အနုပညာ အလုပ်တွေ ပြန်လည် လုပ်ကိုင်နေပြီဖြစ်တဲ့ သရုပ်ဆောင် မိုးအောင်ရင်ကတော့ အမေရိကန်နိုင်ငံမှာ နေထိုင်တဲ့ သူ့ရဲ့ မိသားစုကို လွမ်းနေပေမယ့် လွမ်းတဲ့ စိတ်ကို မေ့ထားပြီး အလုပ်တွေ ကြိုးစားနေတယ်လို့ ဆိုပါတယ်။
“ထောင်ထဲမှာနေတုန်းကလည်း လွမ်းခဲ့ရတာပေါ့။ တနှစ်ခွဲတောင် တယောက်တည်း နေရချိန်မှာ ပိုတောင် လွမ်းသေးတယ်။ အခုပြန်ထွက်လာချိန်မှာ အလွမ်းဖြေတာတွေ ရှိတယ်။ အချိန်ပြည့် လွမ်းနေလို့လည်း မရဘူးလေ။ အခု ကျနော် လွမ်းတဲ့စိတ်ကို ခဏ ထားထားတယ်။ ကျနော် လုပ်စရာ ရှိတာကို ကျနော် ဆက်လုပ်မှ ရမယ်။ ဥပမာ အားဖြင့် ဇာတ်ကားရိုက်တာတို့ပေါ့။ ဇာတ်ကားရိုက်တာ ရှိမနေရင်လည်း ကျနော် ပုံမှန်လုပ်နေကြ လက်ဝှေ့ထိုးမယ်။ ကြက်တောင် ရိုက်မယ်။ ပြီးတော့ လုပ်စရာရှိတဲ့ လူမှုရေးကိစ္စတွေလည်း လုပ်သွားမယ်”လို့ မိုးအောင်ရင်က ပြောပါတယ်။
ဆက်လက်ပြီး မိုးအောင်ရင်ကတော့ အခုချိန်မှာတော့ သူ့စိတ်ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားနေတယ်လို့လည်း ပြောပါတယ်။
“မိသားစုကို လွမ်းတဲ့စိတ်နဲ့ ပြန်လဲသွားမှာလည်းစိုးတော့ အမှား လုပ်မိသွားမှာလည်းစိုးတော့ ကိုယ့်စိတ်ကိုယ် တည်ငြိမ်အောင် ကြိုးစားနေပါတယ်။ အဖေနဲ့ အမေကတော့ သွားလိုက် ပြန်လိုက်ပဲ လုပ်နေရမှာပေါ့နော်။ ကျနော် ထောင်ထဲမှာနေတုန်းကလည်း အဖေတို့က ၃ လလောက် လာလိုက်၊ ၃ လလောက်ပြန်လိုက်ပဲပေါ့။ အခုလည်း အဲဒီလိုပါပဲ။ အဓိက ကတော့ ညီမလေးပဲ သူက အမေရိက ကနေပြန်လာဖို့ မလွယ်ဘူး”
“ဒီဇင်ဘာတော့ သူပြန်လာမယ်လို့တော့ ပြောတယ်။ အဲဒီအခါကျရင်တော့ မိသားစု အကုန်ပြန်ဆုံရမှာပေါ့နော်။ နောက်လဆိုရင်တော့ အဖေတို့က ဒီကိုပြန်လာဖို့ရှိတယ်။ အဲဒီတော့ အဖေက စင်ကာပူကိုသွားပြီးတော့ သီချင်းဆိုမှာ။ အဲဒီကို ကျနော်လည်း လိုက်သွားမှာ”လို့ မိုးအောင်ရင်က ပြောပါတယ်။
သီတင်းကျွတ်မှာ ဆရာသမားတွေကို သွားရောက် ဂါရဝပြုဖို့ရှိတယ်ဆိုတဲ့ မိုးအောင်ရင်က ဆရာသမားတွေကို သွားရောက် မတွေ့ဖြစ်တာက ဘဝကို ပြန်တည်ဆောက်နေတဲ့အချိန် ဖြစ်တာကြောင့်လို့ ဆိုပါတယ်။
“သီတင်းကျွတ်မှာ မိဘ၊ ဆရာသမားတွေ ကန်တော့မှာပါ။ ကျနော် အမေမွှေး (မို့မို့မြင့်အောင်) ကိုလည်း မမေ့ပါဘူး။ သွားမှာပါ။ ကျနော် ထောင်ထဲမှာ အင်္ဂလိပ် စာသင်နိုင်အောင် စာအုပ်တွေ ပို့ပေးတယ်။ ကျနော့်ကို ငယ်ငယ်ကတည်းက အင်္ဂလိပ်စာ သင်ပေးတဲ့ ဆရာမ ရှိတယ်။ အဲ့ဆရာသမားတွေကိုလည်း ကန်တော့မှာပါ။ လူကိုယ်တိုင် သွားကန်တော့မှာ။ ကျနော် ဆရာသမားတွေကို တမင်သွား မတွေ့တာတော့ ဘယ်ဟုတ်ပါ့မလဲ။ ကျနော်လည်း ကျနော့် အခက်အခဲနဲ့ ကျနော်ပေါ့”
“နောက် ဘဝကို ပြန်တည်ဆောက်နေတဲ့ အချိန်ဖြစ်နေတော့ ဒါကို တကူးတက မလုပ်နိုင်ဘူး ဖြစ်နေတာပါ။ ကျနော် မမေ့ပါဘူး။ ဒါက မေ့ရမယ့် ကိစ္စမှ မဟုတ်တာ။ ကျေးဇူးရှင်တွေ။ အခုလို နေရာရတာလည်း သူတို့ သွန်သင်ဆုံးမမှုတွေကြောင့် ရောက်လာတာ။ လောလောဆယ်တော့ ကားရိုက်ပြီးသွားပြီး နောက်တကား ၁၁ လပိုင်းမှာ ရိုက်ဖို့ရှိတယ်။ တခြားကားတွေလည်း ရိုက်ဖို့ပြောထားတာတွေလည်း ရှိပါတယ်”လို့ မိုးအောင်ရင်က ပြောပါတယ်။
မိုးအောင်ရင်ကိုတော့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကား၊ တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာဖြစ်ပြီး အဆိုတော် အောင်ရင်ရဲ့ သား ဖြစ်ပါတယ်။ မူးယစ်ဆေးဝါးမှုနဲ့ ထောင်ကျခဲ့တဲ့ မိုးအောင်ရင်ဟာ မေလ ၇ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းထောင်ကနေ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။
You may also like these stories:
အေးအေးဝင်း စီစဉ်မှုနဲ့ သရုပ်ဆောင် မိုးအောင်ရင် ရုပ်ရှင် ပြန်ရိုက်တော့မည်
“မိသားစုကို ဒုက္ခပေးခဲ့ရတဲ့အတွက် နောင်တရလို့ မဆုံးပါဘူး”လို့ မိုးအောင်ရင် ပြော
မိုးအောင်ရင် ထောင်က ထွက်လာပြီးနောက် လူမှုရေး အကျိုးပြုလုပ်ငန်းတွေ လုပ်ဖို့ စီစဉ်နေ
မိုးအောင်ရင် လွတ်မြောက်လာတဲ့အပေါ် အနုပညာရှင်များရဲ့ ဝမ်းသာစကားများ