မြန်မာ၊ ကိုရီးယား၊ ထိုင်း ၃ နိုင်ငံမှ မိန်းကလေး အဆိုတော် ၅ ယောက်နဲ့ ဖွဲ့စည်းထားတဲ့ Rose Quartz အဖွဲ့ကိုတော့ ဒီကနေ့ အောက်တိုဘာလ ၄ ရက်နေ့မှာ ဖျက်သိမ်းလိုက်တဲ့အကြောင်းကို JBJ Entertainment က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဒီအဖွဲ့ကိုတော့ ၂၀၁၈ ခုနှစ်မှ စတင်ကာ JBJ Entertainment မှ ထိုင်းနိုင်ငံအခြေစိုက် 0316 Entertainment နဲ့အတူ Single သီချင်း ၃ ပုဒ် ထုတ်လုပ်ရန် သဘောတူညီချက်ဖြင့် မြန်မာ၊ ထိုင်း၊ ကိုရီးယားနိုင်ငံများကို အသွားအလာလုပ်ရင်း Activity များ ပြုလုပ်ခဲ့ပါတယ်။
အခုအချိန်မှာတော့ အဆိုပါ Entertainment ၂ခုရဲ့ သဘောတူညီထားခဲ့တဲ့ Project များက ပြီးစီးသွားခဲ့တဲ့အတွက် ရှေ့ဆက်မလုပ်တော့တာလို့ သိရပါတယ်။
“၂၀၁၉ ခုနှစ် ဇွန်လအထိမှာတော့ JBJ Entertainment နဲ့ 0316 Entertainemnt ကြား သဘောတူညီထားခဲ့သော Project က အားလုံး ပြီးစီးသွားခဲ့ပြီ ဖြစ်ပါတယ်။ JBJ Entertainment ကတော့ Rose Quartz member တွေဖြစ်ကြတဲ့ နေခြည်၊ စင်ဒီတို့နဲ့ အချိန်ကြာ တွေ့ဆုံဆွေးနွေးပြီးနောက်မှာ နှစ်ဦးစလုံးရဲ့ Rose Quartz မှာ ထွက်ခွာပြီး လမ်းအသစ်ကို စတင်ဖို့ရာကို အားပေးပံ့ပိုးပေးရန် ဆုံးဖြတ်လိုက်ဖြစ်ပါတယ်”
“အခုအချိန်အထိ အတူတူရှိခဲ့ကြတဲ့ နေခြည်နဲ့ စင်ဒီရဲ့ ရှေ့လျှောက် လှုပ်ရှားမှုတွေကိုလည်း ချစ်ခင်အားပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်” လို့ JBJ Entertainment က ထုတ်ပြန်ထားပါတယ်။
တနှစ်အတွင်း လုပ်ဆောင်ရမယ့်လုပ်ငန်းများကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပေမယ့် ရှေ့ဆက်သွားဖို့အတွက် အဖွဲ့ဝင်များကို တိုင်ပင်ခဲ့ပေမယ့် အဆင်မပြေခဲ့တာကြောင့် အခုလိုလုပ်ရခြင်းဖြစ်တယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံမှ အဖွဲ့ဝင် နှစ်ဦးဖြစ်တဲ့ Earn ၊ Eing တို့က စာချုပ်ပြီးဆုံးသွားပြီး ကိုရီးယားနိုင်ငံမှ အဖွဲ့ဝင်တဦးဖြစ်တဲ့ Sungshin ကတော့ သူ့ရဲ့ကျန်းမာရေးအခြေအနေကြောင့် ကိုရီးယားနိုင်ငံသို့ပြန်ကာ အနားယူရမှာဖြစ်ကာ မြန်မာနိုင်ငံမှ အဖွဲ့ဝင် ၂ဦးဖြစ်တဲ့ Cindy၊ Naychi တို့ကတော့ လမ်းကြောင်းအသစ်ကို စတင်ဖို့အတွက် ဆုံးဖြတ်ခဲ့ကြပါတယ်။
“ဒါ့အပြင် Sungshin ရဲ့ အနုပညာလှုပ်ရှားမှု ရပ်ဆိုင်းထားခြင်း အတွက်လည်း တရားဝင် ရှင်းလင်းပေးချင်ပါတယ်။ Sungshin ကတော့ “3, 2, 1!” အယ်လ်ဘမ် Activity ပြုလုပ်စဉ်ကတည်းက ကျန်းမာရေး အခက်အခဲရှိခဲ့တဲ့အတွက် ထိုင်းနိုင်ငံနဲ့ ကိုရီးယားနိုင်ငံကို သွားလာရင်း ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ခဲ့ပါတယ်”
“အဆက်မပြတ် ကုသမှုခံယူပြီး ကျန်းမာရေးအခြေအနေက များစွာ တိုးတက်လာခဲ့သော်လည်း Rose Quartz ရဲ့ Activity ဆက်လက်ပြုလုပ်ရာမှာ အခက်အခဲရှိနိုင်သည်ဟု ကျွမ်းကျင်သူ အကြံပြုချက်အရ Sungshin ရဲ့ ကျန်းမာရေးအတွက် Rose Quartz တွင် အနုပညာလှုပ်ရှားဖို့ကို စိတ်မကောင်းစွာနဲ့ပဲ ရပ်နားလိုက်ရပါတယ်။ လက်ရှိမှာတော့ Sungshin ဟာ ကိုရီးယားနိုင်ငံတွင် မိဘများနဲ့အတူ အနားယူရင်း ကျန်းမာရေး ပြန်လည် ကောင်းမွန်လာဖို့ကို အားစိုက်လျက်ရှိပါတယ်”လို့ ထုတ်ပြန်ထားပါတယ်။
အချိန် တနှစ်အတွင်းမှာတော့ သဘောတူထားတဲ့ Single သီချင်း ၃ ပုဒ်ဖြစ်တဲ့ “Realize” ၊ “Ra Pa Pam Pam” ၊ “3, 2, 1” စတဲ့ သီချင်းများ ထွက်ရှိခဲ့ပြီး ဖြစ်ပါတယ်။
“စိတ်မကောင်းစရာသတင်းကို အသိပေးဖြစ်တဲ့အတွက် ပရိသတ်များအားလုံး Venus များ အားလုံးကို တခါ ထပ်မံ တောင်းပန်အပ်ပါတယ်။ Rose Quartz member အားလုံးကတော့ ပရိသတ်များရဲ့ ချစ်ခြင်းမေတ္တာနဲ့ ယုံကြည်ပေးမှုများကို ရင်ထဲထည့်ပြီး ကဏ္ဍအမျိုးမျိုးမှာ တက်ကြွစွာ လှုပ်ရှားရင်း အားလုံးရဲ့ မေတ္တာကို တုန့်ပြန်ပေးကြမှာ ဖြစ်ပါတယ်။ ရှေ့လျှောက်ကိုလည်း စိတ်ဝင်တစားနဲ့ ဆက်လက် အားပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်” လို့ JBJ Entertainment က ဆိုထားပါတယ်။
Rose Quartz အဖွဲ့ကတော့ မြန်မာနိုင်ငံမှ နေခြည် ၊ စင်ဒီ ၊ ထိုင်းနိုင်ငံမှ Earn ၊ Eing နဲ့ ကိုရီးယားမှ Sung Shin စတဲ့ မိန်းကလေး ၅ ယောက်နဲ့ ဖွဲ့စည်းခဲ့ပြီး ပရိသတ် အခိုင်အမာ ရရှိထားတဲ့အဖွဲ့လည်းဖြစ်ပါတယ်။
You may also like these stories:
ဘာသာစကား ၃ မျိုးနဲ့ သီဆိုထားတဲ့ “Rose Quartz” ရဲ့ ဒုတိယမြောက် Single သီချင်း
ဂရမ်မီ ဖျော်ဖြေမှုမှ အဆိုတော် Ariana Grande နုတ်ထွက်
လပေါ်သွားမယ့် နာဆာ ခရီးစဉ်အတွက် သီချင်းစာရင်းမှာ BTS အဖွဲ့ သီချင်း ၃ ပုဒ် ပါဝင်
အရက်မူးပြီး ကားမောင်းခဲ့တဲ့အတွက် 2PM အဖွဲ့ဝင် Jun.K ပရိသတ်များကို တောင်းပန်