ဒါရိုက်တာ လူမင်း ရိုက်ကူးတဲ့ “အောင်ဆန်း” ဇာတ်ကားမှာ ဂဠုန်ဦးစော နေရာကို ညီဖြစ်သူ ဇော်ဇော်ပိုင် ပါဝင် သရုပ်ဆောင်မယ့် အပေါ် အစ်ကိုဖြစ်တဲ့ သရုပ်ဆောင် မင်းခက သူ့အမြင်ကို အခုလိုပဲ ပြောပါတယ်။
“ညီလေး ဇော်ဇော်ပိုင် ဗိုလ်ချုပ်ဇာတ်ကားမှာ ပါဝင်တာ ကောင်းပါတယ်။ ဒါက သမိုင်းဝင်ကားလည်း ဖြစ်တယ်။ ဒီလိုကားမျိုးက ရိုက်သင့်တာကြာပါပြီ။ နောင်နှစ်ပေါင်းများစွာတိုင် ကြည့်ရမယ့် ဇာတ်ကားမျိုး ရိုက်သင့်တာကြာပါပြီ”
“ကျနော် ညီ ပါဝင်ဖြစ်တာက သစ်တံခါး ဘုန်းဘုန်းကျောင်းသွားရင်း ဦးစိုးမိုးတို့နဲ့ စကားပြောကြရင်းနဲ့ အဘိုး (ဂဠုန်ဦးစော)နဲ့ တော်တော် တူနေတော့ အန်ကယ်လေး (လူမင်း) က တွေ့ချင်တယ်ဆိုတာ သူ သွားတွေ့တယ်။ ပါဝင်သရုပ်ဆောင်ချင်လား ဆိုတော့ သူကလည်း သရုပ်ဆောင်ချင်တယ်ဆိုတာနဲ့ ပါဝင်သွားတာ။ သူအိုက်တင်တော့ သိပ်မလုပ်ရဘူးနဲ့ တူပါတယ်။ ကျနော့်ညီက ကာရိုက်တာအတွက် အလိုက်ဆုံး သူလို့တော့ ကျနော် ထင်တယ်”
“အန်ကယ်လေးကတော့ မိသားစုတွေကို ထိခိုက်မှာစိုးလို့ မလုပ်ဖို့ ပြောတာပါ၊ တကယ်တမ်းတော့ ကျနော် အနုပညာရှင် တယောက်အနေနဲ့ မြင်ကြည့်တာတော့ ဒီလို မျိုးရိုးက ဆင်းသက်လာတဲ့ သူကို သရုပ်ဆောင်ခိုင်းတာ ကောင်းတယ်လို့ ထင်တယ်။ ဆဲတာ ဆိုတာတော့ ခံရမှာပါပဲ။ ခံနေကျဆိုတော့လည်း အထူးအဆန်းတော့ မဟုတ်တော့ပါဘူး။ သူ့ကို အန်ကယ်လေးပဲ သင်ပေးပြီး လုပ်ပေးလိမ့်မယ်နဲ့ တူပါတယ်။ အန်ကယ်လေးကတော့ သွားလေး ပြင်ဆင်ဖို့ပြောလို့ သွားတွေတော့ လုပ်နေတယ်”လို့ မင်းခက ပြောပါတယ်။
အဘိုးကြောင့် အခက်အခဲတွေ သိပ်တော့လည်း မရှိတော့ပေမယ့် ပြောခံရတာတွေက အခုချိန်ထိ ကြုံနေရသေးတယ်လို့ သရုပ်ဆောင် မင်းခက ဆိုပါတယ်။
“ကျနော်နဲ့ မတူဘူး။ ကျနော်နဲ့ တူရင်တော့ ဘာပဲဖြစ်ဖြစ် သရုပ်ဆောင်ချင်တာပေါ့။ သရုပ်ဆောင် ဝါသနာပါလို့ သရုပ်ဆောင် လုပ်ဖြစ်တာလေ။ ကျန်တာတွေ ကျနော် ခေါင်းထဲ သိပ်မရှိဘူး။ အဘိုးကို သတိရတယ်၊ မရဘူးဆိုတာထက် သိပ်မမှီခဲ့တော့ ကျနော်တို့ အဘိုးဆိုတာ အဘိုးပါပဲ။ အဘိုးဖြစ်သူကြောင့် အခက်အခဲတွေ သိပ်တော့လည်း မရှိတော့ပါဘူး။ နှစ်တွေလည်း အများကြီး ဖြတ်သန်းပြီးပြီ”
“ကျနော်တို့ သမီးတွေ လက်ထပ်မှာ အေးအေးဆေးဆေးဖြစ်သွားရင် ပြီးတာပါပဲ။ ကျနော်တို့က မြစ်ပေါ့။ ကျနော်တို့ သမီးကျတော့ တီ ပေါ့။ အာဇာနည်နေ့ရောက်ရင် သမီးက ငိုတယ်။ ပြောခံရတာတွေက အခုချိန်ထိကြုံနေတော့ အဲ့ရက်တွေ မတိုင်ခင်ကတည်းက ကျောင်းမပို့ဘဲ ခွင့်ယူထားရတယ်။ ဒါက သမိုင်းဆိုတော့ ဆရာမတွေကလည်း ရှင်းပြရမှာတွေ ရှိတယ်လေ။ ဒါက ရာဇာဝင်မှ မဟုတ်တာ၊ သမိုင်းလေ။ ဖျောက်လို့ မရဘူးပေါ့။ ကျနော်တို့ ထူးထူးဆန်းဆန်းကြီး ဖြတ်သန်းရတဲ့ နေ့တနေ့တော့ မဟုတ်တော့ပါဘူး”လို့ မင်းခက ပြောပါတယ်။
သရုပ်ဆောင် မင်းခက ဗီဒီယို ဇာတ်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့သလို ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးတဲ့ “နတ်ဖွက်တဲ့ည” ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ မင်းခက အနုပညာလောကနဲ့ အချိန် အနည်းငယ်ကြာ ဝေးကွာလျက် ရှိနေပါတယ်။
You may also like these stories:
“အောင်ဆန်း” ရုပ်ရှင်မှာ ပါဝင်ကြမယ့် သရုပ်ဆောင်များရဲ့ စကားသံများ
“ဗိုလ်ချုပ်နေရာက သရုပ်ဆောင်မယ့် ကျော်ကျော်မျိုးကို အားအရဆုံးပဲ”လို့ လူမင်း ပြော
၈ နှစ်နီးပါး စောင့်ခဲ့ရတဲ့ ဗိုလ်ချူပ်ရုပ်ရှင် မကြာခင် ရိုက်ကူးတော့မယ်လို့ လူမင်း ပြော
“မေရီလှတောအဖြစ် ကမ်းလှမ်းခံရတာ အိပ်မက် တခုလိုပါပဲ”လို့ မိုးဟေကို ပြော