ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ) ပုံဖော်ရိုက်ကူးထားတဲ့ “အမျှ အမျှ” ရုပ်ရှင်ကား မှာပါဝင်သရုပ်ဆောင်ထားတဲ့ ခန့်စည်သူက ဒီဇာတ်ကားက သရုပ်ဆောင် အနည်းငယ်နဲ့သာ ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်တယ်လို့ ဆိုပါတယ်။
“အမျှ အမျှ ဇာတ်ကားအတွက် ကိုစတီးလ် လာပြောတော့ ကျနော် ဇာတ်လမ်းပုံစံလေး သဘောကျပါတယ်။ ရိုက်လေ့ ရိုက်ထတော့ မရှိတဲ့ ပုံစံလေးပါ။ ဒီကားထဲမှာ ကျနော်တို့ အများကြီး လုပ်စရာလည်း မပါဘူး။ အဓိက ဇာတ်ကိုခေါ်သွားတာ အူဝဲ (အိန္ဒြာကျော်ဇင်) နဲ့ ကလေးသရုပ်ဆောင်တွေပေါ့။ ဒါပေမယ့် ကျနော်ပါတော့ ဇာတ်ကိုပြောင်းသွားစေလို့ ကျနော်လက်ခံ ဖြစ်ခဲ့တာပါ”
“ဒီကားလေးက မိဘမေတ္တာပေါ့။ လူ့ဘဝမှာရှိတဲ့ လူမိဘကလည်း သားသမီးကိုချစ်သလို ဝိညာဉ်ဘဝမှာ ရှိတဲ့ မိခင်ကလည်း သူ့သမီးကို ချစ်တယ်ဆိုတာလေးကို ပြချင်တာပေါ့။ ဒီကားလေး ရိုက်တဲ့အချိန် အမှတ်တရက လူအများကြီး မပါဘူး။ ကျနော်ရယ်၊ အူဝဲရယ်၊ ကလေးသရုပ်ဆောင်ရယ်၊ လင်းဇာနည်ဇော်ရယ်ပဲ ပါတယ်။ တဇာတ်လုံး ဒီလူလေးနဲ့ပဲ ရိုက်သွားတာကတော့ အမှတ်တရပါပဲ”လို့ ခန့်စည်သူက ပြောပါတယ်။
ဇာတ်ကားကြီးတွေ အပြင် ဇာတ်လမ်းတွဲပါ ရိုက်ကူးဖို့ရှိတယ်လို့ဆိုတဲ့ ခန့်စည်သူက “အမျှ အမျှ” ဇာတ်ကားကို လာကြည့်ပြီးတော့ ပရိသတ်အနေနဲ့ ကျန်တဲ့ အမျှတကြိမ်ကို ခေါ်ဆိုပေးဖို့လည်း ဆိုပါတယ်။
“ကျနော်သရဲတို့၊ တစ္ဆေတို့၊ ဝိညာဉ်တို့ တခါမှတော့ မကြုံဖူးဘူး။ မကြုံဖူးလို့ သူတို့ မရှိနိုင်ဘူးလို့တော့ ကျနော် မပြောဘူး။ ၃၁ ဘုံမှာ သူ့ဘုံနဲ့သူ ရှိကြတာပေါ့။ အမျှလိုတဲ့ လူတွေအတွက် အမျှပေးဝေလိုက်လို့ သူတို့ ဘုံဘဝ ပြောင်းသွားမယ်ဆိုရင် ကျနော်တို့လည်း ပေးဝေရမှာပါပဲ”
“အမျှ အမျှ ဇာတ်ကားလေးကို လာကြည့်ပြီးတော့ အမျှတကြိမ် လိုနေပါတယ်။ ပရိသတ်ကြီး လာကြည့်ပြီးတော့ အမျှတကြိမ် ခေါ်ပေးကြပါ။ လတ်တလောမှာတော့ ကျနော် “ဆူးပန်းခွေ သွယ်ဘယက်” ဇာတ်ကားလေး ရိုက်လို့ ပြီးသွားပါပြီ။ နောက် Bo Bo Entertainment နဲ့ ဇာတ်လမ်းတွဲရိုက်ဖို့ ရှိပါတယ်။ ခသုံးလုံးကနေလည်း ဇာတ်ကားတွေ ရိုက်ဖို့ ပြင်ဆင်နေပါတယ်”လို့ ခန့်စည်သူက ပြောပါတယ်။
အနုပညာလောကမှာ အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်ထားတဲ့ ခန့်စည်သူဟာ ၂၀၀၈ ခုနှစ်မှာ “အများနဲ့ မသက်ဆိုင်သောသူ” ဇာတ်ကားကြီးနဲ့ အကယ်ဒမီဆုကို ရရှိထားပါတယ်။ ခန့်စည်သူ ဦးဆောင်တဲ့ မေတ္တာသင်္ဂဟ ပရဟိတ အဖွဲ့ဟာဆိုရင် ၉ နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။