပါတယ်။
အရင့်အရင်က ကြည့်ခဲ့တဲ့ ရုပ်ရှင်ရဲ့အရသာကို နောက်ထပ် ရုပ်ရှင်အနေနဲ့ ထိန်းထားနိုင်ပါ့မလား၊ ဇာတ်လမ်း တည်ဆောက်မှုကို ထိခိုက်သွားလေမလားဆိုတဲ့ မေးခွန်းပေါင်းများစွာကလည်း ရုပ်ရှင်ချစ်သူတွေကို အတွေးရောက်စေတာပါ။
မင်းသား Keanu Reeves သရုပ်ဆောင်ခဲ့တဲ့ The Matrix ရုပ်ရှင်ကတော့ သူ့ခေတ် အချိန်အခါတုန်းက ပရိသတ် အားပေးမှုကို အများဆုံးရရှိခဲ့တဲ့ အက်ရှင်၊ စိတ်ကူးယဉ် သိပ္ပံ ရုပ်ရှင်ဇာတ်ကားတကား ဖြစ်တဲ့အပြင် နောက်ဆက်တွဲ ရုပ်ရှင်ဇာတ်ကား နှစ်ကားအထိ ရိုက်ကူးထုတ်လုပ်နိုင်ခဲ့ပါတယ်။
၉၀ ခုနှစ်အလွန်မှ ထုတ်လုပ်ပြသခဲ့ဖူးတဲ့ ပုံစံအတိုင်း ပြန်လည်ဆန်းသစ်မှုတွေနဲ့ Warner Bros က ခြေလှမ်းသစ် တခုကို စတင်လိုက်ပြီဖြစ်ပြီး အဓိကဇာတ်ကောင် Neo ရဲ့ငယ်ဘဝကို ပီပီပြင်ပြင် ပုံဖော်သရုပ်ဆောင်နိုင်မယ့် သရုပ်ဆောင်ကို ရှာဖွေနေပြီလည်း ဖြစ်ပါတယ်။
ထူးခြားဆန်းကြယ်တဲ့ စိတ်ကူးတွေနဲ့ ပုံဖော်ထားခဲ့တဲ့ The Matrix ရဲ့ဇာတ်လမ်းနဲ့ ဇာတ်ကောင်တွေဟာ တကြိမ်ထက်မနည်း နှစ်နှစ်ခြိုက်ခြိုက် ကြည့်ရှုခဲ့ဖူးသူတွေအတွက်တော့ အမှတ်ရစရာတွေပဲ ဖြစ်ပါတယ်။
The Matrix 4 ရဲ့တရားဝင်ထွက်ရှိလာမယ့် ရက်အတိအကျကို မသိရသေးသလို ဇာတ်လမ်း တည်ဆောက်မှုနဲ့ ပတ်သက်ပြီးတော့လည်း အသေးစိတ်သတင်းတွေကို မသိရသေးပါဘူး။ ဘာပဲဖြစ်ဖြစ် တချိန်တုန်းက အောင်မြင်မှု အကြီးအကျယ်ရရှိခဲ့တဲ့ The Matrix ရုပ်ရှင်ကို Warner Bros အနေနဲ့ ဘယ်လိုဆန်းသစ် ထုတ်လုပ်မလဲ ဆိုတာကတော့ စိတ်ဝင်တစားနဲ့ စောင့်ကြည့်ရမှာပါ ဖြစ်ပါတယ်။
Ref. www.wegotthiscovered.com
You may also like these stories:
Constantine ကို လာမယ့် ရုပ်ရှင်ကား ၄ ကားမှာ ထည့်သွင်းဖို့ စီစဉ်နေတဲ့ Warner Bros
Harry Potter ရုပ်ရှင်အသစ်ကို မူလသရုပ်ဆောင်တွေနဲ့အတူ ထုတ်လုပ်တော့မယ့် Warner Bros.
“Matrix 4” ရုပ်ရှင်မှာ Neo အဖြစ် မင်းသား Keanu Reeves ပြန်လည် ပါဝင်လာမည်