ထိုင်းနိုင်ငံမြောက်ပိုင်းက ဂူထဲမှာ ပိတ်မိခဲ့ကြတဲ့ တောဝက် လူငယ်ဘောလုံးအသင်းအကြောင်း ရိုက်ကူးထားတဲ့ “The Cave” ရုပ်ရှင်ကို ဘူဆန်နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ပွဲဦးထွက်အဖြစ် ပြသတော့မှာဖြစ်ပြီး ပိတ်မိနေခဲ့သူတွေကို ကယ်ဆယ်ခဲ့ရတဲ့ မစ်ရှင်ရဲ့ ဘေးဒုက္ခကို ရှုမြင်ခံစားရမှာဖြစ်တယ်လို့ ဒါရိုက်တာက ပြောဆိုလိုက်ပါတယ်။
ထိုင်းနွယ်ဖွား အိုင်းရစ်ဒါရိုက်တာ Tom Waller က “ဒါဟာ ရိုက်ကွင်းနဲ့တူတယ်လို့ ဘယ်သူမှ ပြောကြမှာ မဟုတ်ပါဘူး” လို့ တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပနေတဲ့ အာရှရဲ့ အကြီးမားဆုံးရုပ်ရှင်ပွဲတော်မှာ မနက်ဖြန် မပြသခင် ပြောဆိုခဲ့ပါတယ်။ ဒီဇာတ်ကားကိုတော့ မနက်ဖြန် အောက်တိုဘာလ ၅ ရက်နေ့မှာ ရုပ်ရှင်ပွဲတော်အတွင်း စတင် ပြသမှာ ဖြစ်ပါတယ်။
“ပိတ်လှောင်ခံရတာကို ကြောက်ရွံ့တဲ့ ပရိသတ်တွေကိုတော့ နည်းနည်းလေး စိတ်မချမ်းမသာ ဖြစ်ရနိုင်တယ်လို့ သတိပေးချင်ပါတယ်”လို့လည်း ဒါရိုက်တာက ဆိုပါတယ်။
ထိုင်းနိုင်ငံမြောက်ပိုင်းမှာ ရှိတဲ့ ထမ့်လုံလိုဏ်ဂူထဲမှာ ဂူတွင်းရေကြီးမှုကြောင့် ပိတ်မိခဲ့ကြတဲ့ တောဝက်ဘောလုံး အသင်းသား ၁၂ ဦးနဲ့ သူတို့ရဲ့ နည်းပြတို့ကို ကယ်ဆယ်တဲ့ မစ်ရှင်ကို တကမ္ဘာလုံးက အာရုံစိုက် စောင့်ကြည့်ခဲ့ကြတာ ဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်၊ မိုးရာသီကာလအတွင်းမှာ အဲ့ဒီဘောလုံးအသင်းဟာ ဂူထဲမှာ ၁၈ ရက်ကြာ ပိတ်မိခဲ့ကြတာဖြစ်ပြီး သူတို့တွေကို ကယ်ထုတ်ဖို့ ကီလိုမီတာများစွာရှည်တဲ့ လမ်းကြောင်းကို ဖြတ်သန်းခဲ့ကြရပါတယ်။ ရုပ်ရှင်ထဲမှာတော့ တောဝက်ဘောလုံး အသင်းသားတွေကို ကယ်ထုတ်ခဲ့ရတဲ့အချိန် နက်မှောင်ပြီး ကြောက်မက်ဖွယ် ပတ်ဝန်းကျင်အခြေအနေကို ပြန်လည် ဖန်တီးတင်ပြထားတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံမှာရှိတဲ့ အလားတူ လိုဏ်ဂူတွေမှာ အဲ့ဒီရုပ်ရှင်ကို ပြန်လည်ရိုက်ကူးဖို့အတွက်တော့ မူရင်း ကယ်ဆယ်ရေး အဖွဲ့ထဲက ရေငုပ်သမား ၄ ဦးကိုလည်း ပြန်လည် ပါဝင်သရုပ်ဆောင်စေခဲ့ပါတယ်။ ဒါရိုက်တာ Waller က “ကျနော်တို့ဟာ မြွေတွေ၊ ကြီးမားတဲ့ ပင့်ကူတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်”လို့ ပြောပါတယ်။
အဲ့ဒီရုပ်ရှင်ဟာ ငွေကြေးများစွာ စိုက်ထုတ်ပြီး ရိုက်ကူးခဲ့လို့ အခုဆိုရင် ရုံတင်ဖို့အချိန်နီးကပ်နေပြီ ဖြစ်ပါတယ်။ ဒါရိုက်တာကတော့ သူ့ရဲ့ ရုပ်ရှင်ကို တကမ္ဘာလုံးက သိရှိစေရေးအတွက် အကူအညီပေးနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ သူက “ဘူဆန်မှာ အရင်ဆုံးပြပြီးရင်တော့ ကမ္ဘာစင်မြင့်ထက်မှာ အဲ့ဒီရုပ်ရှင်ကို ပြသမှာပါ”လို့ ပြောပါတယ်။ ထိုင်းနိုင်ငံမှာတော့ လာမယ့် နိုဝင်ဘာလထဲ ပြသသွားမှာ ဖြစ်ပါတယ်။
ခက်ခက်ခဲခဲနဲ့ သက်စွန့်ကြိုးပမ်းခဲ့ရတဲ့ အဲ့ဒီ မစ်ရှင် ပြီးဆုံခဲ့ပြီး တနှစ်ကျော်အကြမှာတော့ ကုမ္ပဏီအသီးအသီးက အဲ့ဒီကယ်ဆယ်ရေး လုပ်ငန်းစဉ်အကြောင်း ဖော်ပြမယ့် စာအုပ်၊ အစီအစဉ်နဲ့ မှတ်တမ်းတင်ရုပ်ရှင်တွေ ဖန်တီးဖို့ ကမ်းလှမ်းလာခဲ့ကြပါတယ်။
Netflix ထုတ်လုပ်ရေးအဖွဲ့ကနေ Crazy Rich Asians ရုပ်ရှင်ထုတ်လုပ်သူ တွေအထိ ကမ်းလှမ်းလာကြတာမျိုးရှိသလို ကယ်ဆယ်ခံလိုက်ရတဲ့ ဘောလုံး အသင်းသားတွေကို တဦး ဒေါ်လာ ၁ သိန်းစီ ရရှိခဲ့တာမျိုးလည်း ရှိခဲ့ပါတယ်။ National Geographic ရုပ်သံလိုင်းကလည်း အသင်းသားတွေကို ကယ်တင်ခဲ့တဲ့အကြောင်း နာမည်ကျော် အော်စကာဆုရရုပ်ရှင် Free Solo ကို ရိုက်ကူးခဲ့တဲ့ အဖွဲ့နဲ့ ဖန်တီးဖို့ ပြင်ဆင်နေပါတယ်။
Ref: AFP
You may also like these stories:
ထိုင်းလှိုဏ်ဂူမှာ ပိတ်မိခဲ့တဲ့ ကလေးတွေအကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင် Trailer ထွက်ရှိ
ထိုင်းတောဝက် ဘောလုံးအသင်းအကြောင်း မီနီစီးရီး ရိုက်ရန် Netflix သဘောတူညီချက် ရရှိ
နာမည်ကျော် အိုးထရက်ဖို့ဒ်ကွင်းကို လည်ပတ်ခဲ့ကြတဲ့ ထိုင်းတောဝက်ဘောလုံး အသင်းသားများ
ရုပ်ရှင်ရိုက်ကူးဖို့ ကမ်းလှမ်းချက် ၂၂ ခု ရရှိခဲ့တဲ့ တောဝက်အသင်းသားများ