မကြာခင် ရုံတင်မယ့် “အမျှ အမျှ” ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ထားတဲ့ လင်းဇာနည်ဇော်က အခုချိန်မှာ မိဘမေတ္တာဖော်ကျူးတဲ့ ရုပ်ရှင်ကားတွေကိုပဲ ရိုက်ကူးချင်နေတယ်လို့ ဆိုပါတယ်။
“အမျှ အမျှ ဇာတ်ကားလေးမှာ မိခင် တယောက်နေရာက ပါဝင်သရုပ်ဆောင်ထားပါတယ်။ မိဘတွေရဲ့ သားသမီးပေါ်ထားတဲ့ မေတ္တာတွေကို ဖော်ညွှန်းထားတာပါ။ ကျမ ငယ်တုန်းကတော့ Fancy ဇာတ်လေးတွေ ကြိုက်တယ်။ နောက်စိတ်ဖိစီးမှုတွေ များလာတော့ ဟာသကားလေး ကြည့်ချင်တယ်။ မိဘနေရာ ရောက်လာတော့ မိဘမေတ္တာ ဖော်ကျူးထားတဲ့ ကားလေးတွေ ကြည့်ချင်တယ်။ အခုချိန်မှာတော့ မိဘမေတ္တာကို ဖော်ကျူးတဲ့ ကားတွေပဲ ကြည့်ချင်နေတယ်”
“အခုနောက်ပိုင်း ကျမ ကားသိပ်မရိုက်ဖြစ်တော့ဘူး။ ဟိုရှေ့က “သူစိမ်းအိမ်” ထွက်ထားတယ်။ အခု “အမျှ အမျှ” ပေါ့။ ကျမ အသက်အရွယ်နဲ့ လိုက်ဖက်မယ်ထင်လို့ ရိုက်ဖြစ်ထားတဲ့ ကားတွေပါ။ အနုပညာကို သိပ်ဝါသနာပါတဲ့ သူက အနုပညာတွေ သိပ်မလုပ်ဖြစ်ဘဲ အခုချိန်မှာတော့ အပြင်အလုပ်တွေပဲ လုပ်ဖြစ်နေပါတယ်”လို့ လင်းဇာနည်ဇော်က ပြောပါတယ်။
အစ်ကိုဖြစ်သူ ဒါရိုက်တာ မိုက်တီးကလည်း မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေပုဒ်မ ၁၆(ဂ) နဲ့ အရေးယူခြင်း ခံထားရပြီး အမှုရင်ဆိုင်နေရတဲ့ မိုက်တီးရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီးလည်း နှစ်ဆ ပိုသနားတယ်လို့ လင်းဇာနည်ဇော်က ဆိုပါတယ်။
“အစ်ကိုက အခုဆေးသွင်းနေတာ (၇) ကြိမ် ရှိပါပြီ။ စောင့်ကြည့်နေရတာပေ့ါ။ ကင်ဆာဆိုတာက ရောဂါဆိုးလို့လည်း ပြောလို့ရတယ်။ ကုသိုလ်ကံပေါ်မှာ မူတည်တယ်။ အနေအထိုင် အစားအသောက်ပေါ်မှာ မူတည်တယ်။ စိတ်ဓာတ် ခွန်အားပေါ်မှာ မူတည်တယ်။ အဖေတုန်းကလည်း အဖေမို့၊ အစ်ကိုဆိုတော့လည်းအစ်ကိုမို့လို့ သွေးက စကားပြောတာပေ့ါနော်”
“အစ်ကို့ကို ဝိတ်မကျအောင် စိတ်ဓာတ်ပျော်ရွှင်အောင်၊ ကလေးတယောက်လို ပြုစုနေရတာပေ့ါ။ သူက သနားဖို့ ကောင်းတယ်။ သူခံစားရတာတို့ တခုခု ဖြစ်တာတို့ဆိုရင် ဘေးလူကို မဖော်ပြတတ်ဘူး ။ ရောဂါဆိုးကြီးကို သိတဲ့အချိန်တုန်းက ကျမတို့ ညီအစ်မတွေ သူ့ကိုပြောပြဖို့ ပြောမထွက်ခဲ့ဘူး”လို့ ဆိုပါတယ်။
ဆက်လက်ပြီး “ဒါပေမယ့် သူက ကျမတို့ကို ခံစားမှုကို ပေ့ါစေဖို့ သူဘာမှ မဖြစ်ဘူးဆိုပြီး ဖြေသိမ့်တယ်။ သူ့ကိုယ်သူထက် ဘေးလူကို ပိုပြီး ကြည့်တတ်တယ်။ အူမကြီးဆိုတော့ တော်တော်ကို ခွဲလိုက်ရတာ။ ခွဲတုန်းက နှစ်ခါလောက် ပြန်ခွဲခဲ့ရတယ်”
“အစ်ကိုက အရမ်းကြောက်တတ်တာ။ ကြောက်တတ်တဲ့လူက အခုလို ခွဲစိတ်မှုတွေလုပ်တာ ခံနေရတဲ့အချိန်မှာ ဘယ်လောက်ထိ ကြောက်မလဲဆိုတာ ပြောမပြပေမယ့် ကျမတို့က သိတယ်။ အဲ့အတွက် နှစ်ဆ ပိုသနားတယ်”လို့ လင်းဇာနည်ဇော်က ပြောပါတယ်။
သရုပ်ဆောင် လင်းဇာနည်ဇော်ကတော့ လက်ရှိမှာ အနုပညာအလုပ်တွေကို သိပ်လုပ်ကိုင်တာ မတွေ့ရတော့ဘဲ အစ်မဖြစ်သူ ချစ်ချစ်ဇော်နဲ့ အတူ ပွဲတွေမှာ ဝါသနာအရ ရွှေတောင်ခေါက်ဆွဲ ချက်ပြုတ် ရောင်းချတဲ့ အလုပ်ကို လုပ်ကိုင်နေပါတယ်။
You may also like these stories:
ကျန်တဲ့ အမျှတကြိမ်ကို ပရိသတ်တွေ ခေါ်ပေးဖို့ တောင်းဆိုလိုက်တဲ့ ဒါရိုက်တာ စတီးလ်
“သူစိမ်းအိမ်” ရုပ်ရှင်ကို ၃ ခေါက် ကြည့်ပြီးပေမယ့် မရိုးသေးဘူးလို့ ပြောတဲ့ လင်းဇာနည်ဇော်
အစ်ကိုဖြစ်သူ ဒါရိုက်တာ မိုက်တီးရဲ့ လက်ရှိ ကျန်းမာရေးအကြောင်း ပြောပြတဲ့ လင်းဇာနည်ဇော်